မန်းဝင်းမောင် (တွဲဖက် အတွင်းရေးမှူး-၁ ၊ ပန်းတနော်မြို့နယ် စာ/ယဉ်ကော်မတီ)
ကျနော်တို့ပန်းတနော်ဘက်မှာဆိုရင်တော့ ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ(တစည)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်အမျိုးသားပါတီ(KNP)နဲ့ တောင်သူလယ်သမားပါတီဆိုပြီး ပါတီ ၆ခုတို့က ဝင်ပြိုင်ကြဖို့ရှိပေမဲ့ ဘယ်သူဝင်ပြိုင်မလဲဆိုတာတော့ မသိသေးဘူး။ မဲပေးဖို့ကျတော့ ကျနော့်တစ်ဦးတည်း အယူအဆ အရဆိုရင် ပါတီမရွေးဘူး။ လူကိုရွေးမှာ။ ဘာဖြစ်လဲဆိုတော့ ဒီပန်းတနော်မြို့နယ်မှာ ကရင်လူဦးရေ များတယ်။ အဲ့ဒီပါတီ ၆ခုလုံး ကလည်း ကရင်တွေရှိတယ်။ ဒီပါတီတိုင်းက ကရင်ကိုယ်စားလှယ်လောင်းတွေ ကရင့်မဲရရေးအတွက် ကြိုးစားကြတဲ့အခါ ဝင်ပြိုင် မဲ့ ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးကို ကြည့်မယ်။ အရင်တုန်းက ပန်းတနော်မြို့နယ်မှာ ကျနော်တို့ကရင်လူမျိုးအတွက် ဘယ်လောက်ထမ်းဆောင်ခဲ့သလဲ။ အခုလက်ရှိရော မြို့နယ်အတွက်၊ ကရင်လူထုအတွက် ဘယ်လောက်အထိ ထမ်းဆောင်နေ သလဲ။ နောက် အနာဂတ်အတွက်ရော ဘယ်လောက်အထိ လုပ်ဆောင်ပေးနိုင်မလဲ။ ဒီအပေါ်မှာကြည့်ပြီး ကျနော်ရွေးမယ်။
ကရင်ပါတီက ၅ပါတီလောက်ဖြစ်နေတော့ အတတ်နိုင်ဆုံး စုစုစည်းစည်းနဲ့ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကရင်လူမျိုး လွှတ်တော်အမတ်တွေ လွှတ်တော်ထဲများများရောက်မှ ကိုယ့်ရဲ့လူမျိုးအကျိုးစီးပွားကို များများလုပ်နိုင်မှာပေါ့။ ကိုယ့်အချင်းချင်း မသင့်မြတ်ရင် ကြားလူက စားသွားမယ်။ ဒါကြောင့်မို့ ပါတီတွေအနေနဲ့လည်း ခေါင်းဆောင်ပိုင်းတွေ ပါတီကွဲ ဒေသကွဲ လူမျိုးကွဲ မရှိကြဘဲ စုစည်းညီညွတ်စွာနဲ့ အမျိုးသားအကျိုးစီးပွားအတွက် တစ်သံထဲထွက်ပြီး လွှတ်တော်ထဲမှာ ကရင်အမျိုးသားအမတ် များများရောက်နိုင်အောင် စုစည်းကြဖို့ တိုက်တွန်းချင်ပါတယ်။
ဧရာဝတီတိုင်းက မြို့နယ် ၂၆မြို့နယ်ထဲမှာဆိုရင် ပညာရေးအစ စီးပွားရေးအဆုံး ကျနော်တို့ ပန်းတနော်နဲ့ သာပေါင်းမြို့ နယ်က အဖက်ဖက်မှာ အနိမ့်ကျဆုံးပဲ။ အဲလိုနိမ့်ကျနေတဲ့ အခြေအနေမျိုးကို ဘယ်သူက၊ ဘယ်ပါတီက ဆွဲတင်ပေးနိုင်မလဲ။ ထိန်းသိမ်းပေးနိုင်မလဲဆိုတာက အဓိကပါ။ ပန်းတနော်ဘက်မှာက ကရင်လူမျိုးတွေများတဲ့အတွက်ကြောင့် ဒီကရင်ယဉ်ကျေးမှု ဆိုင်ရာ ကရင်တွေရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းမျိုး တကယ်လုပ်ပေးစေချင်တယ်။ ကရင်အများစုက စီးပွားရေး အရမ်းနိမ့်ကျတယ်။ ပန်းတနော်မှာ ဆင်းရဲတဲ့သူအများစုက ကရင်တွေဖြစ်တော့ ကရင်တွေရဲ့ ဆင်းရဲမွဲတေမှုတွေကို ပြန်ပြီးတော့ မြှင့်တင်ပေးစေလို တယ်။ မြို့နယ်လုံး ဖွံ့ဖြိုးမှုတွေကို လုပ်ပေးစေချင်တယ်။ အထူးသဖြင့် ပညာရေးဘက်မှာ အားနည်းနေတယ်။ တစ်ဆက်တည်းမှာ ပဲ ယဉ်ကျေးမှုဆိုင်ရာ ထုံးထမ်းအစဉ်အလာတွေကို ထိန်းသိမ်းမှု အားနည်းလာတယ်။ အခုသူတို့ (အစိုးရ)လုပ်နေတဲ့ ဆင်းရဲမွဲ တေမှုလျော့ချရေးကိုလည်း ထိထိရောက်ရောက် လုပ်စေချင်တယ်။ ကျနော်တို့ဒေသမှာ မြစ်ချောင်းအင်းအိုင်ပေါတော့ လမ်းပန်း ဆက်သွယ်ရေးက ခက်ခဲတယ်။ ဒါတွေကို ကြိုးစားလုပ်ပေးရင်တော့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒနဲ့တစ်ထပ်တည်း ဖြစ်ပါလိမ့်မယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမျှတတယ်၊ မမျှတဘူး။ လွတ်လပ်တယ်၊ မလွတ်လပ်ဘူးဆိုတာ ပြောဖို့စောသေး တယ်။ ဒီနှစ်အခင်းအကျင်းအပေါ် ကြည့်မယ်ဆိုရင် သဘာဝဘေးအန္တရာယ်ကလည်း တစ်တိုင်းပြည်လုံးအနေအထား ဖြစ်နေ တယ်။ နောက်ပြီး အာဏာရ ကြံ့ခိုင်ရေးပါတီကလည်း ခေါင်းဆောင်ပိုင်း အကွဲအပြဲတွေ၊ အပြောင်းအလဲတွေ ရှိတဲ့အပေါ်ရယ်၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ NCA လက်မှတ်ထိုးဖို့ဆိုတာကလည်း မသေချာ၊ မရေရာတဲ့ အနေအထားမျိုးလို့ ကြားနေရတယ်။ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်မယ်ဆိုရင် ၂၀၁၅ရွေးကောက်ပွဲဟာ ကျနော်တို့လိုချင်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု ရှိနိုင် မလားဆိုတဲ့ သံသယဖြစ်နိုင်စရာတော့ ပြောလို့ရတယ်။ ၂၀၁၀ရွေးကောက်ပွဲတုန်းက ဥပဒေက မည်သို့ပင်ဆိုစေကာမူ မဲပေးတဲ့ မဲဆန္ဒရှင်တွေရော၊ ပါတီပိုင်းကရော၊ ကော်မရှင်ပိုင်းကရော ရှင်းရှင်းပြောရရင် မဲလိမ်ညာမှုတွေ မဲမသမာမှုတွေ ရှိခဲ့တာ အားလုံး အသိပဲ။ ဒါကြောင့် ၂၀၁ဝ ရွေးကောက်ပွဲက ဒီမိုကရေစီနည်းကျတယ်လို့တော့ ယူဆလို့မရဘူး။ ၂၀၁၅ကျတော့ NGO တွေ၊ CSO တွေက စောင့်ကြည့်နေမယ်။ နိုင်ငံတကာကိုလည်း စောင့်ကြည့်လေ့လာဖို့ ဖွင့်ပေးမယ်လို့ကြားမိတော့ ၂၀၁၀လောက် တော့ ရုပ်ပျက်ဆင်းပျက် ဖြစ်လာမယ်လို့ မမျှော်လင့်ဘူး။ မတွေးထားဘူး။ ဒါပေမဲ့ လက်ရှိ နိုင်ငံရေးအခြေအနေအရသော်လည်း ကောင်း၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရသော်လည်းကောင်း လွတ်လပ်ပြီး တရားမျှတမယ်လို့တော့ အပြတ်ပြောလို့ မရ သေးဘူး။
