ဩဂုတ် ၁ဝရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ပါဝင်တက်ရောက်နိုင်ခွင့်ရရှိရေးအတွက် ယခင်လ ဇွန် ၁၂ရက်နေ့စွဲဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ခဲ့ရာ၌ ယနေ့အထိ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA က ဩဂုတ် ၁ဝရက်နေ့တွင် ပြောဆိုလိုက်သည်။
DKBA မှ ဗိုလ်မှူးကြီးစောဆန်းအောင်က “အစိုးရဘက်ကနေပြီးတော့ ပင်လုံညီလာခံမှာ အဖွဲ့အားလုံး ပါဝင်ရေးအတွက် လုပ်ဆောင်မယ်လို့ ပြောထားတဲ့အပေါ်မှာ ငြိမ်းချမ်းရေးကိစ္စတွေမှာ ကျနော်တို့လည်း ပါဝင်ချင်တဲ့ ဆန္ဒရှိတဲ့အတွက် တောင်းဆိုတာ ဖြစ်ပါတယ်။ သူတို့ဘက်က ယနေ့အထိ တစုံတရာ အကြောင်းပြန်တာ မရှိသေးပါဘူး”ဟု ကေအိုင်စီသို့ ယနေ့ ပြောဆိုသည်။
အဆိုပါ စာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ညီလာခံအကြိုပြင်ဆင်ရေး ကော်မတီထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး DKBA အနေဖြင့် မကြာမီ ကျင်းပနိုင်ဖွယ်ရှိသည့် ၂၁ ပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်မတော် တစ်ခုအနေဖြင့် ပါဝင်တက်ရောက်လိုကြောင်း တောင်းဆိုထားခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ၂၁ ပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကို ကရင်သတင်းဋ္ဌာန (ကေအိုင်စီ)မှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “စာကို လက်ခံရရှိတယ်လို့ပဲ ကျနော်တို့အနေနဲ့ ပြောလို့ရပါတယ်”ဟုသာ ကေအိုင်စီသို့ ပြန်လည်ပြောဆိုခဲ့သည်။
၂၁ရာစု ပင်လုံညီလာခံတွင် အားလုံးပါဝင်လာနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့ ကြိုးပမ်းမှုများရှိနေဆဲဖြစ်ပြီး ယင်းညီလာခံကို ဩဂုတ် ၃၁ရက်နေ့တွင် စတင်ကျင်းပရန် အစိုးရမှ သတ်မှတ်ထားသော်လည်း အဆိုပါ ရက်သတ်မှတ်မှုမှာ အချိန်စောလွန်းကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဘက်မှ သုံးသပ်ပြောဆိုမှုများရှိနေသည်။
အလားတူ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA ဘက်မှလည်း ပင်လုံညီလာခံ တွင် ပါဝင်တက်ရောက်ခွင့်ရရန် လိုလားသည့်အတွက် ၎င်းတို့၏ အခက်အခဲများ၊ သဘောထားများ၊ တောင်းဆိုချက်များပါဝင်သည့် စာတစ်စောင်ကို ၂၁ ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)ထံ ဇူလိုင် ၁၅ ရက်နေ့က စာတစ်စောင်ရေးသားပေးပို့ခဲ့ကြောင်းလည်း သိရသည်။
တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ တွင် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် အာရှ လမ်းမတိုက်ပွဲများအပြီး ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် DKBAမှ ခွဲထွက်ကာ သီးခြားရပ်တည်နေသည့် ကရင်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည်။
ယင်းသို့ ခွဲထွက်ပြီးနောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ဖော်ဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းမရှိတော့သလို တပ်မတော်၊ ကရင် နယ်ခြားစောင့်တပ်(BGF)တို့နှင့် ကရင်ပြည်နယ် အချို့နေရာများတွင် ယနေ့ကာလအထိ တိုက်ပွဲငယ်လေးများ ဖြစ်ပွားလေ့ရှိသည်။