Home ဆောင်းပါး ဗိုလ်အောင်မင်း – စောမူတူးစေးဖိုးနှင့် ဘားအံဖိုရမ် (၂၀၂၆)

ဗိုလ်အောင်မင်း – စောမူတူးစေးဖိုးနှင့် ဘားအံဖိုရမ် (၂၀၂၆)

23

ဗိုလ်အောင်မင်း – စောမူတူးစေးဖိုးနှင့် ဘားအံဖိုရမ် (၂၀၂၆)

မောင်ကျော်စွာ

(၁၀-၁၀-၂၀၂၆)

စက်တင်ဘာ (၂၆၊ ၂၇)က ကရင်ပြည်နယ်၊ မြို့တော် ဘားအံမှာ “ကရင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဖိုရမ်(၂၀၂၆)” ကျင်းပခဲ့ပါတယ်။ ဒီ ဘားအံဖိုရမ်အပေါ် တုန့်ပြန်ချက်တွေ ကျယ်ကျယ်လောင်လောင် ပေါ် ထွက်လာပါတယ်။

တုန့်ပြန်ချက်တွေထဲက အများစုဟာက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ KNLA – GOC ဟောင်း – KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ (KNU/ KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး တို့ ဘားအံဖိုရမ်မှာ ပြောဆိုကြတဲ့ အချက်တွေအပေါ် အဓိကဦးတည်ထားတာကို တွေ့ရပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) အကြံပေးအ ဖွဲ့ခေါင်းဆောင်ဗိုလ်(ဦး)အောင်မင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သူ ဗိုလ်(ဦး)သက်နိုင်ဝင်းတို့ ဘားအံဖိုရမ်မှာပြောဆိုကြတဲ့ အချက်အလက်တွေအပေါ်ဦးတည်တဲ့တုန့်ပြန်ချက်က မဆိုစလောက်ပဲရှိခဲ့တာကို သတိ ပြုမိပါတယ်။

ဗိုလ်အောင်မင်းရဲ့ပြောဆိုချက်ထဲကအတိုင်းဆိုရင် သူ့ကိုအကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ဩဂုတ်လ ၂၇ ရက်နေ့မှာ နိုင်ငံတော်ရဲ့ဂေဇက်တီးယား (အမိန့်ပြန်တမ်းနဲ့အတူ) တာဝန်ပေးခဲ့တာလို့ ဆိုပါတယ်။

ဗိုလ်သက်နိုင်ဝင်းက သူဟာ “စစ်မှုထမ်းတစ်ယောက်ပါ၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ပင်စင်ယူထားခဲ့တာလည်း ၁၀ လောက်တောင် ရှိသွားပါပြီ ၂၀၁၅ တုန်းက ပင်စင်ယူခဲ့တာဖြစ်ပါတယ်၊ ပင်စင်ယူပြီးတဲ့ နောက်ပိုင်းမှာလည်း နိုင်ငံ တော်အတွက် လိုအပ်တဲ့ကိစ္စရပ်တွေကိုလည်းပဲ အခုချိန်ထိ ဆောင်ရွက်နေဆဲလည်းဖြစ်ပါတယ်၊ လက်ရှိပြင်ဦးလွင်မှာ နေတယ် – (ဗိုလ်အောင်မင်းက) လှမ်းပြီးတော့ ဗိုလ်သက်နိုင်ဝင်းရေ ကျနော်တို့ ကရင်ပြည်နယ်မှာ သွားရအောင် – ‘အဘ’ – ဘာများရှိလို့လဲ၊ ကရင်ပြည်နယ်ရဲ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ဒို့ – သွားပြီး အားပေးရအောင် – ဖိတ်ထားတယ်တဲ့၊ အဲဒါနဲ့ ကျနော်လိုက်ပါ့မယ်လို့ ဘာကြောင့်လဲဆိုတော့ ကျနော် ကရင်ပြည်နယ်ကိုမရောက်တာ ၆နှစ် လောက်ရှိပါပြီ၊ ၂၀၂၁ ကတည်းက မရောက်တာ – ကျနော် သွားချင်ဇောလည်းရှိပါတယ်” စသဖြင့် သူပါဝင်လာပုံကို ဘားအံဖိုရမ်မှာ သူ့ကိုယ်သူ မိတ်ဆက်ပြောဆိုတဲ့အထဲမှာ ထည့်ပြောပါတယ်။

ဒီအကြောင်းတွေကို အခုလို ရှည်ရှည်ဝေးဝေး စကားပလ္လင်ခံနေရတဲ့အကြောင်း ၂ချက် ရှိလို့ပါ။ ပထမ အ ချက်က ဒီလူတွေ(ဗိုလ်အောင်မင်း – ဗိုလ်သက်နိုင်ဝင်း)နဲ့ မန်းငြိမ်းမောင်တို့ရဲ့ “ကိုယ်စားပြုမှု (ရပ်တည်မှု)နဲ့ တာဝန်” ကို ရှင်းလင်းပေါ်လွင်စေချင်လို့ပါ။

