Home သတင်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင်တွင် အစိုးရ တပ်စခန်းနှစ်ခု ပြန်ဆုတ်သွား‌ကြောင်း ခရိုင် ဥက္ကဋ္ဌ ‌ပြောဆို

‌ကေအဲန်ယူ ဒူးပလာယာခရိုင်တွင် အစိုးရ တပ်စခန်းနှစ်ခု ပြန်ဆုတ်သွား‌ကြောင်း ခရိုင် ဥက္ကဋ္ဌ ‌ပြောဆို

2066

ပဒို ‌စော‌ရွှေ‌မောင်း

‌ဖေ‌ဖော်ဝါရီ ၁၉ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း၊ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်အတွင်းရှိ မြန်မာအစိုးရတပ်စခန်း နှစ်ခု ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ပြန်ဆုတ်သွားပြီးဖြစ်သည်ဟု ‌ဖေ‌ဖော်ဝါရီ ၁၆ရက်‌နေ့က ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌ ပဒို‌စော‌ရွှေ‌မောင်းက ‌ပြောကြားခဲ့သည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဟိုက်ပတ်လမ်းရှိ Maranatha(မာရနသန်) အသင်း‌တော်ခန်းမ၌ ပြုလုပ်သည့် လူထု‌တွေ့ဆုံရှင်းလင်းပွဲတွင် ကရင်လူငယ်တစ်ဦး၏ ‌မေးမြန်းချက်ကို ပဒို‌စော‌ရွှေ‌မောင်းက ထိုသို့ ပြန်လည် ‌ဖြေကြားခဲ့ပြီး ပြန်ဆုတ်‌ပေးသည့် တပ်စခန်း နှစ်ခုမှာ ကျုံဒိုးမြို့နယ်အတွင်းရှိ ထီဝီးသံစခန်းနှင့် ဝင်း‌ရေးမြို့နယ်အတွင်းရှိ ဘုရားငုတ်တိုစခန်းတို့ဖြစ်‌ကြောင်း သိရသည်။

ပဒို ‌စော‌ရွှေ‌မောင်းက “ကျ‌နော်တို့ ခရိုင်အတွင်းမှာ တပ်နှစ်တပ် ဆုတ်သွားပါတယ်။ ကျန်တဲ့ လမ်း‌ကြောင်း လုံခြုံ‌ရေးကို ယူထားတဲ့ စခန်းငယ်‌လေး‌တွေက‌တော့ ဆုတ်သွားတာ ရှိတယ်။ ဒါက ယုံကြည်မှုတည်‌ဆောက်‌နေ တဲ့ ကာလမှာ တစ်ဖက်နဲ ့တစ်ဖက် မပစ်ခတ်‌တော့ဘူး၊ စိတ်ချယုုံကြည်မှုမရှိ‌သေးဘူး။ အဲလိုမျိုး ‌တွေးပူပြီး‌တော့ အားလုံး ဆုတ်နိုင်ဖို့ မဖြစ်နိုင်‌သေးတဲ့ အခြအ‌နေမျိုးမှာ ထည့်ပြီးစဉ်းစားဖို့ လိုတာပါ။ သို့‌ပေမဲ့ ကျ‌နော်တို့ဘက်မှာ ယုံကြည်မှု အား‌ကောင်းလာတာနဲ့အမျှ စခန်း‌လေး‌တွေက ဆုတ်သွားမယ်လို့ ယုံကြည်ပါတယ်”ဟု ‌ပြောသည်။

ဒူးပလာယာခရိုင်အတွင်းတွင် အစိုးရ တပ်စခန်း အကြီးအငယ် ၂ဝ နီးပါးတည်ရှိပြီး ပြန်လည်ဆုတ်ခွါသွားသည့် တပ်စခန်း နှစ်ခုမှာ စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၁၉) လက်‌အောက်ခံ တပ်ရင်းများဖြစ်ကြကာ တပ်စခန်းတစ်ခုလျှင် အင်အား ၂ဝ ဝန်းကျင်ရှိ‌သော တပ်စုတစ်စုဖြင့် အ‌ခြေစိုက်‌နေထိုင်ကြ‌ကြောင်း ယင်း‌ဒေသအတွင်း လှုပ်ရှား‌နေသည့် ‌ကေအဲန်ယူ တာဝန်ရှိသူများက ဆိုသည်။

အစိုးရတပ်များပြန်ရုပ်သိမ်းသွားသည့် အ‌ပေါ် ဒူးပလာယာခရိုင်အတွင်း ‌နေထိုင်သည့် အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “အဲ့တပ်စခန်း‌တွေ မရှိ‌ပေမဲ့ ကင်းလှည့်ပြီး ဝင်ထွက်သွားလာတာ ရှိတယ်။ လူထုက‌တော့ တပ်ရဲ့သ‌ဘောထားက လူထုအ‌ပေါ်မှာ နားလည်လာတဲ့သ‌ဘော‌တော့ ရှိတာ‌ပေါ့။ ငြိမ်းချမ်း‌ရေးရဖို့အတွက် အစိုးရမှာလည်း တာဝန်ရှိတယ်။ ဒီလိုမျိုးတပ်စခန်း‌တွေကို ညှိနှိုင်းပြီး‌တော့ ရုပ်သိမ်းတာတို့၊ အတည်တကျ ‌နေရာချတာတို့ ထပ်ပြီး‌တော့ လိုချင်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

ထို့အပြင် နှစ်ဖက်တပ်များ ‌နေရာချ ‌ရွှေ့‌ပြောင်း‌ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ယခုလကုန်ပိုင်းတွင် ‌ကေအဲန်ယူနှင့် အစိုးရတပ် တာဝန်ရှိသူများ စတင်‌ဆွေး‌နွေးသွားရန် ရှိသည်ကို ကြိုတင်အသိ‌ပေးလို‌ကြောင်း Maranatha(မာရနသန်) အသင်း‌တော်ခန်းမ၌ ပြုလုပ်သည့် ယင်းရှင်းလင်းပွဲတွင် ‌ကေအဲန်ယူက ‌ပြောဆိုထားသည်။

‌ကေအဲန်ယူသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့၌ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးပြီး‌နောက်ပိုင်း ဒူးပလာယာခရိုင်အတွင်း ယခုကဲ့သို့ အစိုးရစစ်တပ်များ ပြန်ရုပ်သိမ်းသွားခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၏ ‌ပြောပြချက်အရ သိရသည်။