မေ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောညွန့်သောင်း
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ပြင်မရသည့်အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင်များ လက်မှတ်ရေးထိုးရေးအတွက် ကတိကဝတ်များရရှိရန် အချက် ၉ ချက် ကို ညှိနှိုင်းနေခြင်းဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အဖွဲ့ဝင် ဦးဇော်ဌေးက မေလ ၂၇ ရက် နံနက်တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ဖြေကြားခဲ့သည်။
“(နိုင်ငံရေးမူဘောင်)Fromeworkကို ပြင်ဆင်လို့ရပေမယ့် NCA ကို ပြင်ဆင်လို့မရဘူး။ ပြင်လို့မရတဲ့ အတွက် သူတို့ရဲ့ စိုးရိမ်ချက်တွေကို ဘယ်လိုလုပ်မလဲဆိုတော့ နှစ်ဦးနှစ်ဖက်ကြားမှာ ပဋိဉာဉ်ရအောင် ၉ချက်ကို ညှိနေကြတာ။ ကတိက ဝတ်တွေထား နိုင်အောင်လို့ ညှိနေခြင်းဖြစ်တယ်’’ဟု ဦးဇော်ဌေးက ပြောသည်။
NCA တွင် ပါဝင်သည့်အချက်များကို အစိုးရနှင့်တပ်မတော်မှ ပြင်ဆင်ပေးရန်ရှိ၊ မရှိနှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦးမှ မေးမြန်းရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
UNFC ၏ နိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)အဖွဲ့ နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်တို့အကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လျှက်ရှိနေပြီး အချက် ၉ ချက်မှ အချက်တစ်ချို့ပြေလည်မှု ရရှိထားပြီဟုလည်း သိရသည်။
UNFC ၏ အဆိုအရ အပစ်ရပ်လက်မှတ်ရေးထိုးပြီးသည့် နောက်ပိုင်းသဘောတူညီချက်များ မချိုးဖောက်စေရေးနှင့် ပိုပြီးခိုင်မာမှုရှိစေရန်နှစ်ဖက်သဘောတူလက်ခံထားပြီးဖြစ် သော်လည်း အကောင်အထည်ဖော်မည့် နည်းလမ်းများနှင့် ပတ်သက်ပြီး နှစ်ဖက်သဘောထားကွဲလွဲမှုများရှိနေသေးသည်ဟု သိရသည်။
UNFC တောင်းဆိုထားသည့် ချက် ၉ချက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်းနှစ်ဖက်ကြေညာရေး၊ နိုင်ငံရေး ဆွေး နွေးပွဲများတွင် အစိုးရ (အစိုးရ၊ လွှတ်တော်၊ တပ်မတော်)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင်ဖြစ်ရေး၊ အပစ်ရပ်စောင့်ကြည့်ရေးတွင် နိုင်ငံတကာအသိသက်သေများပါဝင်ရေး စသည့်အ ချက်များပါဝင်သည်။
ကျင်းပနေဆဲ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကာလအတွင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး ပွဲများမှ ရရှိလာ သည့် ဆွေးနွေးချက်များနှင့် တပ်မတော်နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ တင်သွင်းသည့် စာတမ်းများကို လုပ်ငန်း ကော်မတီအသီးသီးတွင် ပြန်လည်စုစည်း၍ UPDJC အတွင်းရေးမှူးအဖွဲ့ကို တင်ပြခဲ့သည်။ UPDJC အတွင်းရေးမှူးအဖွဲ့မှ တင်ပြဆွေးနွေးချက်များမှတစ်ဆင့် UPDJC သို့ တင်ပြအတည်ပြုချက်ရယူပြီး ယခုအစည်းအဝေးတွင် UPDJC ကချမှတ် သည့် အချက်များကို ကဏ္ဍအလိုက် ဆွေးနွေးနေခြင်းဖြစ်သည်။
ယခုလက်ရှိတွင် UNFC ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး(LUD)တို့သာ ကျန်ရှိတော့သည်။ အဆိုပါ UNFC အဖွဲ့ဝင်များသည် လက်ရှိကျင်းပနေဆဲဖြစ်သည့် ပင်လုံ ဒုတိယ အစည်းအဝေးသို့ အစိုးရမှ ဖိတ်ကြားခဲ့သော်လည်း တန်းတူရည်တူတက်ရောက်ဆွေး နွေးခွင့်မရှိဘဲ အထူးဖိတ်ကြားသူအဖြစ်သာ ဖိတ်ကြားခဲ့သည့်အတွက် မတက်ရောက်ခြင်းဖြစ်ကြောင်း မေလ ၂၃ရက် ညတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
အစိုးရ၊ တပ်မတော်တို့ကမူ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများအပါ အဝင်၊ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် NCA မူအတိုင်းသာ လုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး မိန့်ခွန်းများတွင် ထည့်သွင်းပြော ကြားထားသည်။
လက်ရှိတွင် အစိုးရနှင့် NCA သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာရှိပြီး မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ဖြစ်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့များသည် မြန်မာပြည် မြောက်ပိုင်းအတွင်းရှိ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် MNDAA၊ မိုင်းလားအဖွဲ့ NDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP / SSA၊ တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် TNLA ၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ ရက္ခိုင့်တပ်မတော် AA နှင့် UNFC မှ ၄ ဖွဲ့တို့ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည်။