သူတို့ (၃)ယောက်ရဲ့ ကိုယ်စားပြုမှု (ရပ်တည်မှု)က လက်ရှိမင်းအောင်လှိုင်အစိုးရရဲ့ ငြိမ်းချမ်းရေးပေါ်လစီကို ကိုယ်စားပြု ရပ်တည်နေကြတာပါ။

သူတို့တာဝန်က NCA စာချုပ်ဘောင်ထဲ ပြန်လည်ဝင်ရောက်လာစေရေး တစ်နည်းအားဖြင့် “ကြိုတင် စည်း ကမ်းသတ်မှတ်ချက် မရှိ” ဆိုတဲ့ စကားနဲ့ ကမ်းလှမ်းနေတဲ့ မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကျော့ကွင်းထဲ လှည့်စားမျှား ခေါ်ရေး၊ ပစ်ကွင်းထဲ သတ်ကွင်းထဲ ဝင်လာအောင် တောချောက်ပေးရေး တာဝန်ဖြစ်ပါတယ်။

သူတို့လှည့်စား မျှားခေါ်ရမယ့်တာဝန်က ကရင်အမျိုးသားအစည်းအရုံး(KNU)တစ်ဖွဲ့ထဲ မဟုတ်ပါဘူး။ ကရင် ပြည်နယ်မှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံပြည်သူများကိုပါ ရည်ရွယ်ထားတာပါ။

ဒါ့အပြင် သူတို့ရဲ့ ဒီကနေ ရရှိလာတဲ့ အတွေ့အကြုံတွေကို အခြားနေရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဖြန့်ကျက်လှည့်စားနိုင်ဖို့ဆိုတဲ့ အကြံအစည်တွေလည်း ပါရှိနေပါတယ်။

လူတစ်ယောက်ဟာနိုင်ငံရေးယုံကြည်ချက်တစ်ခု (သို့မဟုတ်) ကိုးကွယ်ရာဘာသာတစ်ခုကို သူ့စိတ်ဆန္ဒအ တိုင်း လွတ်လပ်စွာယုံကြည်ပိုင်ခွင့် ကိုးကွယ်ပိုင်ခွင့်ရှိသလို – လွတ်လပ်စွာ မယုံကြည်ပိုင်ခွင့် မကိုးကွယ်ပိုင်ခွင့်လည်း ရှိပါတယ်။ သို့တည်းမဟုတ် လက်ရှိ သူယုံကြည်နေဆဲ နိုင်ငံရေးယုံကြည်ချက် (အယူဝါဒ/လမ်းစဉ်)ကို သူ့စိတ်ဆန္ဒ အတိုင်း စွန့်လွှတ်ကျောခိုင်းပစ်ပယ်ချင်လို့ ရပါတယ်။ ဘာသာရေးမှာလည်း လက်ရှိသူကိုးကွယ်နေတဲ့ ကိုးကွယ်မှုက နေ အခြားဘာသာရေးယုံကြည်မှုတစ်ခုဆီသို့ (ဘာသာ) ကူးပြောင်းသွားချင်လို့လည်း ရပါတယ်။ ဒါတွေဟာ သက်ဆိုင် သူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဒီမိုကရေစီအခွင့်အရေးပဲဖြစ်ပါတယ်။

ဒါပေမယ့် “လူမျိုးတစ်မျိုးအရေး (ဝါ) အမျိုးသားရေး” ဆိုတဲ့ ကိစ္စကတော့ အထက်ကစာပိုဒ်မှာ ရေးသား ဖော်ပြခဲ့သလို နိုင်ငံရေးအယူအဆ စွန့်ပယ်ကျောခိုင်းသလို သို့တည်းမဟုတ် ဘာသာရေးကူးပြောင်းသလို အလဲအထပ် မလုပ်နိုင်တဲ့ လုပ်လို့လည်း မရနိုင်တဲ့ကိစ္စလို့ ကျနော် အခိုင်အမာ ယူဆပါတယ်။

လူမျိုးတစ်မျိုး အစဉ်တစိုက် ကြီးပွားတိုးတက်ကောင်းစားရေး (ဝါ) အမျိုးသားတစ်ရပ် အစဉ်တစိုက်ကြီးပွား တိုးတက်ကောင်းစားရေးဆိုတာဟာ ကျားတို့၊ ကျားသစ်တို့ရဲ့ အရေခွံပေါ်က အစင်းအကြား အစက်အပျောက်တွေလို (ကျားသေ အရေမပြောင်း ဆိုတာလို) ပြောင်းလဲပစ်လို့ မရစကောင်းပါဘူး။

