Home သတင်း ဘုရားသုံးဆူရှိ အိမ်‌ခြေ ၁၀ဝ ဝန်းကျင် ‌ပြောင်း‌ရွှေ့ခိုင်းခံရ

ဘုရားသုံးဆူရှိ အိမ်‌ခြေ ၁၀ဝ ဝန်းကျင် ‌ပြောင်း‌ရွှေ့ခိုင်းခံရ

2172
ဇူလိုင် ၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးမြို့‌ပေါ်ရှိ ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)ရှိ အိမ်‌ခြေ ၁၀ဝ ဝန်းကျင်ခန့်ကို ရပ်ကွက် အုပ်ချုပ်‌ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ‌ပြောင်း‌ရွှေ့ ခိုင်း‌နေသည်ဟု ဘုရားသုံးဆူ မြို့ခံများက ‌ပြောသည်။

ဇွန်လဆန်းပိုင်းမှစ၍ ထို‌မြေ‌နေရာရှိ အိမ်များ ‌ပြောင်း‌ရွှေ့‌ပေးရမည်ဟု ညွှန်ကြားခံထားရပြီး နိုဝင်ဘာလ ၁ ရက်‌နေ့တွင် အပြီးသတ် ‌ပြောင်း‌ရွှေ့ရမည်ဖြစ်သကဲ့သို့ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးတွင် ‌ပြောင်း‌ရွှေ့မည်ဆိုသည့် ဝန်ခံကတိလက်မှတ်ထိုး‌ပေးရသည်ဟု အိမ်‌ပြောင်း ခံရသည့် မြို့ခံအမျိုးသမီးတဦးက ‌ပြောသည်။

“အုပ်ချုပ်‌ရေးမှူးရုံးမှာ လက်မှတ်ထိုးခိုင်းတယ်။ ၃လအတွင်း ‌ပြောင်းခိုင်းတာ။ ဒီ‌မြေ‌တွေကို မဝယ်ထားရ‌ပေမယ့် ၂၀၀၅ခုနှစ်ကတည်းက ‌နေလာတာ ချက်ချင်းကြီး ‌ပြောင်းခိုင်း‌တော့ အားလုံး အခက်‌တွေ့‌နေကြတယ်။ ‌ပြောင်းဖို့ ‌နေရာချ‌ပေးမယ်‌ပြောလည်း အဲဒီ‌မြေ‌တွေ ပြန်ဝယ် ရမယ်။ ကျမတို့က တ‌နေ့လုပ်တ‌နေ့စား‌တွေပါ ‌မြေဝယ်ဖို့က ဘယ်လိုတတ်နိုင်မှာလဲ။”ဟု ‌ပြောဆိုသည်။

ယင်း‌မြေ‌နေရာသည် တပ်‌မြေဖြစ်ပြီး ‌နေထိုင်သူတို့ကလည်း ‌နေခွင့်‌တောင်းခံထားပြီးမှ ‌နေထိုင်ခဲ့ကြခြင်းဖြစ်‌ကြောင်း ဘုရားသုံးဆူမြို့၊ ရပ် ကွက်(၃) အုပ်ချုပ်‌ရေးမှူး ဦး‌အေးကိုက ‌ပြောသည်။

ဦး‌အေးကိုက “နဂိုကတည်းက သူတို့ ‌တောင်းပြီး ‌နေ‌နေတာ‌လေ။ ပိုက်ဆံလည်း မ‌ပေးထိဘူး။ သူတို့‌နေရာလည်း မဟုတ်‌တော့။ ပြီး‌တော့ တပ်‌မြေလည်း ဖြစ်‌နေတာ‌ကြောင့် ‌ပြောင်းခိုင်းတာပါ။ သူတို့ ‌ပြောင်းဖို့ ‌နေရာ‌တွေ သတ်မှတ်‌ပေးမယ်။ ဒါ‌ပေမယ့် အတိအကျ‌တော့ မသိ ‌သေးဘူး။”ဟု သူက ဆိုသည်။

‌ပြောင်း‌ရွှေ့မည့်ကိစ္စကို ရပ်ကွက်အုပ်ချုပ်‌ရေးမှူးအဖွဲ့က ပြန်လည်‌နေရာချ‌ပေးမည်ဟုဆို‌သော်လည်း အိမ်‌မြေတစ်ကွက်စာအတွက် ဘတ်တစ်‌သောင်း၊ နှစ်‌သောင်း၊ သုံး‌သောင်းထိ သတ်မှတ်ပြီး မဲနှိုက်စနစ်ဖြင့် ‌ရောင်းချ‌ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ယခု အိမ်‌ပြောင်း‌ရွှေ့ရမည့်ကိစ္စအား ‌ပြောင်း‌ရွှေ့ခံရသူတို့က ရပ်ကွက်အုပ်ချုပ်‌ရေးမှူးအဖွဲ့ထံ အသနားခံ ‌တောင်းပန်‌သော်လည်း အထက်က အမိန့်ဟု ဆို‌ကြောင်းနှင့် မ‌ပြောင်းပါက ‌ထောင်ဒဏ်ကျခံရသည်ထိ ပြုလုပ်နိုင်သည်ဆိုပြီး ခြိမ်း‌ခြောက်ကာ လက်မှတ်‌ရေးထိုး ခိုင်း‌ကြောင်း မြို့ခံများက ‌ပြောသည်။

အိမ်‌ပြောင်း‌ရွှေ့ခိုင်းသည်ကို ဘုရားသုံးဆူမြို့ရှိ တပ်ရင်းမှူး၏ ညွှန်ကြားချက်မှတဆင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးအဖွဲ့တို့က စီစဉ်‌ဆောင်ရွက် ‌နေပြီး ‌ပြောင်း‌ရွှေ့ရသူများအတွက် ‌မြေ‌နေရာကို ဘုရားသုံးဆူမြို့ရှိ ထားဝယ်စုရပ်ကွက်အနီးရှိ ‌တောင်အတက်အဆင်း‌နေရာတွင် သတ်မှတ်ထား‌ကြောင်း သိရသည်။