Home သတင်း ကော့ကရိတ်စစ်အုပ်စုက နန်းကော်တေးရွာခံ အမျိုးသမီး(၁)ဦးအပါအဝင် လူငယ် (၂) ဦးကို ဖမ်းဆီးပြီး ငွေညှစ်

ကော့ကရိတ်စစ်အုပ်စုက နန်းကော်တေးရွာခံ အမျိုးသမီး(၁)ဦးအပါအဝင် လူငယ် (၂) ဦးကို ဖမ်းဆီးပြီး ငွေညှစ်

388
Photo: CJ

စက်တင်ဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ (၅၄၇) တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ နန်းကော်တေးရွာခံ အမျိုးသမီး(၁)ဦးအပါအဝင် လူငယ်(၂) ဦးကို နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် စက်တင်ဘာလ (၁၅) ရက်နေ့က ဖမ်းဆီးသွားပြီး ပြန်ရွေးယူရန် ငွေညှစ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ခလရ(၅၄၇)တပ်ဖွဲ့အထိုင်ချထားသည့် အဆိုပါရွာချင်းဆက်လမ်းရှိ မြခိုင်ကုန်းစစ်ဆေးရေးဂိတ်၌ ဆိုင်ကယ်ဖြင့်လာသူ ရွာခံ အမျိုးသမီး(၁)ဦးနှင့်အမျိုးသား(၁)ဦးကို စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။ ထို့နောက် အတူပါလာသည့်ငွေနှင့် ဆိုင်ကယ်ကို သိမ်းယူထားသည့်အပြင် ပြန်ရွေးယူရန်ငွေထပ်တောင်းနေသည်ဟု ရွာခံများက ပြောသည်။

“ကရင်တွေပဲ လူငယ်ယောင်္ကျားလေးနဲ့မိန်းကလေး၊ သူတို့ကို ဖမ်းထားပြီး ဆိုင်ကယ်ကိုသိမ်းတယ်။ ပါလာတဲ့ ပိုက်ဆံ ၁၀ သိန်းကိုပါ သိမ်းသွားတယ်။ ပြီးတော့အခု လူကိုပါ ငွေနဲ့ လာပြန်ရွေးခိုင်းနေတယ်” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သည့် ဒေသခံက ပြောသည်။

ထိုအခြေအနေကို နန်းကော်တေးကျေးရွာအုပ်ချုပ်ရေးမှူး နှင့် နီးစပ်ရာကျေးရွာတာဝန်ရှိသူများက သိရှိထားသော်လည်း ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်းမရှိဟု ရွာခံများက ဆိုသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်နယ်မြေအတွင်းရှိ ကော့ကရိတ်မှနဘူးမရောက်ခင် အဆိုပါလမ်းပိုင်းတစ်လျှောက်ကျေးရွာများတွင် စစ်အုပ်စုအခြေချဂိတ်စခန်းများ လုံခြုံရေးအတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက တိုးမြှင့်ချထားခြင်းလည်းဖြစ်သည်။

ယင်းနောက် လမ်းပိုင်းဖြတ်သန်းသွားလာသူများအား စစ်အုပ်စုက အကြောင်းမဲ့ ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေသလို မှတ်ပုံတင်စစ်ဆေးခြင်း၊ မော်တော်ယာဥ်များကို ဂိတ်ကြေးတောင်းခံခြင်း၊ ဝယ်ယူလာသည့် စားသောက်ကုန်များကို သိမ်းယူခြင်း တို့ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိ နန်းကော်တေးရွာခံလူငယ်(၂)ဦးဖမ်းဆီးခံရသည့် အကြောင်းအရင်းကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထို့အတူ လတ်တလောတွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များက ထီဖိုးစံကျေးရွာအုပ်စုလမ်းပိုင်း၌ စစ်အုပ်စုကို ဖြတ်တောက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ကွီမောင်တိုင်ကျေးရွာနှင့် မိဖာလဲ့ကျေးရွာဘက်တို့တွင် ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။