လူမျိုးတစ်မျိုး အစဉ်တစိုက် ကြီးပွားတိုးတက်ကောင်းစားရေး (ဝါ) အမျိုးသားတစ်ရပ် အစဉ်တစိုက်ကြီးပွား တိုးတက်ကောင်းစားရေးဆိုတာ ဘယ်ခေတ်ဘယ်ကာလမှာပဲဖြစ်ဖြစ် ထာဝစဉ်ဦးတည်ထားရမယ့် အမျိုးသားဆိုင်ရာ တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။

ဒါကြောင့် လူမျိုးတစ်မျိုးရဲ့တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြည့်စုံစွာ ရရှိရေးဆိုတာဟာ ကျားတို့ ကျားသစ် တို့ရဲ့ အရေခွံလိုပါပဲ။

ဗိုလ်အောင်မင်းတို့ ဗိုလ်သက်နိုင်ဝင်းတို့ဆိုတာဟာ သူတို့ရဲ့စစ်အုပ်စုအရေခွံကို သေရင်တောင် ပြောင်းမယ့်သူ တွေ မဟုတ်ပါဘူး။ (Once a soldier, always a soldier) “တစ်ခါစစ်သားဖြစ်ဖူးရင် တစ်သက်လုံးစစ်သားပဲ” ဆိုတဲ့ စစ်အုပ်စုအစွဲအလမ်းကို သေတဲ့အထိ စွဲမြဲသွားမယ့်သူတွေဖြစ်ပါတယ်။

သူတို့ဟာ (ဗိုလ်အောင်မင်း၊ ဗိုလ်သက်နိုင်ဝင်း) “အငြိမ်းစား” ယူသွားပေမယ့် အငြိမ်းစားယူထားပေမယ့် စစ် အာဏာရှင်စနစ်အတွက် အမြဲတမ်းအလုပ်ကျွေးပြုဖို့ အသင့်ရှိနေသူတွေ ဖြစ်တယ်ဆိုတာကို “ဘားအံဖိုရမ်”မှာ သူတို့ ပြောတဲ့စကားတွေထဲမှာ တွေ့နိုင်ပါတယ်။ ဗိုလ်အောင်မင်း ဖိုရမ်မှာပေးသွားတဲ့ ရုရှက “မူကြိုကျောင်းသား ဥပမာ”ကို ပဲ ကြည့်ပေါ့။ (ဗိုလ်အောင်မင်းရဲ့ ဒီဥပမာကလည်း တလွဲတချော်ပါ)

မန်းငြိမ်းမောင်ကတော့ သူ့အမျိုးသားအရေးကို ကျောခိုင်းစွန့်ပယ်ပြီး မသေဘဲ အရေပြောင်းသွားတဲ့သူပဲ မဟုတ်ပါလား။ စစ်အုပ်အာဏာရှင်စနစ်ရဲ့ ရုပ်သေးရုပ်၊ မင်းအောင်လှိုင်ရဲ့ အသုံးတော်ခံဘဝသို့ အလိုလိုသက်ဆင်း လျှောကျသွားတာ မဟုတ်ပါဘူး၊ ဘယ်သူကမှ တွန်းချလိုက်တာလည်း မဟုတ်ပါဘူး။ သူ့သဘောနဲ့သူ၊ သူ့ကိုယ်ပိုင် အဆုံးအဖြတ်နဲ့သူ သူကိုယ်တိုင်တမင်တကာ လျှောချ ခုန်ဆင်းသွားတာဖြစ်ပါတယ်။

လက်ရှိ မန်းငြိမ်းမောင် (ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ အဖွဲ့ဝင်)ရဲ့ တာဝန်ဟာ မင်းအောင်လှိုင်ရဲ့ ငြိမ်း ချမ်းရေးကျော့ကွင်းထဲ သားကောင်တွေ စုဝင်လာအောင် မြှူဆွယ်ပေးရတဲ့ စစ်အုပ်စုရဲ့ပစ်ကွင်းထဲ သတ်ကွင်းထဲ သား ကောင်တွေ တိုးဝင်လာအောင် တောချောက်ပေးရတဲ့ ဘဝအနေအထားဖြစ်ပါတယ်။

ပြည်တွင်းစစ်သမိုင်းကြောင်း (၁၉၄၈ – ၂၀၂၆ မျက်မှောက်ကာလ) မှာ မန်းငြိမ်းမောင်လို လူစားမျိုးဟာ ပထမ ဦးဆုံးလည်းမဟုတ်သလို နောက်ဆုံးလည်း မဟုတ်သေးပါဘူး။

