စက်တင်ဘာ ၁၅ ရက်၊၂၀၁၆ ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မယ်သဝေါ်ဒေသတွင်ဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခများကို နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်း အဖြေရှာသွားရန် စက်တင်ဘာ ၁၄ ရက်နေ ့တွင် ကရင်အမျိုးသားစည်းရုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ (KUPC)က သဘောထားထုတ်ပြန် တောင်းဆိုလိုက်သည်။
အဆိုပါ သဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်၍ KUPC ကော်မတီဝင်တဦးဖြစ်သူ မန်းအောင်ပြည်စိုးက
“အခု ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ဒုက္ခတွေရောက်နေကြတယ်။ ငြိမ်းချမ်းရေးကိုလည်း ထိခိုက် စေနိုင်တယ်။ ကျနော်တို့ကတော့ စိတ်ပူပင်မိတယ်။ အထူးသဖြင့် ဒီပြဿာနာကို စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းပဲရှိတယ်။ ဒါကြောင့် ကျနော်တို့ ကော်မတီအနေနဲ့ မေတ္တာရပ်ခံရခြင်းဖြစ်တယ်” ဟု ကေအိုင်စီသို့ ယနေ ့ ပြောသည်။
ယင်းထုတ်ပြန်ချက်တွင် အချက် ၃ ချက်ပါဝင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းကြောင့် အများပြည်သူ အတိဒုက္ခရောက် နေသဖြင့် မိမိတို့အလွန်စိတ်မချမ်းမြေ့ဖြစ်ရကာ ဖြစ်ပွားနေဆဲပဋိက္ခများကို လက်နက်ဖြင့် မဖြေရှင်းဘဲ နားလည်းမှုယူ သင်ပုန်းချေကြလျက် စေ့စပ်ညှိနှိုင်းခြင်းနည်းလမ်းဖြင့်သာ အဖြေရှာကြပါရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ဖော်ပြထားသည်။
အလားတူ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ၆၇ နှစ်ကြာဖြစ်ပွားခဲ့ပြီး အချင်းချင်း ပစ်ခတ် တိုက်ခိုက်မှုများ လက်ရှိ အချိန်တွင် မရှိသင့်တော့သလို စစ်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ တိုးပွားလာမည်ဖြစ်ပြီး အမှောက် ပယောဂများ ပါဝင်လာနိုင်သည့်အတွက် စစ်ရေးပဋိက္ခ အမြန်ဆုံးရပ်စဲ စေချင်သည်ဟု ကရင်အမျိုးသားပါတီ (KNP)၊ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက ပြောသည်။
“ကျနော်နိုင်ငံမှာ စစ်ပွဲမရှိသင့်တော့ပါဘူး။ ပြည်သူတွေပဲ နှစ်နာတယ်။ အထူးသဖြင့်တော့ ပြည်သူတွေရဲ့ မျက်နှာကိုကြည့်သောအားဖြင့် စစ်ပွဲတွေအမြန်ဆုံး ရပ်စဲစေချင်တယ်” ဟု ၎င်းက ကေအိုင်စီသို ့ပြောသည်။
တိုက်ပွဲများကြောင့် မြိုင်ကြီးငူသို့လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် KUPC က စက်တင်ဘာ ၁၆ ရက်နေ့တွင် ငွေကျပ် ၂ဝ သိန်း သွားရောက်ကူညီသွားရန် စီစဉ်ထားသည်ဟု ကော်မတီဝင် တဦးဖြစ်သူ မန်းအောင်ပြည်စိုးက ဆက်ပြောသည်။
ကရင်အမျိုးသားစည်းရုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC)ကို် ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ၂၀၁၂ ခုနှစ်တွင် ကော်မတီဝင် ၃၇ ဦးဖြင့် စတင်ပြီးဖွဲ့စည်းခဲ့ပြီး ကရင်ဘာသာရေးခေါင်းဆောင်များ၊ ကရင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သလို လက်ရှိတွင်ကော်မတီဝင် ၇ဝ ဦးထိ တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရသည်။



















