နိုဝင်ဘာ (၂၁)ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ဝေါ်လေဂွင်အတွင်း ယခုရက်ပိုင်းတွင် အသစ်ဝင်ရောက် လှုပ်ရှားလာသော နအဖတပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့တို့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဒုရင်းမှူးတဦးအပါအဝင် တပ်ဗိုလ်တပ်မှူး(၅)ဦး ဒဏ် ရာရရှိခဲ့ပြီး တပ်ခွဲမှူးတဦး ကျဆုံးခဲ့ကြောင်း ထိုဒေသမှ လာသည့်သတင်းရသိရသည်။
ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေရှိ ဝေါ်လေဂွင်မှာ တပ်အပြောင်းအလဲလုပ်ရန် ယခု ရက်သတ္တပတ်အတွင်း ရောက်ရှိလာသော ဒု ဗိုလ်မှူးကြီးကျော်ကျော် ဦးစီးသည့် နအဖ ခလရ (၂၄)တပ်ဖွဲ့သည် ထိုဒေသအတွင်း သွားလာလှုပ်ရှားရာမှ နယ်ခံ ကေအဲန်အယ်လ် အေ တပ်ရင်း(၂၀၁)၊ (၁၀၃) ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်ရင်း (၂၀၁) မှ ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ပြောသည်။
သူက “ယမန်နေ့က ၁၁နာရီ ၂ဝမိနှစ်အချိန်မှာ အူးကလေ့ထာ့နဲ့ မနီးမဝေး ဘီးဘောဒေသမှာ နအဖ ခလရ(၂၄)တပ်ဖွဲ့နဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့နဲ့ (၁၅)မိနှစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အဲဒီမှာ နအဖဘက်က ဒုရင်းမှူး မူးကျော်ထင်က ဒဏ်ရာ အပြင်းအထန်ရ တယ်လို့ ကျနော်တို့ သတင်းရတယ်။ ပြီးတော့ တပ်ဗိုလ်တယောက်၊ တပ်ကြပ်ကြီးတယောက်၊ တပ်ကြပ်တယောက်၊ ဒုတပ်ကြပ်တ ယောက်နှင့် တပ်သားတယောက် ဒဏ်ရာရပြီးတော့ တပ်ခွဲမှူးတယောက် သေဆုံးသွားတယ်လို့ ကျနော်တို့ သိရတယ်။ ကျနော်တို့ ဘက်ကတော့ ထိခိုက်မှု မရှိဘူး”ဟု ကေအိုင်စီကို ပြောသည်။
အင်အား (၈၀)ဝန်းကျင်ရှိ အဆိုပါ နအဖ ခလရ(၂၄)သည် ဝေါ်လေဂွင်အတွင်း အခြေစိုက်သည့် နအဖ ခလရ(၂၈၄)နှင့် တပ်အ ပြောင်းအလဲလုပ်ရန်အတွက် ယခုရက်သတ္တတပတ်တွင် ထိုဒေသအတွင်းသို့ ရောက်ရှိလာပြီး တပ်အကြိုအပို့လုပ်နေစဉ် ကေအဲန် အယ်လ်အေ တပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါတပ်များသည် ယခု ၎င်းတို့စခန်းတည်ရှိရာ ထီးကပလယ်နှင့် မယ် ကနဲတွင် ပြန်လည်နေရာယူလျှက်ရှိသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ (၁၁)ရက်နေ့ကလည်း ဝေါ်လေအခြေစိုက် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)နှင့် ဒုဗိုလ်မှူးကြီးမျိုးမြင့် အောင် ဦးစီးသော နအဖ ခလရ(၂၈၄)တပ်ဖွဲ့အကြား ဘုရင့်နောင် အလယ်ကုန်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နအဖဘက်မှ တပ်သားနှစ်ဦး ကျဆုံးသွားခဲ့သည်ဟု သိရသည်။