ဒါကြောင့် အသက်အရွယ်လည်း ကြီးရင့်ကြပြီဖြစ်တဲ့ KNLA – GOC ဟောင်း – KNU ဥက္ကဋ္ဌဟောင်း စောမူ တူးစေးဖိုးဟာ မန်းငြိမ်းမောင်လျှောက်နေတဲ့ လမ်းကို မရွေးချယ်သင့်ပါဘူး။ မန်းငြိမ်းမောင် နောက်ကနေလိုက်ပြီး မလျှောက်လှမ်းသင့်ဘူးလို့ ယူဆပါတယ်။

ဗိုလ်အောင်မင်း “ဘားအံဖိုရမ်”မှာပြောတဲ့ စကားထဲမှာ “နိုင်ငံတော်က စောမူတူးစေးဖိုးကို ကရင်အမျိုးသား များ၏ အမျိုးသားခေါင်းဆောင်”လို့ သမ္မတ ဗိုလ်သိန်းစိန်ကရော၊ သမ္မတ မင်းအောင်လှိုင်က သတ်မှတ်ပေးထားတယ် လို့ ဆိုပါတယ်။

ဟုတ်ပြီ။ သူတို့ (ဗိုလ်သိန်းစိန်နဲ့မင်းအောင်လှိုင်) သတ်မှတ်ပေးတာဟာ သူတို့ စိတ်တိုင်းကျ အသုံးတော်ခံ စေမယ့် ရုပ်သေးရုပ်အမျိုးသားခေါင်းဆောင်မျိုးတော့ ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။ အမျိုးသားတစ်ရပ်ရဲ့ အမျိုးသားခေါင်းဆောင်ဟာ သူ့လူမျိုးနဲ့ ဘဝတူ အခြားသောလူမျိုးတွေကို စာနာထောက်ထားဖို့ သူတို့ရဲ့ အရေးအရာ တွေတိုင်းမှာ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး လွတ်လပ်ပြတ်သား တည်ကြည်စွာ တင်ပြပြောဆိုနိုင်ခွင့် လွတ် လပ်စွာ လှုပ်ရှားနိုင်ခွင့်တွေရှိဖို့ လိုအပ်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ သူတို့ဆောက်ထားတဲ့ “စင်မြင့်- ဖိုရမ် -ညီလာခံ”တွေမှာ အစည်းအဝေးရှိမှ နှီးနှောဖလှယ်ပွဲရှိ မှ သူတို့ (စစ်အုပ်စု/စစ်အာဏာရှင်စနစ်) အလိုကျ လိုက်ပါဟောပြောပေးဖို့သက်သက် အသုံးတော်ခံ “ရုပ်ပြ အမျိုး သားခေါင်းဆောင်/ရုပ်သေး အမျိုးသားခေါင်းဆောင်” မျိုးတော့ ဘယ်နည်းနဲ့မှ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။ အဲဒီလို ဘဝမျိုးသို့ ကာယကံရှင်ကိုယ်တိုင်လည်း ဆင်းမသွားသင့်ပါဘူး။
မိမိဖြတ်သန်းလာတဲ့ မိမိ(ကရင် အမျိုးသားရေး – တန်းတူရေး – ကိုယ်ပိုင်ဖြတ်သန်းခွင့်ရရှိရေးတိုက်ပွဲ) သမိုင်း ဖြတ်သန်းမှုကို ကာယကံရှင်ကိုယ်တိုင်က လေးစားတန်ဖိုးထားဖို့ သိပ်ကို လိုအပ်ပါတယ်။

KNLA – GOC ဟောင်း – KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးဟာ ဥက္ကဋ္ဌ အာဇာနည်စောဘဦးကြီးကို သိမီခဲ့ သူတွေအနက်(သက်ရှိထင်ရှား) ရှိနေသူတွေထဲက တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။

