ဇွန် ၉ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ပြည်နယ်အတွင်းရှိ ကရင်သံဃာတော်များ ဦးဆောင်စီစဉ်မှုဖြင့် ပထမဆုုံးအကြိမ် အနုပညာစာပေ ရေးသားခြင်းသင်တန်းကို ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာ၌ ဇွန်လ ၈ရက်မှ ၁၄ရက်နေ့အထိ ဖွင့်လှစ်ပေးလျှက်ရှိသည်ဟု သင်တန်းဆရာတဦးဖြစ် သူ စာရေးဆရာ စောယောင့်သာအဲဆန်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “ကရင်အများစုဟာ စာပေအနုပညာနဲ့ အလှမ်းဝေးနေတယ်။ တချို့ကိုယ့်ရိုးရာဓလေ့၊ ကိုယ့်မူ၊ ကိုယ့်ဟန်တွေဟာ အခြား လူမျိုးရဲ့ ပုံဖော်မှုအောက်မှာ ရောက်သွားတာ ရှိတယ်။ အခြားလူမျိုးတွေ ပုံဖော်တဲ့အခါမှာ လွှဲမှားတာတွေ ရှိတယ်။ တချို့ကိုယ့် ယဉ်ကျေးမှုတွေက ဂုဏ်ရှိရမယ့်အစား ဂုဏ်ညှိုးသွားတာတွေ ရှိတယ်။ ဒါကြောင့် ကရင်အကြောင်း ကရင်ပဲ အသိဆုံးမို့ ကရင် လည်း ဖွဲ့နွဲ့ပုံဖော်ရေးတတ်လာအောင် ပို့ချပေးချင်တဲ့ဆန္ဒနဲ့ သင်တန်းဖွင့်လှစ်ပေးတာ ဖြစ်တယ်”ဟု သင်တန်း ရည်ရွယ်ချက်ကို ပြောသည်။
တစ်ပတ်ကြာ ဖွင့်လှစ်နေသည့် အဆိုပါသင်တန်းတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္တု စသည့် စာပေအမျိုးအစားများ၏ အခြေခံ သဘောတရားများကို ကရင်၊ ဗမာ နှစ်ဘာသာစလုံးဖြင့် ရေးသားတတ်ရန် သင်ကြားပေးနေပြီး သင်တန်းသို့ ဖားအံ၊ လှှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် စသည့်မြို့နယ်များနှင့် မွန်ပြည်နယ်မှ အပါအဝင် သင်တန်းသူသင်တန်းသား ၆၀ကျော် တက် ရောက်လျှက်ရှိကြောင်း သိရသည်။
လူငယ်အများစု တက်ရောက်နေကြသည့် အဆိုပါသင်တန်း၌ အနာဂတ်ကရင့်ရိုးရာ၊ ယဉ်ကျေးမှုနှင့် စာပေပြန်လည် ဖော်ထုတ် ရေးသားနိုင်ရေးတွင် လူငယ်များလည်း တာဝန်ရှိသောကြောင့် တစိတ်တစ်ပိုင်း အထောက်အကူဖြစ်အောင် ဆက်လုပ်ဆောင် သွားရန် ရည်ရွယ်ထားသည်ဟုလည်း သင်တန်းသားတစ်ဦးဖြစ်သူ စောအဲထီသိုက ကေအိုင်စီသို့ ပြောသည်။
“အခုသင်တန်းက ကရင့်ယဉ်ကျေးမှုတွေကို ရေးသားဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ချက်တာ ဖြစ်တဲ့အတွက် သင်တန်းပြီးရင် ကိုယ့် ဒေသ၊ ကိုယ့်ရိုးရာဓလေ့၊ ယဉ်ကျေးမှုတွေ အများစိတ်ဝင်စားအောင် ရေးသားထုတ်ဖော်ချင်တယ်။ ပညာပေးတဲ့အပိုင်းမှာလည်း စိတ်ဝင်စားအောင်ဖွဲ့နွဲ့ပြီး ရေးရင်စိတ်ဝင်မှုတွေ များလာမယ်၊ အဲဒီ အတွက်လည်း ကောင်းတယ်”ဟု စောအဲထီသိုက ပြောဆို သည်။
လက်ရှိတွင် ကရင်ရဟန်းတော်များ မဂ္ဂဇင်း၊ တက္ကသိုလ် ကရင်ကျောင်းသားများ မဂ္ဂဇင်း၊ နှစ်သစ်ကူးနှင့် ကရင်စာပေယဉ်ကျေး မှုကော်မတီများက နှစ်ပတ်လည်မဂ္ဂဇင်းများနှင့် ကရင်ကဗျာဆရာများ စုပေါင်း၍ ကဗျာစာအုပ်ထုတ်ဝေခြင်းများ ပြုလုပ်နေသော် လည်း အနုပညာစာပေ ရေးသားသည့် မျိုးဆက်သစ် ကရင်စာရေးဆရာများ ပေါ်ထွက်မှုမှာ အားနည်းနေသေးကြောင်း ကရင်စာ ပေအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။
ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံအချို့ တောင်းဆိုမှုရှိသည့်အတွက် ပထမဦးဆုံးအ ကြိမ် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အခြားကရင်လူမျိုးများ အခြေစိုက်ရာ နယ်မြေများ၌လည်း အလားတူ သင်တန်းမျိုး ဆက်လက် ဖွင့် လှစ်ပေးသွားရန် အစီအစဉ်ရှိသည်ဟု ယင်းသင်တန်းဖြစ်မြောက်ရေး ဆောင်ရွက်သူများ၏ ပြောပြချက်အရ သိရသည်။



















