Home သတင်း ကော့ကရိတ်မြောက်ပိုင်းသို့ သုံးရက်ဆက်တိုက် စစ်အုပ်စုလေယာဥ်ဗုံးကြဲ၍ နေအိမ်အများအပြား ပျက်စီး

ကော့ကရိတ်မြောက်ပိုင်းသို့ သုံးရက်ဆက်တိုက် စစ်အုပ်စုလေယာဥ်ဗုံးကြဲ၍ နေအိမ်အများအပြား ပျက်စီး

17
Photo: CJ

အောက်တိုဘာလ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြောက်ပိုင်းသို့ ပြီးခဲ့သည့် အောက်တိုဘာ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ စစ်အုပ်စုက တိုက်လေယာဥ်၊ Y12 အသုံးပြု ဖျက်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ထီဖိုးစံ၊ မိဖာလဲ၊ မြပတိုင်နှင့် ကွီမောင်တိုင် ကျေးရွာများဘက်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့တစ်မနက်တည်းတွင်ပင် ဗုံးသီး(၅၀)ထက်မနည်း ကြဲချတိုက်ခိုက် ခဲ့သည်ဟု ရွာအခြေပြု၍ စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“၃ ရက်ရှိပြီ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတာ။ ဒီနေ့မနက် ၅ နာရီကျော်မှာလည်း Y-12 ကနေ ဗုံးသီး ၅၀ လောက် ကြဲသွားတယ်။ အပျက်အစီးကတော့ အိမ်တွေ၊ ခြံတွေ တော်တော်ပျက်စီးကုန်တယ်။ ဒရုန်းကတော့ စက်တင်ဘာလမကုန်ခင်ကတည်းက ချနေတာ” ဟု ၎င်းစစ်ရှောင်ကူသူက ပြောသည်။

လက်ရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံနေရသည့် ကျေးရွာများတွင် လူနေထိုင်မှုအချို့ ရှိနေသေးသော်လည်း အများစု စစ်ဘေးရှောင်နေရ၍ လူထိခိုက်မှုရှိ မရှိနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုအခြေအနေကို အသေးစိတ်သိနိုင်ရေး ခက်ခဲနေသည်။

တဖက်က ကော့ကရိတ်အခြေစိုက် ကရင်စစ်ရေးသတင်းအရင်းအမြစ်များအဆိုအရ စစ်အုပ်စုသည် ကော့ဖန်ကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲနေပြီး ဒရုန်းလွှတ်တင်ကာ ကြဲချတိုက်ခိုက်မှုများရှိကြောင်းလည်း သိရသည်။

တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးက “ဒီဘက် ထီဖိုးစံရွာဘက်ကို ပြန်တိုးလို့မရတော့ ရွာဖျက်ပစ်တဲ့သဘောမျိုးပေါ့။ လေယာဉ်နဲ့အကုန် ဗုံးကြဲပြီး ဖျက်စီးနေတာမျိုး။ လူအသေအပျောက်ကတော့ ရွာထဲဝင်မရှင်းရသေးတော့ မသိနိုင်သေးဘူး” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ယမန်နေ့၊ အောက်တိုဘာလ (၇) ရက် ည ၆ နာရီကျော်အချိန်က ကွီမောင်တိုင်ကျေးရွာကို ဂျက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ထို့အတူ စစ်အုပ်စု၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၂) တပ်ဝင်းမှ အတွဲလိုက်ပစ်မစ်ဇိုင်းဒုံးများဖြင့်လည်းကောင်း၊ ခြေလျင်တပ်ရင်း ခလရ (၂၃၀)၊ ရင်ခွဲတောင် စစ်တပ်ကုန်းနှင့် လှိုင်ဝ အမြောက်တပ်ကုန်းတို့မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့်လည်းကောင်း ထီဖိုးစံကျေးရွာနှင့် ကွီမောင်တိုင်ကျေးရွာဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

လက်ရှိ ကော့ကရိတ်ဒေသတွင်း ပဋိပက္ခများကြောင့် ဒေသခံများမှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှစ၍ ယခု ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအထိ တစ်နှစ်ကျော်ကြာသည်အထိ စစ်ရှောင်နေကြရဆဲဖြစ်ရာ ယနေ့ထက်ထိ နေအိမ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၂,၀၀၀ ကျော် ရှိနေကြောင်း အကူအညီပေးနေသူများက မှတ်တမ်းတင်ထားသည်။