Home သတင်း KNU တပ်မဟာ(၁)လက်‌အောက်ခံတပ် နှင့် အစိုးရတပ်တို့ တင်းမာမှုဖြစ်

KNU တပ်မဟာ(၁)လက်‌အောက်ခံတပ် နှင့် အစိုးရတပ်တို့ တင်းမာမှုဖြစ်

2739

ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ တပ်မဟာ(၁) ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA) တပ်ရင်း(၁) နှင့် မြန်မာအစိုးရစစ်တပ် တပ်မ ၂၂ လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ (၂၀၉)တပ်ရင်းတို့ နယ်‌မြေအငြင်းပွားမှုပြဿနာ‌ကြောင့် ဒီဇင်ဘာ ၁၆ ရက်‌နေ့က နှစ်ဖက်တင်းမာမှုများ ဖြစ်ပွားခဲ့‌ကြောင်း KNLA ဘက်က ယ‌နေ့ ‌ပြောသည်။

ကရင်ပြည်နယ် KNU တပ်မဟာ(၁) နယ်‌မြေ ဖားအံမြို့နယ် ဝါးဘိုး‌တောမှ ကမ‌မောင်းသို့ သွား‌သောလမ်း ဆင်ကျ‌တောင်အနီး၌ ဒီဇင်ဘာ ၁၆ ရက်‌နေ့၊ ည‌နေ ၅ နာရီ အချိန်ခန့်တွင် ထိုသို့ နှစ်ဖက်တင်းမာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မဟာ(၁) KNLA တပ်ရင်း (၁)ရုံး ထိုင်မှူး ဗိုလ်ကြီး ‌စောထင်ရဲက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ပြီးခဲ့တဲ့ တစ်ရက်က အစိုးရတပ်က လမ်းကင်းယူရင်း ကျ‌နော်တို့ တပ်ခွဲက ဒုခွဲမှူးနဲ့‌တွေ့‌တော့ ကျ‌နော်တို့ စခန်းနဲ့ လွှင့်ထားတဲ့ အမျိုးသားအလံကို ဖြုတ်ခိုင်းတာကိုး၊ သူတို့က လူကြီးလာရင် အမြဲအလံဖြုတ်ခိုင်းတယ်။ ကျ‌နော်တို့လည်း ကျ‌နော်တို့‌နေရာဆို‌တော့ မဖြုတ်‌ပေးဘူး။ အဲဒီအတွက်‌ကြောင့် နည်းနည်း‌လေး တင်းမာမှု ဖြစ်တာပါ”ဟု ‌ပြောသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး‌နောက် တပ်မဟာ(၁) KNLA တပ်ရင်း (၁)ရုံး ထိုင်မှူး ဗိုလ်ကြီး‌စောထင်ရဲ အပါအဝင် ‌ထောက်လှမ်း‌ရေးမှူး နှင့် ခမရ (၂၀၉)တပ်ရင်းမှူး ဗိုလ်မှူးညီညီ‌ဆွေတို့ ‌ဆွေး‌နွေးညှိနှိုင်း ‌သော်လည်း ‌ပြေလည်မှု မရရှိ‌သေးသဖြင့် KNU သထုံခရိုင် တာဝန်ရှိသူများနှင့် တပ်မဟာ(၁)တပ် ဖက်ဆိုင်ရာ တာဝန်ရှိသူများထံ အသိ‌ပေးအ‌ကြောင်းကြားထား‌ကြောင်း သိရသည်။

လတ်တ‌လောတွင် မြန်မာ့တပ်မ‌တော်မှ ပြုလုပ်‌နေကျ တပ်‌ပြောင်းလဲမှု အ‌ခြေအ‌နေများအရ ဒီဇင်ဘာ ၁၇ ရက်‌နေ့၊ မနက်ပိုင်းတွင် ယင်း‌ဒေသရှိ ခမရ (၂၀၉)တပ်ရင်းအစား ခမရ(၂၀၈) တပ်ရင်း အစားထိုး ဝင်‌ရောက်လာ‌ကြောင်း KNLA တပ်ရင်း (၁)မှ တာဝန်ရှိသူများက ‌ပြောဆိုကြသည်။

အဆိုပါ ဖြစ်စဉ်များ‌ကြောင့် ‌ဒေသခံများအ‌နေဖြင့် စိုးရိမ်မှုများဖြစ်‌ပေါ်‌နေသလို ယခုနယ်‌မြေ အငြင်းပွားသည့် ‌နေရာတွင် KNU တပ်မဟာ(၁) သထုံခရိုင် KNLA တပ်ရင်း(၁) လက်‌အောက်ခံ တပ်ခွဲနှစ်ခွဲ စခန်းချထားပြီး အစိုးရတပ်နှင့် မျက်နှာချင်းဆိုင် အ‌နေအထားတွင် ရှိ‌နေ‌ကြောင်း သိရသည်။