Home သတင်း KNU နှင့် မြန်မာအစိုးရစစ်တပ် ပစ်ခတ်မှုဖြစ်ပွား

KNU နှင့် မြန်မာအစိုးရစစ်တပ် ပစ်ခတ်မှုဖြစ်ပွား

2228
စက်တင်ဘာ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

P10008841ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇)ရှိ ထီး‌လေးကိုးထာ့‌နေရာ၌ KNU လက်‌အောက်ခံ တပ်ဖွဲ့ဝင်နှင့် မြန်မာအစိုးရစစ်တပ်တို့အကြား ယမန်‌နေ့ စက်တင် ဘာလ ၁၂ ရက်‌နေ့၊ ‌နေ့လည် တစ်နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုသို့ ဖြစ်ပွားရာတွင် ၎င်း‌ဒေသရှိ KNU တပ်မဟာ(၇)အထူးစစ်‌ကြောင်းမှ ကင်း‌စောင့်‌နေ‌သော တပ်ဖွဲ့ဝင်နှစ်ဦး က KNU ကန့်သတ်နယ်‌မြေအတွင်း အသိမ‌ပေးဘဲ နယ်‌မြေ‌ကျော်လာသည့် မြန်မာစစ်တပ် တပ်မ(၂၂) လက် ‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ(၂၀၂)တပ်ရင်းမှ တပ်ခွဲတစ်ခွဲကို ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

KNU တပ်မဟာ(၇) အထူးစစ်‌ကြောင်းမှ စစ်‌ကြောင်းမှူး ဗိုလ်မှူး ‌စောတာမလာက “တ‌နေရာနဲ့တ‌နေရာ သွားမယ် ဆို အပြန်အလှန်အ‌ကြောင်းကြားပြီးမှ သွားရတာပါ။ မြန်မာစစ်တပ်က သတ်မှတ်ထားတဲ့‌နေရာမှာ အ‌ကြောင်း မကြားဘဲ ဝင်‌ရောက်လာတဲ့အတွက် အခုလို ပစ်ခတ်မှု ဖြစ်ပွားသွားတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၎င်းပစ်ခတ်မှုမှာ ကင်း‌စောင့်‌နေ‌သော KNU တပ်မဟာ(၇) အထူးစစ်‌ကြောင်းတပ်ဖွဲ့ဝင်နှစ်ဦးက ကန့်သတ်နယ် ‌မြေထဲသို့ ဝင်လာသည့် မြန်မာစစ်တပ်ကို ပစ်ခတ်ကာ မြန်မာစစ်တပ်ဘက်က ပြန်လည်ပစ်ခတ်၍ ၁ဝ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပစ်ခတ်မှုတွင် မြန်မာစစ်တပ်မှ တစ်ဦး‌သေဆုံးပြီး တစ်ဦးဒဏ်ရာရသည်ဟု ဗိုလ်မှူး ‌စောတာမလာက ၎င်းတို့ကြားသိရသည်ဟု ‌ပြော‌သော်လည်း ‌ကေအိုင်စီအ‌နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိ‌သေး‌ပေ။

မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်နိုင်ရန် အပစ်အခတ်ရပ်စဲ‌ရေးကို ခိုင်မာ‌အောင် ‌ဖော်‌ဆောင်‌နေသည့် ကာလတွင် ယခုလို ဖြစ်ရပ်မျိုးမဖြစ်သင့်‌ကြောင်း KNU တပ်မဟာ(၇) ဆက်ဆံ‌ရေးရုံး တာဝန်ခံ ဗိုလ်မှူး ‌စော‌ဇောရိုးက ‌ပြောသည်။

“ကျ‌နော်တို့ဘက်က‌တော့ ဘယ်ပစ်ချင်ပါ့မလဲဗျာ။ ‌ဆွေး‌နွေးပွဲ‌တွေမှာ သ‌ဘောတူထားတဲ့အတိုင်း သူ‌နေရာနဲ့ သူ‌နေတယ်။ တဖက်နဲ့တဖက် အပြန်အလှန် ကြိုတင်အ‌ကြောင်းကြားပြီးမှ သွားလာရင် ဒီလိုဖြစ်စရာကို မရှိပါဘူး”ဟု ဗိုလ်မှူး ‌စော‌ဇောရိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုပစ်ခတ်မှုကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ သက်ဆိုင်ရာတာဝန်ရှိသူများဘက်မှ KNU တပ်မဟာ(၇) ဆက်ဆံ‌ရေးရုံးသို့ ယခုထိ တစုံတရာ တုံ့ပြန်‌ပြောကြားခြင်း၊ အသိ‌ပေးအ‌ကြောင်းကြားခြင်းများ မရှိ‌သေး‌ကြောင်း လည်း သူက ဆက်လက်‌ပြောကြားသည်။

လက်ရှိ KNU တပ်မဟာ(၇) ၎င်း‌ဒေ‌သေတွင် ပစ်ခတ်မှုဖြစ်ပွားပြီး‌နောက် မြန်မာစစ်တပ်မှ ပြန်လည်ဆုတ်ခွါသွား ပြီး အ‌ခြေအ‌နေတည်ငြိမ်လျက်ရှိ‌ကြောင်း သိရသည်။

ယခင်လ ဩဂုတ် ၁၆ ရက်‌နေ့ကလည်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသ‌ဒေါင့်ထာ‌ကျေးရွာအုပ်စုရှိ ဝဲကြီး‌နေရာ၌ KNU တပ်မဟာ(၅) လက်‌အောက်ခံတပ်ဖွဲ့ဝင်နှင့် BGF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့‌သေးသည်။