တက်လာမဲ့ အစိုးရသစ်ကို ကြိုတင်အသိပေးချင်တာက ပြည်သူတွေကိုကြည့်ဖို့တော့ လိုမယ်။ လက်ရှိ ပြည်သူတွေ ဘာလိုအပ်နေသလဲ။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက ပညာရှင်တွေရော၊ လူထုတွေရော၊ ပါတီတွေ ရောပါပေမဲ့ ဒီထဲမှာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့အချက်တွေ အများကြီးရှိတယ်။ ဒါတွေ ပြင်ပေးရမယ်။ ကျနော်တို့ တိုင်းရင်းသားပြည်သူလူထုအ တွက် ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး သူတို့အလေးထားရမယ်။ ဒါမှလည်း ကျနော်တို့က ဒီမိုက ရေစီစံနှုန်းနဲ့ညီတဲ့ အစိုးရမျိုး၊ ဒါမှမဟုတ် ဒါတွေကို အကောင်အထည်ဖော်မဲ့၊ ပြုပြင်ပြောင်းလဲနိုင်မဲ့ အစိုးရမျိုးဖြစ်မှသာလျှင် ကျနော်တို့တိုင်းပြည်ဟာ တကယ့်ကိုစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတဲ့တိုင်းပြည် ဖြစ်မယ်။ နောက်တက်လာမဲ့ အစိုးရအနေနဲ့ ပြည်သူတွေ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုလိုမျိုး လွတ်လပ်မှုတို့၊ တန်းတူညီမျှရှိမှုတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တရားမျှတမှုတွေကို အစိုးရကနေပြီး အကောင်အထည်ဖော်ပေးမယ်၊ ပြုပြင်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ပြောချင်ပါတယ်။
နော်ဖောဝေါ် (ပညာရေးဝန်ထမ်း၊ မယ်ရာမိုဒုက္ခသည်စခန်း)
လွန်ခဲ့တဲ့ ၁နှစ်၊ ၂နှစ်တုန်းက ၂၀၁၅မှာ ရွေးကောက်ပွဲ ရှိတယ်လို့ ပြောတာကြားတယ်။ ရွေးကောက်ပွဲနဲ့အတူ ပြောင်း လဲမှုတွေကို လိုချင်တယ်။ ဒါကြောင့်မို့ စိတ်လည်းဝင်စားတယ်။ ကျမတို့ တိုင်းသူပြည်သားတွေဟာ မြန်မာပြည်ထဲမှာနေပြီး အလုပ်အကိုင် ဒုက္ခ၊ အခက်အခဲတွေ ရှိတဲ့အတွက် ဒီနေရာမှာလာပြီး ခိုလှုံတာဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ ကျမတို့ ကျေး လက်ဒေသ၊ တောမှာရှိတဲ့ ကျမတို့ ကရင်နဲ့ ဒုက္ခသည်တွေအတွက် အကျိုးရှိမယ်ဆိုရင် နည်းနည်းပဲ ရှိမယ်။ ကျေးလက်တော ရွာ၊ တောင်ပေါ်ဒေသနဲ့ ကျမတို့ ဒုက္ခသည်မှာ နေတဲ့လူတွေကတော့ မဲထည့်လို့ရမှာ မဟုတ်ဘူး။ တောရွာမှာနေတဲ့အတွက် မှတ်ပုံတင်ရှိမှာမဟုတ်ဘူး။ ရှိတဲ့သူတချို့က သွားလာပေါက်ရောက်တဲ့သူတွေပဲ ရှိမယ်။
အခု မြန်မာပြည်မှာ ဗမာအစိုးရတွေ အုပ်ချုပ်တယ်။ သူတို့ရဲ့ အုပ်ချုပ်မှုက အုပ်ချုပ်သူတွေပဲ အကျိုးဖြစ်ထွန်းတယ်လို့ သတင်းတွေမှာ ကျမတို့ကြားတယ်။ နိုင်ငံသားတွေကတော့ ဆင်းရဲတယ်။ စီးပွားရေးဘက်မှာပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ် နိမ့် ကျတယ်။ ကျောင်းပြီးသွားတဲ့ ဘွဲ့ရတွေကိုယ်တိုင်က အလုပ်မရှိတာတွေ တွေ့ရတယ်။ ပညာရေးအဆင့်နိမ့်ပြီးတော့ မိမိဘဝ ရပ်တည်ရှင်သန်ဖို့ လစာနည်းတဲ့အတွက် အခက်အခဲတွေက အဖက်ဖက်ကပဲ။ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လူမှု ဘဝရပ်တည်ရေး၊ အုပ်ချုပ်ရေးနဲ့ ခေါင်းဆောင်မှုအပိုင်းတွေမှာ အပြောင်းအလဲရှိဖို့ လိုချင်ပါတယ်။