ငယ်ရွယ်စဉ်က စောမူတူးစေးဖိုးဟာ ဥက္ကဋ္ဌစောဘဦးကြီး စီးတဲ့ဂျစ်ကားကို မောင်းနှင်ပေးခဲ့ဖူးသူဆိုတဲ့ အပြောအဆို အမှတ်အသား အထင်အရှားရှိသူလည်းဖြစ်ပါတယ်။
ဒါ့အပြင် KNLA မှာ သာမန်ရဲဘော်ဘဝကနေ ဗိုလ်ချုပ်ကြီး (GOC) အထိ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌတာဝန်အထိ အမြင့်ဆုံးဖြစ်တဲ့ တာဝန်ကြီးတွေကို ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အချက် အလက်အရ ထည့်သွင်းပြောကြစတမ်းဆိုရင် (NCA)စာချုပ်မှာ ကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလိုကိုယ်ပိုင်ဖြတ်သန်းမှုတွေကို ကိုယ်တိုင်ရေစုန်မျှောပစ်သလိုဖြစ်စေမယ့်၊ မိမိသွေးချွေးတွေနဲ့ရင်းပြီး ရေး သားခဲ့ရတဲ့ မိမိလက်နဲ့ရေးသားလာခဲ့တဲ့ မိမိဖြတ်သန်းမှုသမိုင်းကြောင်းကို မိမိခြေထောက်နဲ့ပြန်ပြီး ဖျက်ဆီးပစ်သလို ဖြစ်စေမယ့် စစ်အုပ်စု/စစ်အာဏာရှင်စနစ်အတွက် အသုံးတော်ခံ “ရုပ်ပြ အမျိုးသားခေါင်းဆောင်/ရုပ်သေး အမျိုးသား ခေါင်းဆောင်”မျိုးတော့ ဘယ်နည်းနဲ့မှ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။ ဒီအချက်ကို လေးလေးနက်နက် စဉ်းစားဆင်ခြင် ပြီး သတိပြုစေချင်ပါတယ်။

စောမူတူးစေးဖိုး လက်ရှိကြုံတွေ့နေရတဲ့ ရင်ဆိုင်ရမှုမျိုးကို အခြားသောလူမျိုးတွေက၊ အခြားသောအဖွဲ့အ စည်းတွေက သမိုင်းဖြတ်သန်းမှု အစဉ်အလာ အထင်အရှားရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့လည်း လေးနက်သော သတိပြုစရာ စဉ်းစားဆင်ခြင်စရာတစ်ခုအဖြစ် ထည့်သွင်း စဉ်းစားကြည့်ကြပါလို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။

လူမျိုးတစ်မျိုးရဲ့ အမျိုးသားခေါင်းဆောင်ဆိုတာ မိမိလူမျိုးအပြင် မိမိလူမျိုးနဲ့ဘဝတူ အခြားလူမျိုးတွေအ တွက်၊ လူမျိုးပေါင်းစုံပြည်သူတွေ စုပေါင်းနေထိုင်ပြီး လူမျိုးပေါင်းစုံက စုပေါင်းပိုင်ဆိုင်တဲ့ တိုင်းပြည်(မြန်မာပြည်)အ တွက်လည်း “ဆိုရေးရှိက ဆိုအပ်လှ” ဆိုသလို အရေးအရာကိစ္စတိုင်းမှာ (ဒါလေးတော့ ပြောပါရစေခင်ဗျာ – ပြောခွင့် ပေးပါခင်ဗျာလို့) မွဲသွေ့သွေ့မျက်နှာနဲ့ ဘယ်သူဆီကမှ ခွင့်ပြုချက်တောင်းခံနေစရာ အကြောင်းမရှိပါဘူး။ မိမိလူမျိုးအ တွက် မိမိလူမျိုးနဲ့ ဘဝတူ အခြားလူမျိုးတွေအတွက် တစ်တိုင်းတစ်ပြည်လုံးအတွက် ပြောစရာရှိတာကို ဖြောင့်မတ် တည်ကြည်တဲ့ စိတ်ရင်းအမှန်နဲ့ ပြောဆိုဖို့ တာဝန်အပြည့်အဝရှိပါတယ်။

အဲဒီ တာဝန်ကို ဘယ်လိုအုပ်စိုးသူထံကနေ ဘယ်လိုရုပ်ဝတ္ထုပစ္စည်းနဲ့မျှ မလဲလှယ်သင့်ပါဘူး။ အဲဒီ တာဝန်ကို ဘယ်လိုတစ်ဦးချင်း ခံစားနိုင်ခွင့်ဆိုတဲ့ ပုဂ္ဂလိကအကျိုးစီးပွားနဲ့မျှ အပေးအယူ မလုပ်သင့်ပါဘူး။

ဒါမှသာ တင်းပြည့်ကျပ်ပြည့် အမျိုးသားခေါင်းဆောင်ဆိုတဲ့ ဂုဏ်နဲ့ဒြပ် အပ်စပ်ဆီလျော်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ အုပ်စိုးသူကနေ၊ စစ်အုပ်စုကနေ၊ စစ်အာဏာရှင်စနစ်ကနေ လိုရာသုံးနိုင်ဖို့ ရုပ်ပြရုပ်သေးအဖြစ် အသုံးတော်ခံရဖို့ ဟန်ပြမြှောက်စားလိုက်တဲ့ “ရုပ်ပြအမျိုးသားခေါင်းဆောင်/ရုပ်သေးအမျိုးသားခေါင်းဆောင်”ပဲ ဖြစ် နေပါလိမ့်မယ်။

