Home သတင်း ကယားပြည်နယ်တွင် KNPP ဆက်ဆံ‌ရေးရုံး ၃‌နေရာ ဇူလိုင်လ အတွင်းဖွင့်မည်

ကယားပြည်နယ်တွင် KNPP ဆက်ဆံ‌ရေးရုံး ၃‌နေရာ ဇူလိုင်လ အတွင်းဖွင့်မည်

2143
ဇူလိုင်လ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကယား(ကရင်နီ)ပြည်နယ်ရှိ ယခု ဇူလိုင်အတွင်း လွိုင်‌ကော်၊ ရှမ်း‌တောနှင့် ဖာ‌ဆောင်းမြို့နယ်တို့တွင် ဆက်ဆံ‌ရေးရုံး ပြန်ဖွင့်မည်ဟု ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ-KNPP က ယ‌နေ့ ‌ပြောကြားလိုက်သည်။

KNPP အတွင်း‌ရေးမှူး(၁) ခူဦးရယ်က “ကျ‌နော်တို့ ရုံးပြန်ဖွင့်ဖို့ ရက်အတိအကျ‌တော့ ‌ပြောမရ‌သေး‌ပေမယ့် ဒီလ(ဇူလိုင်)မှာပဲ ပြန်ဖွင့်ဖို့ ရှိ တယ်။ ရုံးစိုက်မယ့်‌နေရာ‌တော့ ရှာ‌ဖွေအတည်ပြုတုန်းပဲ။”ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

ယခင်လ ဇွန်လ ၉ရက်‌နေ့က KNPP သည် မြန်မာအစိုးရနှင့် လွိုင်‌ကော်မြို့တွင် ပြည်‌ထောင်စုအဆင့် ‌တွေ့ဆုံခဲ့ပြီး ‌တောင်းဆိုချက်အချက် (၂၀)အ‌ပေါ် အ‌ခြေခံ၍ တင်ပြ‌ဆွေး‌နွေးခဲ့ရာ ဆက်ဆံ‌ရေးရုံးများ ထားရှိ‌ရေး အပါအဝင် အချက် ၁၄ချက် သ‌ဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ် သည်။

လွိုင်‌ကော်မြို့မှ ပြည်သူတဦးက “ဆက်ဆံ‌ရေးက အဓိက‌လေ။ ကျ‌နော်က‌တော့ အ‌ကောင်းမြင်ပါတယ်။ ဆက်ဆံ‌ရေးရုံးဖွင့်လိုက်လို့ လူထု ‌တွေကို နိုင်ငံ‌ရေးနဲ့ ဖွံ့ဖြိုး‌ရေး စသဖြင့် လုပ်‌ပေးနိုင်ရင်‌တော့ အကျိုးအများကြီးရှိသွားမယ်။ အထူးသဖြင့် လူငယ်‌တွေအတွက် ပိုပြီး အကျိုး အများကြီးရှိတယ်။”ဟု ‌ပြောသည်။

ထို့အပြင် ဆက်ဆံ‌ရေးရုံးအတွက် ပြည်တွင်းတာဝန်ခံကို KNPP မှ ဆရာဒဲနီရယ်ကို ခန့်အပ်ထားသကဲ့သို့ ရုံးဖွင့်ပြီးပါက KNPP အပါအဝင် ကယားပြည်နယ်အတွင်းရှိ ကရင်နီအမျိုးသားပြည်သူ့လွတ်‌မြောက်‌ရေးတပ်ဦး-KNPLF၊ ကယန်းပြည်သစ်ပါတီ-KNLP စသည့် နိုင်ငံ‌ရေး အဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းများ ပူး‌ပေါင်းကာ ပူးတွဲ‌ကော်မတီ(Joint Committee)တစ်ခု ဖွဲ့စည်းသွားရန် ရှိသည်ဟု သိရသည်။

တစ်ဆက်တည်းပင် KNPP သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုကာလအတွင်း ဖာ‌ဆောင်းမြို့နယ်အတွင်းတွင် ဇွန်လ ၂၈ရက်‌နေ့က နှစ်ဘက်တပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲသည် လက်‌အောက်ခံတပ်များ၏ နားလည်မှု လွဲမှား ခြင်းသာ ဖြစ်‌သော‌ကြောင့် ဆက်ဆံ‌ရေးထိခိုက်စရာ အ‌ကြောင်းမရှိဟု ခူဦးရယ်က ‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၇ရက်‌နေ့က KNPP မှ ခူဦးရယ် ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့သည် ဦး‌အောင်မင်း အစိုးရကိုယ်စား လှယ်အဖွဲ့တို့နှင့် လွိုင်‌ကော်မြို့တွင် ပြည်နယ်အဆင့် ‌တွေ့ဆုံခဲ့ပြီး ဇွန်လ ၉ရက်‌နေ့တွင် ပြည်‌ထောင်စုအဆင့် ထပ်မံ ‌တွေ့ဆုံခဲ့သည်။

KNPP သည် ယခင် နိုင်ငံ‌တော် ငြိမ်ဝပ်ပိပြားမှု တည်‌ဆောက်‌ရေးအဖွဲ့(နဝတ) အစိုးရနှင့် ၁၉၉၅ခုနှစ်၊ မတ်လတွင် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူခဲ့ကြ‌သော်လည်း ၃လအကြာတွင် ပြန်လည်ပျက်ပြားသွားခဲ့သည်။