ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၅ ခုနှစ်။ စောထွန်းလင်း
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)ကို လက်ခံသလို NLD အစိုးရ ဖြစ်လာသည့်အချိန်တွင် ရှိနေသည့် အနေ အထားနှင့် ကိုက်ညီမည့် ပြုပြင်မှုလုပ်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း ယနေ ့ နေပြည်တော်၌ သူမနှင့် တွေ့ဆုံရာတွင်ပါဝင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို ့ပြောသည်။
ယနေ ့နေပြည်တော်၊ လွတ်တော်ရုံးခန်း၌ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို ့တွေ့ဆုံစဉ် သူမက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ NCA ကို သူလက်ခံပါတယ်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို သူလက်ခံပါတယ်။ ဒါပေမဲ့ သူ့အစိုးရတက်တဲ့အချိန်မှာ ရှိနေတဲ့အနေအထားနဲ ့ကိုက်ညီတဲ့ လိုအပ်မှုတွေကို သူက ပြုပြင်မှုတော့ လုပ်မယ် လို့ပြောပါတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို ့ပြောသည်။
ယနေ ့မွန်းလွဲ ၁၂ နာရီကျော်မှ ၁ နာရီခွဲခန် ့ထိတွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့၈ ဖွဲ့က လက်ရှိဆောင်ရွက်နေသည့် အပစ်အခတ်ရပ်စဲရေး၊ NCA အကောင်အထည်ဖော်မှု၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး မူဘောင်ရေးဆွဲပြီးဆွေးနွေးပွဲ စတင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များဘက်က ပြောသည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးအပေါ်ရပ်တည်ချက်၊ မူဝါဒ များကိုပြန်လည်ဆွေးနွေး ခဲ့ပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လုပ်သွားမည်ဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန် ငြိမ်းချမ်းရေး ရအောင်ကြိုးစား ဆောင်ရွက်မည်ဖြစ်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပြည်သူများ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည်ဟု ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့အပြင် သူမအနေဖြင့် NCA ကိုလက်ခံသော်လည်း NCAတွင် အသိသက်သေအဖြစ် လက်မှတ်မထိုးခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား နားလည်မှုလွဲကာ စိတ်ဝမ်းကွဲမှုဖြစ်မည်စိုးသည့်အတွက် ဖြစ်သည်ဟု ပြောခဲ့ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောသည်။
လက်ရှိ NCA စာချုပ်ပါအတိုင်း နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန်၊ ဆွေးနွေးပွဲမူဘောင်ကို အတည်ပြုနိုင်ပြီးဖြစ်သလို လာမည့် ဇန်နဝါရီလတွင် နိုင်ငံရေးဆွေးနွေးပွဲစတင်ပြုလုပ်ရန်ရှိပြီး နောက်ပိုင်းတွင် ရွေးကောက်ပွဲအနိုင်ရ NLD က ဖွဲ့စည်းမည့်အစိုးရမှ ဆက်လက်တာဝန်ယူသွားရမည့် အလားလာရှိနေကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များဖြစ်သည့် ပဒိုစောကွယ်ထူးဝင်း၊ ဒေါက်တာဆလိုင်းလျန်မုန်း၊ ဒေါ်စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ ရဲဘော်မျိုးဝင်း၊ စိုင်းဘောင်ခေး၊ စောကျော်ညွန် ့၊ စောစိန်ဝင်း တို ့ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ဗဟို အလုပ်မှုဆောင် ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်နှင့် ဗဟိုကော်မတီဝင်များဖြစ်သည့် မန်းဂျော်နီ၊ ဦးနိုင်ငံလင်း၊ ဦးဖြိုးဇေယျာသော် တို ့ပါဝင်ကြောင်း သိရသည်။



