နောက်ဆုံးတစ်ချက်ကတော့ “ဘားအံဖိုရမ်” မှာ ဗိုလ်အောင်မင်းက “ကျနော် ကြားဖြတ်ပြီး ကြော်ငြာထိုးချင် ပါတယ်” ဆိုပြီး (KNPC – Karen National Peacemaking Committee) အကြောင်း အခုလို ပြောသွားပါတယ်။

– “ဒီအဖွဲ့ (KNPC) မှာ ဆရာတော်တွေလည်းပါ ပါတယ်။ ဒီမှာလည်း အဲဒီဆရာတော်တွေ တက်နေပါတယ်။ (DKBA) ပါတယ်။ (KNU/ KNLA-PC) လည်းပါတယ်။ ဒီမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ အကုန်ပါပါ တယ်။ အဲဒီအဖွဲ့ကိုတော့ ရှင်းရှင်းပြောရရင်တော့ ကျနော့်တစ်ဦးတစ်ယောက်ချင်းရဲ့ ဆန္ဒကို ပြောမယ်ဆို ရင် ကျနော် သဘောကျပါတယ်။ ဒါကို ထောက်ခံပါတယ်။ ဒီလိုကိစ္စကိုလည်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ဟိုးအရင်ကာလကတည်းက ကျနော်စဉ်းစားခဲ့တာဖြစ်ပါတယ်။ ကျနော်တို့က နယ်မြေတစ်ခုကို ထောင် မယ်။ အဲဒီနယ်မြေက no man’s land လို့ခေါ်ပါတယ်။ အဲဒီထဲမှာ တိုက်ပွဲမဖြစ်အောင်လုပ်မယ်။ တိုက်ပွဲ မဖြစ်အောင်လုပ်ခြင်းအားဖြင့် ဘာြဖစ်လာမလဲဆိုရင် ဒီမိုကရေစီဘောင်ကျယ်လာမယ် – စစ်ဘောင်ကျဉ်း သွားမယ် – အဲဒီလိုနယ်မြေတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်လိုက်ရင် ကရင်ပြည်နယ်မှာ ငြိမ်းချမ်းတဲ့ကရင် ပြည်နယ်ကြီးဖြစ်လာမယ်။ အားလုံးက ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ ဒီမိုကရေစီကျယ်ပြန့်တဲ့ ဒေသကြီး ဖြစ်လာမယ် – အဲဒါကို သူတို့ စတင် ဆောင်ရွက်နေပါတယ် – ဒါကို ကျနော် အားပေးပါတယ် – ဒါကိုလည်း ကျနော် နောက်ပိုင်းကနေ ဝိုင်းဝန်းပြီး ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်းလည်း ကျနော်တင်ပြပါ တယ်” လို့ အတိအလင်း ပြောသွားပါတယ်။

ဗိုလ်အောင်မင်း အပြောအရဆိုရင် ပထမအချက်က (KNPC – Karen National Peace Making Committee) ရဲ့နောက်ကွယ်မှာ သူရှိနေမယ်။ သူ ကြိုးဆွဲနေမယ်ဆိုတာ ထင်ရှားနေပါတယ်။

ဒုတိယအချက်က no man’s land ဆိုတာ ဂျပန်က ဆာဆာကာဝါ (နိပွန်ဖောင်းဒေးရှင်း) အကူအညီနဲ့ ပေါ်လာ တဲ့ “လေးကေ့ကော်မြို့သစ်” ကို ပြေးမြင်မိပါတယ်။ ဒါဆိုရင် ဒီနယ်မြေ/ ဒီမြို့သစ်ဟာ ဗိုလ်အောင်မင်း – စောမူတူးစေး ဖိုးနဲ့ ဆာဆာကာဝါတို့ ပူးပေါင်းပြီး ဖန်တီးခဲ့ကြတဲ့ “စိတ်ကူးယဉ်ငြိမ်းချမ်းရေးမြို့သစ်”ပေါ့။

တတိယအချက်က “လေးကေ့ကော်မြို့သစ်” မျိုး ကရင်ပြည်နယ်မှာ နောက်ထပ်ပေါ်လာသေးသလား။ ဒါမှမ ဟုတ် “လေးကေ့ကော်မြို့သစ်” ဟာ ဘာကြောင့် တစ်ကျော့ပြန် စစ်မီးလျှံထဲမှာ ဘယ်လိုပြာပုံ၊ အပျက်အစီးပုံ ဖြစ်သွား ရသလဲဆိုတဲ့အချက်ကို ဗိုလ်အောင်မင်း စဉ်းစားမိပါရဲ့လား။ ဗိုလ်အောင်မင်းတို့ စိတ်ကူးယဉ်သလို “ဒီမိုကရေစီဘောင် ကျယ်လာပြီး – စစ်ဘောင်ကျဉ်းသွားရဲ့လား”။

