ဩဂုတ် ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
နိုင်ငံများအတွင်းရှိ ကျောင်းသားများအချင်းချင်း ချိတ်ဆက်မှု အားကောင်းရေးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်(ဗကပ)မှ ကိုယ်စားလှယ်အချို့တို့ ဦးစီး၍ ကရင်ပြည်နယ် ကျောင်းသားသမဂ္ဂ(ယာယီ) ကော်မတီတစ်ရပ်ကို ကရင်ပြည် နယ် ဖားအံမြို့၊ မဟာသတိပဋ္ဌာန် မဂ္ဂင်ရိပ်သာကျောင်းတွင် ဩဂုတ်လ ၈ရက်နေ့က ဖွဲ့စည်းပေးခဲ့သည်။
ယင်းသို့ ဖွဲ့စည်းလိုက်သည့် အဆိုပါသမဂ္ဂကော်မတီတွင် ဥက္ကဋ္ဌ မသီရိကိုကို၊ ဒုဥက္ကဋ္ဌ ကိုထက်ဝေယံ၊ အထွေထွေ အတွင်းရေးမှူး မခင်စံပယ်ဝင်း၊ တွဲဘက်အတွင်းရေးမှူး(၁) မသက်စုလဲ့လဲ့၊ တွဲဘက်အတွင်းရေးမှူး(၂) စောအောင်သူရ၊ ဘဏ္ဍာရေးမှူး(၁) မထက်ထက်ဝင်း၊ ဘဏ္ဍာရေးမှူး(၂) မအိအိနိုင်၊ သတင်းနှင့် ပြန်ကြားရေးမှူး မသဲစုစုညွှန့်၊ မှတ်တမ်းနှင့် သုတေသန တာဝန်ခံ မယွန်းဝေဦး၊ စည်းရုံးရေးမှူးများအဖြစ် မသင်းရတနာဝင်း၊ ကိုအောင်ကိုကိုဦးတို့ အပါအဝင် အဖွဲ့ဝင် ၂ဝဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။
သမဂ္ဂကော်မတီ ဖွဲ့စည်းခြင်းအပေါ် ဗကသ အဖွဲ့ချုပ်မှ ကျောင်းသားကိုယ်စားလှယ်ဖြစ်သူ ကိုအောင်ထက်အောင်က “ဒီကရင် ပြည်နယ် ဖားအံက ကျနော်တို့ တိုင်းနဲ့ပြည်နယ် ၁၄ခုမှာ နောက်ဆုံးယူနစ်အနေနဲ့ ချိတ်ဆက်လာတဲ့ ပြည်နယ်ဖြစ်တယ်။ သိပ်မ ကြာတော့တဲ့အချိန်မှာ ဗကသ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံလုံးဆိုင်ရာ သမဂ္ဂညီလာခံတစ်ခု ခေါ်ယူတွေ့ဆုံကြပြီး ဗကသ ကျောင်းသား ဟောင်းကြီးတွေက သမဂ္ဂလူငယ်ကျောင်းသား မျိုးဆက်သစ်တွေထံ လုပ်ငန်းတာဝန်တွေ လွဲပြောင်းပေးအပ်ဖို့လည်း ဆက်လက် လုပ်ဆောင်ဖို့ ရှိတယ်”ဟု ပြောဆိုသည်။
အဆိုပါ ပြည်နယ်ကျောင်းသားသမဂ္ဂ(ယာယီ) ဖွဲ့စည်းသည့် အခမ်းအနားအပြီးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များက ကရင်ပြည်နယ် ကျောင်းသားသမဂ္ဂ(ယာယီ)ကော်မတီထံသို့ သမဂ္ဂအလံ လွှဲပြောင်း လက်ခံခဲ့သည်။ ထို့ အပြင် ကရင်ပြည်နယ် ကျောင်းသားသမဂ္ဂသည် ဗကသ မူငါးချက်ဖြစ်သော ကျောင်းသားထုအခွင့်အရေး၊ ဒီမိုကရေစီ ပညာရေး၊ အမျိုးသားနိုင်ငံရေး(သို့မဟုတ်)စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးတို့ကို လက်ခံယုံကြည်ပြီး လက်ရှိ ကရင်ပြည်နယ် ကျောင်းသားထု အခွင့်အရေးမူကို အထူးအလေးပေး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ် ကြောင်း အခမ်းအနားတွင် သဘောတူခဲ့ကြသည်။
ပြည်နယ်ကျောင်းသားသမဂ္ဂ(ယာယီ) ဥက္ကဌ ဖြစ်လာသူ မသီရိကိုကိုက “ကျမတို့ ပြည်နယ်မှာ သမဂ္ဂဖွဲ့ဖို့ စိတ်တွေ နိုးကြားနေခဲ့ တယ်။ ကျောင်းသားရှိရင် သမဂ္ဂဆိုတာ ရှိရမယ်ဆိုတဲ့ စိတ်ဓါတ် ခံယူထားပြီး ကျမတို့ပြည်နယ်တွင်းက ကျောင်းသားထု အခွင့် အရေးတွေအတွက် သမဂ္ဂမူငါးချက်ကို အလေးအမြတ်ထား အကောင်အထည်ဖော် ဆောင်ရွက်မယ်။ ဒါကြောင့် ဒေသတွင်း တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ ပြည်နယ်သမဂ္ဂနဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါလို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။
၎င်းအပြင် ဗကပ အဖွဲ့ချုပ်အနေဖြင့် ပြည်နယ် သမဂ္ဂလုပ်ငန်းစဉ်များဖြစ်သည့် ဖားအံမြို့ရှိ တက္ကသိုလ်/ ကောလိပ်/သိပ္ပံများတွင် သမဂ္ဂများ ပေါ်ထွန်းလာရေး၊ ကျောင်းသားသမဂ္ဂအသီးသီးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲစည်းမျဉ်းစည်း ကမ်းများရေးဆွဲရေး၊ သမဂ္ဂရွေးကောက်ပွဲကျင်းပပြီး ကျောင်းသားထု ရွေးချယ်တင်မြှောက်သော အလုပ်အမှုဆောင်အဖွဲ့များ ပေါ် ပေါက်လာရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျောင်းသားထုအခွင့်အရေးများ တိုးတက်ရေးအတွက် ကရင်ပြည်နယ် ကျောင်းသားသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တက္ကသိုလ်အသီးသီးရှိ ကျောင်းသားကျောင်းသူများထံ တိုက်တွန်းနိုးဆော် ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ကျောင်းသားသမဂ္ဂများကို ၂၀၁ဝ နောက်ပိုင်း ဖွဲ့စည်းလာခဲ့ ရာ ကရင်ပြည်နယ် ကျောင်းသားသမဂ္ဂ(ယာယီ)ကို ၂၈ကြိမ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနား၌ နောက်ဆုံး ဖွဲ့စည်းခဲ့သည့် ပြည်နယ် ကျောင်းသားသမဂ္ဂတစ်ခု ဖြစ်သည်။