Home သတင်း ကျိုက်ထိုတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး(၁)ဦး လက်နက်ကြီးထိမှန် သေဆုံးပြီး (၇) ဦး ဒဏ်ရာရ

ကျိုက်ထိုတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး(၁)ဦး လက်နက်ကြီးထိမှန် သေဆုံးပြီး (၇) ဦး ဒဏ်ရာရ

17
Photo crd: CJ (ဩဂုတ်လ ၁၉ ရက်နေ့က စစ်အုပ်စုလက်နက်ကြီးပစ်ခတ်မှုကြောင့် ဇီးပြောင်းရွာ ၅ တွင် ထိခိုက်ပျက်စီးမှုရှိခဲ့စဥ်-ပုံဟောင်း)

နိုဝင်ဘာ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများသို့ ယခုနိုဝင်ဘာလဆန်းရက်အတွင်း စစ်အုပ်စုက လက်နက်ကြီးနှင့်ဒရုန်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ကိုယ်ဝန် လေးလလွယ် အမျိုးသမီး(၁)ဦး သေဆုံးပြီး ဒေသခံ (၇) ဦး ထိခိုက်မှုရှိခဲ့ကြောင်း ကေအဲန်ယူ၊ သထုံခရိုင်ဘက်မှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၄) ရက်နေ့က စစ်အုပ်စုကပစ်ခတ်လိုက်သည့် လက်နက်ကြီးများမှာ ဇီးပြောင်းရွာနှင့်အခိုင်ရွာတို့တွင် ကျရောက်ပေါက်ကွဲပြီး အခိုင်ရွာနေ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်လေးလရှိ အမျိုးသမီးတစ်ဦး ဝမ်းဗိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိကာ သေဆုံးသွားသည်။

ထို့အပြင် ဇီးပြောင်းနှင့်အခိုင်ရွာမှ အမျိုးသမီး(၂)ဦးအပါအဝင် ဒေသခံ(၄)ဦး ဒဏ်ရာအသီးသီးရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ကေအဲန်ယူ သထုံခရိုင်က ဆိုသည်။

“ခုနတုန်းကလည်း လိုက်ပစ်နေတုန်းပဲ။ အခု ခမောက်ခွင်ဘက်ကို စစ်အုပ်စုတပ်တွေ အများကြီးတက်လာနေတယ်။ မနေ့ကလည်း ညောင်ထောက်မှာ တိုက်ပွဲ နှစ်ကြိမ် ဖြစ်သေးတယ်” ဟု လတ်တလော နယ်မြေအခြေအနေနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူက ပြောသည်။

Photo crd: CJ (ဩဂုတ်လ ၁၉ ရက်နေ့က စစ်အုပ်စုလက်နက်ကြီးပစ်ခတ်မှုကြောင့် ဇီးပြောင်းရွာ ၅ တွင် ထိခိုက်ပျက်စီးမှုရှိခဲ့စဥ်-ပုံဟောင်း)

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့ကလည်း စစ်အုပ်စုသည် ဇီးပြောင်းကျေးရွာအုပ်စု၊ ဇီးပြောင်းရွာ ၁ သို့ အသေခံ(ကာမီကာဇေ)ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် သစ်စက်လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် ဇနီးမောင်နှံ (၂)ဦး အပါအဝင် စုစုပေါင်း(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ နေ့စဥ်လိုလို စစ်အုပ်စုက လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မကြာခဏဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

ထို့အတူ ကေအဲန်ယူ၏ အောက်တိုဘာ(၂၇)ရက်နေ့ ထုတ်ပြန်ချက်အရ ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၉) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း စစ်အုပ်စု၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၈) ဦးသေဆုံးခဲ့ကြောင်းလည်း သိရသည်။