အောက်တိုဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏ CI(မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်)စနစ်ကို ကန့်ကွက်ပြီး ပန်းရောင်ကတ်တစ်ခုတည်းဖြင့် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရရှိရန် အွန်လိုင်းပေါ် အရှိန်ဟုန်မြင့် ပါဝင်လှုပ်ရှားမှု၌ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမား အများအပြား ပါဝင်လာကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။
CI လုပ်ရန် တရားဝင်သတ်မှတ်ကြေးထက် အကျိုးဆောင်ပွဲစားခ အဆမတန်ပေးရသည့်အပြင် မိသားစုထံ လွှဲပြောင်းထားသည့် အလုပ်သမားလစာငွေ ၂၀ ရာခိုင်နှုန်းကို စစ်အုပ်စုထံပြရသည့် စနစ်ပါထပ်တိုးလာခြင်းကြောင့် ငွေကြေးအခက်အခဲဖြစ်လာ၍ ပန်းရောင်ကတ်တစ်ခုတည်းဖြင့်သာ နေထိုင်အလုပ်လုပ်ခွင့်ပေးရန် ရွေ့ပြောင်းအလုပ်သမားများက တောင်းဆိုနေကြခြင်းဖြစ်သည်။
“CI လုပ်ရမယ်ဆိုရင် ကျနော်တို့မှာ အခက်အခဲအများကြီးရှိတယ်။ ကုန်ကျစရိတ်က အနည်းဆုံး ၈ ထောင်လောက်ရှိပြီ။ ဝေါ့ပါမစ်သက်တမ်းတိုးခလည်း ကုန်အုံးမယ်ဆိုတော့ အဆင်မပြေဘူး။ ဒါကြောင့် CI ကိုဖျက်သိမ်းဖို့ ပါဝင်တောင်းဆိုတာ”ဟု ကမ်ပိန်းတွင်ပါဝင်သည့် ကိုအောင်ခိုင်က ပြောသည်။
CI သည် နိုင်ငံကူးလက်မှတ်မရှိသည့် ထိုင်းရောက်မြန်မာများ နိုင်ငံအတွင်းမည်သည့်နေရာ၌မဆို ယာယီသွားလာနိုင်ရန် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံသည့်အနေဖြင့် မြန်မာစစ်အုပ်စုနှင့်ထိုင်းအစိုးရပေါင်းပြီး ပတ်စ်ပို့အစားထိုး ထုတ်ထားပေးသည့် စာအုပ်ဖြစ်သည်။

လက်ရှိ CI မသုံးဘဲ ပန်းရောင်ကတ်တစ်ခုတည်းဖြင့်နေရရေး လှုပ်ရှားမှုတွင် CI စာအုပ်ဖျက်သိမ်းရန်အပြင် ပန်းရောင်ကတ်တစ်ခုတည်းဖြင့် ဝေါ့ပါမစ်တွဲ၍ တရားဝင်အလုပ်လုပ်ခွင့်ပေးရန်နှင့် Visa(နေထိုင်ခွင့်)ပါ ထုတ်ပေးနိုင်ရေးစသည့် တောင်းဆိုချက်များဖြင့် ပါဝင်လှုပ်ရှားမှုပြုလုပ်သည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ပြောခွင့်ရ ဦးမိုးကျော်က “CI စာအုပ်လုပ်တဲ့အခါမှာ တရားဝင်သတ်မှတ်တဲ့နှုန်းထက် ၂ဆ ၃ဆ ပိုပေးနေရတာရှိတယ်။ ပွဲစားတွေ အလိမ်ညာခံရပြီး ပိုက်ဆံအများကြီးကုန်ပြီး သောကရောက်ရတဲ့အလုပ်သမားတွေရှိတယ်။ အလုပ်သမားတွေက သူတို့မကျေလည်တဲ့အခါ ဒီလှုပ်ရှားမှုထဲမှာ ပါလာတယ်လို့မြင်တယ်”ဟု ကေအိုင်စီသို့ပြောသည်။
Myanmar Migrant Workers’ Representative Coordinating Committee in Thailand (MMWRCCT) က ဦးဆောင်ကာ ယမန်နေ့ အောက်တိုဘာလ (၁၈) ရက်နေ့က စတင်ပြုလုပ်လာသည့် အဆိုပါကမ်ပိန်းတွင် ပါဝင်သူများသည် မြန်မာ၊ ထိုင်း၊ အင်္ဂလိပ် ၃ ဘာသာဖြင့် ဖော်ပြထားသော တောင်းဆိုချက်(၄)ချက်ပါ ဘန်နာများဆောင်ကာ လူမှုကွန်ယက်စာမျက်နှာတွင် ပုံရိုက်ပြီး တောင်းဆိုကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းအစိုးရသည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် CI ထုတ်ပေးရန် တရားဝင် သတ်မှတ်ကြေး ၂,၆၆၀ ဘတ် သတ်မှတ်ထားပြီး လက်ရှိတွင် CI ပြုလုပ်ရမည့် စခန်း(၅)ခု ဖွင့်လှစ်ထားခြင်းရှိသည်။


