ပျက်စီးနေတဲ့ “လေးကေ့ကော်မြို့သစ်” က လက်တွေ့ကျကျပေးလိုက်တဲ့ အဖြေက ဒီမိုကရေစီ ဆိုတာ မူးလို့မှ ရှူစရာမရှိအောင် ပျောက်ကွယ်သွားပြီး စစ်ကပဲ နေရာတကာ ဆိုးသွမ်းမင်းမူနေတယ်ဆိုတဲ့ အဖြေပဲ မဟုတ်ပါလား။

လေးကေ့ကော်မြို့သစ်နဲ့ ကရင်ပြည်နယ်တစ်ခုထဲတင် ဒီမိုကရေစီဆိုလို့ မူးလို့မှ ရှူစရာမရှိအောင် ပျောက် ကွယ်သွားခဲ့ရတာ၊ သဲသန်လာတဲ့ တစ်ကျော့ပြန်ပြည်တွင်းစစ်က တစ်ပြည်လုံးအနှံ့ ဆိုးသွမ်းမင်းမူလာစေတဲ့ အဓိက အကြောင်းရင်းနဲ့ဇစ်မြစ်ဟာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ (၁-၂-၂၀၂၁) အာဏာသိမ်းပိုက်မှုပဲ ဖြစ်တယ်ဆိုတဲ့အချက်ကို ဗိုလ်အောင်မင်း ထုတ်ဖော်ပြောဆိုဝံ့ပါသလား။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်အနေနဲ့ရော ဘားအံဖိုရမ်မှာ စကားကြီးစကားကျယ် တွေပြောသလို “တိုင်းပြည်ကို မျက်မှောက်ပြုပြီးတော့ ပြည်သူတွေကို မျက်မှောက်ပြုပြီးတော့ ပကတိ အခြေအနေ ကို မျက်မှောက်ပြုပြီးတော့” တရားခံအစစ်ဟာ ဘယ်သူလဲ။ ဘယ်သူ့ကြောင့်လဲ။ ဘယ်သူလုပ်ဆောင်မှုကြောင့်လဲ ဆိုတဲ့အချက်ကို လက်တွေ့ကျကျ ကြည့်ရဲမြင်ရဲ သုံးသပ်ပြောဆိုရဲပါသလား။

ဒီနေ့တိုင်းပြည်နဲ့အဝန်းမှာ မင်းအောင်လှိုင်ရဲ့ခါးပိုက်ဆောင်စစ်တပ်က သတ်ဖြတ်နေတာတွေ ဗုံးကြဲနေတာ တွေ၊ လူငယ်တွေကို “ပြည်သူ့စစ်မှုထမ်းဥပဒေ” ဆိုတဲ့ မတရားတဲ့ဥပဒေနဲ့ အဓမ္မစစ်မှုထမ်းဖို့ ပေါ်တာဆွဲနေတာ‌တွေရဲ့ အဓိကဇစ်မြစ်နဲ့အကြောင်းရင်းကို ကျောခိုင်းမျက်ကွယ်ပြုပြီး မသိဟန်ဆောင်ပြီး တစ်လုံးတစ်ပါဒမှ ထည့်မပြောတဲ့ ဘားအံဖိုရမ်ကို ဘယ်သူက ယုံကြည်နိုင်မှာမို့လို့လဲ။ ဘားအံဖိုရမ်ကျင်းပနေချိန်မှာပဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့ က အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးတဝိုက်ကို ပေါင် ၅၀၀ ဗုံး (၂)လုံးကြဲချခဲ့ပါတယ်။ ကရင်နီ(ကယား)ပြည်နယ်မှာ လည်း အလားတူ ဗုံးတွေကြဲချနေခဲ့တယ် မဟုတ်ပါလား။

ဒီကနေ့ တိုင်းပြည်နဲ့အဝန်းမှာ တစ်ကျော့ပြန်ပြင်းထန်လာရတဲ့ စစ်မက်ဘေးဒုက္ခအလုံးစုံဟာ မင်းအောင်လှိုင် စစ်အုပ်စုက “မဲ မသမာမှု ဆိုတဲ့ လုပ်ကြံအကြောင်းပြချက်”နဲ့ စစ်အာဏာသိမ်းပိုက်မှုကနေ တိုက်ရိုက်ဖန်တီးပေးလိုက် တာဖြစ်ပါတယ်။

NCA စာချုပ် (ဗိုလ်အောင်မင်းအပြောအရ mother law ဖြစ်သွားဆိုတဲ့ – ဘယ်သူမှ ဖျက်လို့မရဘူးဆိုတဲ့ – ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ ခိုင်မာသောဥပဒေဖြစ်သွားတယ်ဆိုတဲ့) စက္ကူစုတ်ဖြစ်သွားရတာ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းပိုက်မှုကြောင့်ပဲဖြစ်ပါတယ်။ CRPH – NUG – PDF အပါအဝင် လက်နက်ကိုင်အဖွဲ့သစ်တွေ တိုင်းပြည်နဲ့ အဝန်း ပေါ်ပေါက်လာရတဲ့ အဓိကအကြောင်းရင်းဟာ မင်းအောင်လှိုင်စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုကြောင့်ပဲ ဖြစ်ပါ တယ်။

