Home သတင်း မိခင်နှင့်သမီးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ရန် ကြံစည်သူ KNLA တပ်ဖွဲ့ဝင်(၂) ဦးကို ပြစ်မှုထင်ရှားပါက ကေအဲန်ယူ ထိရောက်စွာ အရေးယူမည်

မိခင်နှင့်သမီးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ရန် ကြံစည်သူ KNLA တပ်ဖွဲ့ဝင်(၂) ဦးကို ပြစ်မှုထင်ရှားပါက ကေအဲန်ယူ ထိရောက်စွာ အရေးယူမည်

15
ပုံစာ- ဒူးသထူခရိုင်၊ သထုံမြို့နယ်အတွင်းရှိ ရွာလမ်းတစ်နေရာ-(ပုံဟောင်း)

အောက်တိုဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ သထုံမြို့နယ်နေ မိခင်နှင့်သမီးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ရန် ကြံစည်သူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်(၂) ဦးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ပြစ်မှုထင်ရှားပါက ထိရောက်စွာအရေးယူမည်ဟု ကေအဲန်ယူ သထုံခရိုင်ဘက်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ(၁)ရက် ညပိုင်းက သထုံမြို့နယ်၊ တရွဲခီးကျေးရွာအုပ်စု၊ ထီးပူဝါးကျေးရွာအနီးရှိ ရော်ဘာခြံအတွင်း နေထိုင်သည့် အသက်(၄၀)အရွယ် မိခင်နှင့် အသက်(၁၆) နှစ်အရွယ် သမီးဖြစ်သူတို့၏ တဲအိမ်အတွင်းသို့ KNLA တပ်ရင်း (၂) မှ ဗိုလ်တစ်ဦးနှင့် ရဲဘော်တစ်ဦးတို့ အတင်းအဓမ္မ ဝင်ရောက်ကာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်ပြီးနောက် ကေအဲန်ယူ တာဝန်ရှိသူများက ၎င်းတပ်ဖွဲ့ဝင်(၂)ဦးကို တပ်မဟာရုံးသို့ ပို့ဆောင်ကာ ထိတ်တုံးခတ် အချုပ်ချထားသည်။ လက်ရှိတွင် မြို့နယ် ကရင်အမျိုးသမီးအစည်းအရုံး(KWO)နှင့် ကရင်ရဲတပ်ဖွဲ့(KNPF)တို့ပါဝင်သော အဖွဲ့က နှစ်ဖက်ထွက်ဆိုချက် ရယူစစ်ဆေးနေသည်ဟု တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမြင့်ထွေးက ပြောသည်။

“သူတို့ပြောတာက သူတို့လုပ်တာမဟုတ်ဘူးဆိုပေမဲ့ တပ်ပိုင်းကပဲ သွားစစ်တာ မဟုတ်ဘူး။ ရဲဘက်ရော အမျိုးသမီးအစည်းအရုံးရော သွားစစ်ခိုင်းထားတယ်။ နှစ်ဖက်စလုံး စစ်ပြီးမှ ကျနော်တို့က အရေးယူလို့ရမယ်။ အခုလောလောဆယ်တော့ အချုပ်ထဲ ထည့်ထားတယ်” ဟု ဗိုလ်မှူးချုပ်စောမြင့်ထွေးက ပြောသည်။

တပ်ဖွဲ့အတွင်း စစ်စည်းကမ်းဥပဒေများ သတ်မှတ်ထားပြီးဖြစ်သဖြင့် ပြစ်မှုမြောက်ကြောင်း တွေ့ရှိပါက ယင်းဥပဒေများနှင့်အညီ အရေးယူသွားမည် ဖြစ်သည်ဟု ကေအဲန်ယူက သထုံခရိုင်ဘက်က ဆိုသည်။

ထို့အပြင် မုဒိမ်းမှုမြောက်ခြင်းရှိ၊ မရှိ စုံစမ်းနေဆဲဖြစ်သော်လည်း အခြား စစ်စည်းကမ်း ချိုးဖောက်မှုများ ရှိပါက စစ်ခုံရုံးဖွဲ့စည်း၍ အရေးယူနိုင်ကြောင်း ဗိုလ်မှူးချုပ် စောမြင့်ထွေးက ဖြည့်စွက်ပြောသည်။

တပ်မဟာ (၁) နယ်မြေတွင် ယခင်ကလည်း အလားတူဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးပြီး အချို့မှာ မြို့နယ်အဆင့်၌သာ ငွေကြေးပေးကာ ဖြေရှင်းခဲ့ခြင်းနှင့် ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ခြင်းမရှိဘဲ ပြန်လွှတ်ပေးခဲ့သည့် သာဓကများကြောင့် ယခုအမှုအပေါ် ထိရောက်သည့် အရေးယူမှုမရှိမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ဖြစ်စဥ်အ‌ခြေအ‌နေများကို ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ထုတ်ဖြေရှင်းနိုင်ရန်လည်း ဒေသခံများက လိုလားလျက်ရှိသည်။

အောက်တိုဘာ(၁)ရက်နေ့က ဖြစ်စဉ်တွင် အဓမ္မပြုကျင့်မှုမြောက်ခြင်း ရှိ၊ မရှိထက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန် ကြံစည်ခဲ့မှုအပေါ် အလေးထားစစ်ဆေးပြီး အရေးယူမှုကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် လိုအပ်သည်ဟု ဒေသခံတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးက “အရပ်ဖက်ခုံရုံးဖြစ်ဖြစ်၊ စစ်ဖက်ခုံရုံးဖြစ်ဖြစ် ပွင့်လင်းမြင်သာမှုရှိဖို့ လိုမယ်။ အဓမ္မကျင့်မှု မြောက်သည်ဖြစ်စေ၊ မမြောက်သည်ဖြစ်စေ ဒါဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်တဲ့အတွက် အရေးယူရမှာပါ။ အရင်တုန်းကလည်း နားလည်မှုပေးတာများတော့ အမှားကျူးလွန်သူတွေကို အခွင့်အရေး ပိုပေးသလို ဖြစ်ခဲ့တယ်။ ဒါကြောင့် အမျိုးသမီးနဲ့ ကလေးတွေပဲ အများဆုံး ခံနေရတာမို့ အမှန်တရားနဲ့ မျှတမှုကိုပဲ ရချင်ပါတယ်” ဟု ပြောသည်။

ယခုလို ဖြစ်စဉ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေသည့်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး (KWO)က တိုက်တွန်းထားသည်။

ထို့အတူ မြို့နယ်နှင့် ခရိုင်အဆင့်တွင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည့် ကြီးလေးသောပြစ်မှုများဖြစ်ပါက ဗဟိုတရားရေးဌာနအဆင့်အထိ မဖြစ်မနေ တင်ပြကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရမည် ဖြစ်သည်ဟု KWO က ဆိုသည်။