ဧပြီ ၉ ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့် NCA စာချုပ်အရ အကောင်အထည်ဖော်ရမည့် ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC-S ကို ဆက်လက်ဖွဲ့စည်းနိုင်ရန် ၎င်းတို့တပ်မဟာ ၅ နှင့် ၇ မှ စစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဧပြီ ၇ရက်မှ ၈ ရက်နေ့အထိ KNU ဖားအံခရိုင်၊ သေ့ဘေထတွင် ပြုလုပ်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲအပေါ် KNU မှ JMC နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ပဒိုစောအယ်ကလူစေးက “ကျနော်တို့အနေနဲ့ ကျန်ရှိတဲ့ မွန်နဲ့ကရင်ပြည်နယ်တွေမှာ JMC ဆက်ပြီး ဖွဲ့စည်းဖို့ရှိပါတယ်။ မဖွဲ့စည်းခင်မှာ JMC နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေအပေါ် သက်ဆိုင်တဲ့ ခရိုင်၊ မြို့နယ်၊ တပ်မဟာ ကခေါင်းဆောင်တွေကို ရှင်းလင်းချပြပြီး ဆွေးနွေးတာဖြစ်ပါတယ်״ဟု ကေအိုင်စီသို့ ပြောသည်။
နှစ်ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲတွင် JMC ၏ ဖွဲ့စည်းပုံ၊ အခြေခံမူများ၊ လုပ်ငန်းတာဝန်များအပြင် နှစ်ဖက် လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တက်ရောက်လာ သည့် ခရိုင်နှင့် တပ်မဟာများရှိ ခေါင်းဆောင် ၅ဝ ကျော်တို့မှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး KNU ဖာပွန်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ခေါင်းဆောင် တွေအနေနဲ့ ဒီလိုကိစ္စတွေအပေါ်မှာ အချိန်မယူဘဲ အဆောတလျင် လုပ်လိုက်တာ အားနည်းချက် ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဖက်ခေါင်းဆောင်တွေက စေတနာမှန်မှန်နဲ့ တိတိကျကျ လုပ်မယ်ဆိုရင် အဆင်ပြေနိုင်မယ့်အနေအထားတော့ ရှိတယ်״ဟု ပြောသည်။
KNU အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC-S ကို ဘိတ်-ထားဝယ် ခရိုင် တစ်ခုတည်းသာ ဖွဲ့စည်းထားနိုင်သေးသည့်အတွက် ကျန်ရှိသည့် တပ်မဟာ များရှိရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ယခုလအတွင်း ဆက်လက်ဖွဲ့စည်းနိုင်ရန်ကြိုး ပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC ကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး (သို့)ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့် စသည်ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည့်အတွက် ၎င်းနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို KNU မှ မွန်ပြည်နယ်အတွင်း ပါဝင်သည့် KNLA တပ်မဟာ ၁ နှင့် ၆ တို့အတွက် ပြီးခဲ့သည့် မတ်လ ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။



