ကျမ အိပ်မက်ဖူးတဲ့ ခေါင်းဆောင်တွေက နိုင်ငံသားတွေကိုချစ်ပြီး နိုင်ငံသားတွေကို တန်းတူရည်တူထားတာတွေအပြင် တိုင်းရင်းသားတွေကို နိုင်ထက်စီးနင်း ဖိနှိပ်တာတွေမလုပ်ဘဲ ဗမာတွေနဲ့ တန်းတူအခွင့်အရေးပေးတာ လိုချင်တယ်။ တိုင်းရင်း သားတွေကို အလုပ်အကိုင်ဖြစ်စေ၊ အနေအထိုင်ဖြစ်စေ တန်းတူအခွင့်အရေး ပေးစေချင်တယ်။ ပြီးတော့ ကျေးလက်ဒေသ ဖွံ့ဖြိုး မှုတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးတွေကို မြှင့်တင်ပေးတဲ့ ခေါင်းဆောင်ကို လိုချင်တယ်။ အခု အုပ်ချုပ်နေတဲ့ ခေါင်းဆောင်မျိုး မဖြစ်စေရဘူး။ ပြောင်းလဲမှုမရှိဘူးဆိုရင် ငြိမ်းချမ်းလာမှာ မဟုတ်ဘူး။ ခေါင်းဆောင်ပြောင်းလဲမှု ရှိမှသာလျှင် ငြိမ်းချမ်းလာမယ်။ အဲ့ဒါမှ ကျမတို့ ကျေးလက်ဒေသ၊ တောင်ပေါ်ဒေသနဲ့ ကျမတို့ ကရင်ဒုက္ခသည်တွေ ကိုယ့်တိုင်းပြည်ကိုယ်ပြန်နိုင်မယ်။
စောချစ်သန်း (ကရင်တေးရေးဆရာ-စောခီသောင့်)
အတီးတို့အနေနဲ့ကတော့ ကိုယ့်ရဲ့မဲတစ်မဲက ကိုယ့်ပြည်နယ်အတွက် ကိုယ်စားပြုနိုင်မယ့် ကိုယ်စားလှယ်လောင်းအ တွက်လည်း အားပေးရာရောက်မယ်။ နောက်တစ်ခုကတော့ ကိုယ်ဖြစ်စေချင်တဲ့ ပြည်နယ်ခေါင်းဆောင်အတွက် မဲမပေးလို့တော့ မဖြစ်ဘူး။ တစ်ဘက်ကကြည့်ရင် နိုင်ငံသားတစ်ဦးအနေနဲ့ မဲပေးရမယ့် တာဝန်ရှိတယ်။ ပြီးခဲ့တဲ့ ၂၀၁ဝက အခုထိ အုပ်ချုပ်ရေး ယန္တရားက ပြောင်းလဲမှု သိပ်မရှိဘူး။
သို့သော်လည်းပဲ ခေတ်စနစ်တစ်ခုနဲ့တစ်ခု ချက်ချင်းဆိုသလို ပြောင်းလဲဖို့က အလွန်ခက်ပါ တယ်။ ဒီထက် ဒီမိုကရေစီကျတဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခု ပေါ်လာနိုင်မလားလို့ မျှော်လင့်မိပါတယ်။ ကရင်ပြည်နယ်က လက် နက်ကိုင်ပဋိပက္ခရှိတဲ့ အဝန်းအဝိုင်းနေရာလောက်သာ ရွေးကောက်ပွဲလုပ်ဖို့ အခက်အခဲ အနည်းငယ်ရှိမှာပါ။ ဘာကြောင့်လဲဆို တော့ လွန်ခဲ့တဲ့ ပါလီမန်ခေတ်တွေမှာလည်း လက်နက်ကိုင်ပဋိပက္ခတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ လုပ်နိုင်ခဲ့တယ်။ တစ်နိုင်ငံလုံးနဲ့ကြည့်ရင်တော့ ရွေးကောက်ပွဲကို ကျင်းပနိုင်မယ်လို့ မြင်ပါတယ်။
အခုဆို ဖော်ပြထားတဲ့ မဲစာရင်းက ၂၀၁ဝခုနှစ်တုန်းက ကောက်ထားတဲ့ မဲစာရင်းတွေပဲလို့ ထင်တယ်။ မဲစာရင်းမှားတာ၊ လွဲတာတွေကလည်း ပြုစုသူတွေရဲ့ အားနည်းချက်တွေပဲလို့ မြင်ပါတယ်။ ဒီထက် ပြီးပြည့်စုံတဲ့ မဲစာရင်းတွေရရင် ပြည်သူတွေ လည်း မိမိတို့ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်တွေကို မိမိဆန္ဒလျှောက် မဲထည့်နိုင်မှာဖြစ်ပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက် ပွဲမှာတော့ လွတ်လပ်မှုနဲ့ တရားမျှတမှုက ၇၀% လောက် ရှိလိမ့်မယ်လို့ ယူဆတယ်။
