ဩဂုတ် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းမှတဆင့် နေ့စဉ် မြန်မာအလုပ်သမားများ သိန်းချီ၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည့် မဲဆောက်ဗဟိုပြု အထူးစီးပွားရေးဇုန်စီမံကိန်းတစ်ခုကို စတင် လုပ်ဆောင်နေပြီဖြစ်သည်ဟု ထိုင်း အစိုးရ၏လက်ထောက် တာ့ခ်ခရိုင်ဝန် နိုင်ဆွတာစိုင်ဝါနစ်က ယနေ့ ဩဂုတ်လ ၂၆ရက်နေ့တွင် ပြောဆိုလိုက်သည်။
အဆိုပါ စီမံကိန်းကို ထိုင်းနိုင်ငံရှိ မဲဆောက်အပြင် မယ်လမတ်၊ ဖုတ်ဖရ စသည့်မြို့နယ်တို့တွင် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု မဲဆောက်မြို့ရှိ စင်ထရယ်ဟိုတယ်၌ ပြုလုပ်သည့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် လက်ထောက် တာ့ခ်ခရိုင်ဝန်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ သုံးမြို့နယ်မှာ တည်ဆောက်သွားမယ့် အထူးစီးပွားရေးဇုန်စီမံကိန်း မတိုင်မီနဲ့ အပြီးမှာ မြန်မာ ဘက်ကနေ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေ မနက်သွား၊ ညပြန် စနစ်နဲ့ ထိုင်းဘက်ခြမ်းမှာ နေ့စဉ် အလုပ်ဆင်းနိုင်မှာဖြစ်သလို နိုင်ငံတကာစံချိန်များနှင့်အညီ ခံစားခွင့်တွေကိုလည်း ရရှိမှာဖြစ်တယ်”ဟု နိုင်ဆွတာစိုင်ဝါနစ်က သတင်းထောက်များကို ပြောဆို သည်။
ယခုလမှစ၍ စီမံကိန်း စတင်အကောင်အထည်ဖော်နေပြီဖြစ်သည့် မဲဆောက်အထူးစီးပွားရေးဇုန်တွင် မဲဆောက်-မြဝတီကို ဆက် သွယ်မည့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားတစ်စင်း နိုင်ငံတကာစံချိန်မီ လေယာဉ်ကွင်းတခုနှင့် စီးပွားရေးဇုန် အပါအဝင် ဟိုတယ်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အလုပ်ရုံများ၊ လူနေရပ်ကွက်ကြီးများ၊ ခေတ်မီအဝေးပြေးလမ်းမကြီးများ ကားဂိတ်ကြီးများ နှင့် အခြားအဆင့်မြင့် စီမံကိန်းလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်ဟု တာဝန်ရှိသူများက ယနေ့ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတက်ရောက်သည့် ထိုင်းနိုင်ငံအစိုးရ၏ မြို့တည်ဆောက်ရေးဋ္ဌာန၏ ညွန်ကြားရေးမှူး နိုင်ကျတုရုန်ဖူပရဆေ့ဝမ်က “မဲ ဆောက် အထူးစီးပွားရေးဇုန်က ထိုင်းနိုင်ငံမှာ ပထမဆုံး တည်ဆောက်တာဖြစ်ပြီး အလားတူ စီမံကိန်း ၅ခုကိုလည်း ထိုင်းနိုင်ငံရဲ့ အခြားဒေသတွေမှာ တည်ဆောက်ဖို့ရှိတယ်။ အားလုံးကတော့ အစိုးရရဲ့ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းစဉ်တွေ ဖြစ်တယ်” ဟု ဆိုသည်။
၎င်းအထူးစီးပွားရေးဇုန်စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတွင် စီမံကိန်းတည်ဆောက်ရေး တာဝန်ရှိသူများက ဒေသခံများနှင့် လာ ရောက်တွေ့ဆုံကာ လုပ်ငန်းစဉ်များကို ချပြဆွေးနွေးပြီး ဒေသခံများနှင့် လိုအပ်သည့် ညှိနှိုင်းမှုများအတွက် သဘောထားများရယူ ကာ ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတက်ရောက်သည့် ဒေသခံကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးက “ဒီမံကိန်းကြောင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြ တဲ့ ဒေသခံတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ မရှိရအောင် ဒီဆွေးနွေးပွဲကို လာရောက်ဆွေးနွေး တင်ပြရခြင်းဖြစ်တယ်”ဟု ပြောဆို သည်။
စီမံကိန်းတာဝန်ရှိသူတဦးက မဲဆောက်အထူးစီးပွားရေးဇုန်သည် မဲဆောက်မှတဆင့် ဗီယက်နမ်နိုင်ငံ၊ ဒါနမ်းဆိပ်ကမ်းမြို့မှတဆင့် စပိန်နိုင်ငံအထိ တိုက်ရိုက် ခရီးပေါက်မည်ဖြစ်သလို မဲဆောက်-မြဝတီနယ်စပ်မှတဆင့်၊ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံများမှတဆင့် ဥရောပနိုင်ငံများအထိ ခရီးပေါက်မည်ဖြစ်သောကြောင့် ဒေသတွင်း ကုန်သွယ်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေမည်ဟု ဆိုသည်။