Home သတင်း ဖားအံမြို့တွင် သီတင်းကျွတ်ပွဲတော် စည်ကားစွာ ကျင်းပရန် ပြည်နယ်စစ်အုပ်စု စီစဥ်နေ

ဖားအံမြို့တွင် သီတင်းကျွတ်ပွဲတော် စည်ကားစွာ ကျင်းပရန် ပြည်နယ်စစ်အုပ်စု စီစဥ်နေ

17
Photo: Tourism Hpa-an, KIC

အောက်တိုဘာ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် လာမည့် သီတင်းကျွတ်ပွဲတော်ကာလအတွင်း ဆီမီးပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲ စသဖြင့် ပွဲများထည့်သွင်းပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ အပါအဝင် ပြည်နယ်စစ်အုပ်စုအဖွဲ့က စီစဥ်နေကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။

ဖားအံမြို့ပြည်ထောင်စုကွင်း (သီရိကွင်း) ၌ အောက်တိုဘာ (၂၆) ရက်နေ့တွင် ကျင်းပမည့် သီတင်းကျွတ်ပွဲတော်အတွင်း မီးပုံးပျံအသေးနှင့် အကြီး စုစုပေါင်း ၂၀၀ ကျော်ကို လွှတ်တင်ပူဇော်သွားမည်ဖြစ်ပြီး ညနေ ၆ နာရီဝန်းကျင်တွင် သေဌမာန်အောင်ဘုရားကြီး၌ ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်ပွဲများ ကျင်းပသွားရန်ရှိနေသည်။

“ပြည်နယ်ကွင်းမှာ လုပ်မှာဟုတ်ပါတယ်။ သူတို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေတော့ ရှိမှာပေါ့။ လူတွေကလည်း အခု ပုံမှန်လို ပြန်သွားနေကြတာပဲ။ ပြည်နယ်ပွဲဆိုလည်း ဒီနှစ် ပိုတောင်စည်အုံးမယ်” ဟု ဖားအံမြို့၊ အမှတ် (၉) ရပ်ကွက်နေ အမျိုးသမီး တစ်ဦးက ပြောသည်။

ထို့အပြင် သီတင်းကျွတ်ကာလရုံးပိတ်ရက် နီးကပ်လာသည်နှင့်အမျှ ဖားအံမြို့သို့ လာရောက်လည်ပတ်ရန် မြို့တွင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းအများစု ကြိုတင်ဘိုကင်မှာယူမှု များပြားနေကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

Photo: Tourism Hpa-an, KIC

ပြည်နယ်စစ်အုပ်စုသည် ကရင်ပြည်နယ်အတွင်း ပွဲတော်များ စည်ကားစွာကျင်းပရန် စီစဥ်နေသော်လည်း တစ်ဖက်က မြို့ပေါ်၌ပါမချန် စစ်မှုထမ်းအင်အားစုဆောင်းမှုများ လုပ်ဆောင်နေသည့် သတင်းကြောင့် အပြင်ထွက်သွားလာရန် လုံခြုံရေး စိုးရိမ်မှုရှိနေဆဲဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ဖားအံမြို့ခံ အမျိုးသားတစ်ဦးက “အရင်က ဖားအံမှာ လူပျောက်တာလောက်ပဲ ရှိတယ်။ နောက်ပိုင်း ပြည်နယ်အစိုးရ(စစ်အုပ်စု)က လူဦးရေလိုအပ်ချက်ကြောင့် လူဆွဲတဲ့သတင်းထွက်ပြီး အသွားအလာ သိပ်မလုပ်ကြတော့ဘူး။ ညဘက်ဆို မီးက ပြတ်တာများတော့ လူဆွဲရ ပိုလွယ်တယ်လေ။ ဘယ်နေ့ ကိုယ့်အလှည့် ရောက်မလဲဆိုတာ စိုးရိမ်နေရတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အတူ လာမည့် နိုဝင်ဘာ(၇)ရက်‌နေ့သည် (၇၁) နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ဖြစ်၍ ပွဲတော်ကာလအတွင်း ရိုးရာလက်ဝှေ့ပွဲ၊ ဘောလုံးပွဲ အပါအဝင် အားကစားပြိုင်ပွဲ၊ ဒုံးပြိုင်ပွဲ၊ စင်မြင့် တေးဂီတ (စတိတ်ရှိုး)များနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် ပြည်နယ်စစ်အုပ်စုက စတင်လုပ်ဆောင်လာခြင်းရှိသည်။

ပုံစံအမျိုးမျိုးဖြင့် အဓမ္မစစ်မှုထမ်းခိုင်းသည့်တဖက်က ကရင်ပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါးတွင် စစ်အုပ်စုနှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များအကြား နေ့စဉ်လိုလို ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိသလို အရပ်သားပြည်သူထိခိုက်သေဆုံးမှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။