ပထမအဆင့်အနေနဲ့ ပါတီရဲ့ ဦးတည်ချက် ကို အကောင်အထည်ဖော်ပေးနိုင်မယ့် ပါတီကိုယ်စားပြုသူတွေကို ရွေးချယ်မယ်။ လူထုအကျိုးအတွက် လုပ်ပေးနိုင်မယ့်သူကို ပါတီက ကိုယ်စားလှယ်လောင်းအနေနဲ့ ရွေးချယ်မယ်။ ဒါက ပါတီက ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်အပိုင်း။ ဒုတိယအပိုင်း ပြည် သူလူထုက ပြန်ပြီး ရွေးချယ်ပေးတဲ့အပိုင်း နှစ်ပိုင်းရှိပါတယ်။ အဓိကတော့ ပါတီက ရွေးချယ်ပေးထားတဲ့သူနဲ့ ပြည်သူလူထုက ရွေးချယ်ပေးမယ့်သူနဲ့ တစ်ထပ်တည်းကျမယ်ဆိုရင်တော့ အဲဒီလူဟာ လူထုကို ကိုယ်စားပြုတဲ့သူပဲလို့ ပြောရမယ်။
တို့က ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲတော့ မရှိဘူး။ ကရင်မို့၊ ဗမာမို့၊ ပအိုဝ်းမို့လို့ဆိုပြီး လူမျိုးစွဲလည်း မရှိဘူး။ မျှော်လင့်တာကတော့ ဘယ်သူမဆို ပြည်နယ်အကျိုး၊ လူမျိုးအကျိုး၊ နိုင်ငံအကျိုးအတွက် လုပ်ပေးမယ့်သူဆိုရင်တော့ မဲထည့်ပေးမှာပဲ။ ပြည်နယ်အ ကျိုးကိုဆောင်ပေးတဲ့ ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေစွာ လုပ်ဆောင်နိုင်တဲ့ ကိုယ်စားလှယ်တွေကို လိုချင်ပါတယ်။ နေရာ ယူချင်တဲ့ ခေါင်းဆောင်မျိုးကိုတော့ မလိုချင်ဘူး။ တာဝန်ယူနိုင်တဲ့ ခေါင်းဆောင်တွေ၊ အဓိက လူထုနဲ့ တစ်သားတည်းဖြစ်တဲ့ အစိုးရမျိုးကို လိုချင်ပါတယ်။ လူထုနဲ့ အလွှာတစ်ခုခြားတဲ့ အစိုးရမျိုးကို မလိုချင်တော့ဘူး။ ဥပမာ လက်ရှိ တို့နိုင်ငံမှာ ကြုံတွေ့နေ ရတဲ့ သဘာဝရေဘေးကြောင့် လူထုတွေ ဒုက္ခအမျိုးမျိုးရောက်နေတာကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အရင်ဆုံး သွား ရောက်ကယ်ဆယ်ပြီး နောက်မှရောက်လာတဲ့ အစိုးရမျိုးကို မလိုချင်ဘူး။ လူထုဒုက္ခအမျိုးမျိုး ကြုံတွေ့ရတဲ့အခါမှာ အစိုးရက လူထုဘက်မှာ ရပ်တည်ပြီး လူထု အားကိုးရလောက်တဲ့ အစိုးရမျိုးကို လိုချင်တယ်လို့ ပြောချင်တာပါ။
ဒီလာမယ့် ၂၀၁၅မှာ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ဖြစ်စေချင်တာကတော့ နိုင်ငံပါတီတွေ မိမိတို့အတွက် တစ်ပါတီနဲ့တစ်ပါ တီ အချင်းချင်း တိုက်ခိုက်တာမဟုတ်ဘဲနဲ့ နိုင်ငံအတွက်၊ တိုင်းရင်းသားပြည်သူတွေအတွက် အားလုံးစုပေါင်းပြီးတော့ လုပ်ကြ မယ်ဆိုရင်တော့ အတီးတို့နိုင်ငံဟာ အေးချမ်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။