ဒါကြောင့် အရင်းစစ်လိုက်ရင် လေးကေ့ကော်မြို့သစ် သုသာန်တစပြင်သဖွယ် ပျက်စီးသွားရတာလည်း မင်းအောင်လှိုင် စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုကြောင့်ပဲဖြစ်ပါတယ်။
ဗိုလ်အောင်မင်း အာတွေ့လှတဲ့စကားလုံးနဲ့ဆိုရရင် “ဒီမိုကရေစီဘောင်ကျဉ်းသွားပြီး စစ်ဘောင်စစ်မီး ကျယ် ပြန့်သွားရတာဟာ မင်းအောင်လှိုင်စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုက အဓိကဇစ်မြစ်နဲ့ တစ်ခုတည်းသော အကြောင်း ရင်းဖြစ်ပါတယ်။

မင်းအောင်လှိုင်အတွက် – ညိုစောအတွက် – ရာပြည့်အတွက် (ဉာဏ်နီဉာဏ်နက်တွေဆင်ပြီး) အကြံပေးရမယ့် အကြံပေးဆရာကြီး ဗိုလ်အောင်မင်းအနေနဲ့ ပထမအဆင့်ဖြစ်တဲ့ cease fire တတိုင်းတပြည်လုံး အပစ်အခတ်ရပ်စဲဖို့ မင်းအောင်လှိုင်တို့ကို အရင်ဆုံး အကြံပေးကြည့်စမ်းပါလား။

တင်းပြည့်ကျပ်ပြည့် အမျိုးသားခေါင်းဆောင်သာမှန်ရင် ဒီလိုဖြစ်ရပ်တွေကို မမြင်ဟန် မကြားဟန် ပြုနေလို့ မရဘဲ မိမိလူမျိုးအတွက် မိမိပြည်နယ်တစ်ခုထဲအတွက်သာ ဘောင်ခတ်ကန့်သတ်မနေဘဲ အခြားလူမျိုးတွေနဲ့ တတိုင်း တပြည်လုံးအတွက် ရဲဝံ့တည်ကြည်စွာ ပြောဆိုရန်လည်းတာဝန်ရှိပါကြောင်း လေးစားစွာ ပန်ကြားတိုက်တွန်းလိုက်ပါ တယ်။

လူမဆန်တာ မှန်သမျှ မလုပ်ရဲတာဘာမှမရှိတဲ့ မင်းအောင်လှိုင်ရဲ့ ပရိယာယ်နဲ့ကောက်ကျစ်မှုကို ဟန်ဆောင် ဖုံးကွယ်ထားတဲ့ “အပြုံး” ကို မြင်ဖူးတွေ့ဖူး၊ စကားပြောဖူးတဲ့ ဒေါက်တာနော်ကပေါ်ထူးတစ်‌ယောက်ကတော့ တံလျှပ် ကို ရေလို့ ထင်မှတ်မှားနေဟန်ရှိပါတယ်။

ဒေါက်တာ နော်ကပေါ်ထူးဟာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုကြောင့် (၁-၂-၂၀၂၁)ရက်နေ့ နောက်ပိုင်း ဆက်တိုက်ဆင့်ကဲ ပေါ်ထွက်လာတဲ့ သွေးထွက်သံယိုဖြစ်မှုတွေ၊ သဲသန်ပြင်းထန်လာတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ တိုင်းပြည်နဲ့အဝန်း လူမျိုးပေါင်းစုံပြည်သူတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရတဲ့ စစ်မက်ဘေးဒုက္ခ ပေါင်းစုံကို ဆက်စပ်ကြည့်မြင်နိုင်စွမ်း၊ စဉ်းစားနိုင်စွမ်း၊ ကိုယ်ချင်းစာနိုင်စွမ်း အင်မတန်ခေါင်းပါး ချို့တဲ့နေသူတစ်‌ ယောက်ပဲလို့ ထင်မြင် ကရုဏာသက်မိပါတယ်။

ဒါကြောင့် ဒေါက်တာနော်ကပေါ်ထူးအတွက် အောက်ပါကျမ်းချက်နဲ့ပဲ နိဂုံးချုပ်ပေးလိုက်ပါတယ်။

– သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသော သူတို့အဘို့ ဘုရားသခင် ကို ဆုတောင်းကြလော့။(မဿဲ ၅း၄၄)