Home သတင်း ကရင်နီ၊ မော်ချီးကို စစ်အုပ်စု လေယာဥ်ဗုံးကြဲ၍ ကလေးငယ်အပါအဝင် ဒေသခံ (၆) ဦး သေဆုံး၊ (၉) ဦးဒဏ်ရာရ

ကရင်နီ၊ မော်ချီးကို စစ်အုပ်စု လေယာဥ်ဗုံးကြဲ၍ ကလေးငယ်အပါအဝင် ဒေသခံ (၆) ဦး သေဆုံး၊ (၉) ဦးဒဏ်ရာရ

14
Photo: CJ

စက်တင်ဘာ (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်နယ်၊ မော်ချီးမြို့၊ ခဲတူးဖော်ရေးလုပ်ကွက်အနီး ကျောက်ကြားရပ်ကွက်ကို စစ်အုပ်စုက ယမန်နေ့၊ စက်တင်ဘာ(၁)ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်အုပ်စု လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်အပါအဝင် ဒေသခံ(၆)ဦး သေဆုံးပြီး (၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအခြေချနေထိုင်ရာ နေရာသို့ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးသူများပြားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“လေယာဉ်လာပစ်တဲ့နေရာက ဒေသခံတွေလုပ်ကိုင်စားသောက်တဲ့နေရာပဲ၊ ဘယ်လက်နက်ကိုင်အဖွဲ့မှမရှိဘူး။ သေဆုံးသူတွေထဲမှာ ကလေးပါတယ် စုစုပေါင်း ၆ ယောက်၊ ဒဏ်ရာရတာက ၉ ယောက်ရှိတယ်။ နေအိမ်တချို့လည်း ပျက်စီးတယ်” ဟု မော်ချီးဒေသခံတစ်ဦးက ပြောသည်။

အရပ်သားပြည်သူများ လေယာဥ်ဗုံးဆန်ကြောင့် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC ကလည်း အတည်ပြုထားပြီး လူထုကိုတမင်ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသသတင်းမီဒီယာများထံ ဖြေကြားထားသည်။

ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဒေသခံများနှင့်လူမှုအကူအညီပေးသူများသည် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုပေးနိုင်ရန် နီးစပ်ရာသို့ ပို့ဆောင်အကူအညီပေးခဲ့ကြကြောင်းလည်း သိရသည်။

မော်ချီးဒေသကို ၂၀၂၄ ခုနှစ်ကတည်းက ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားခြင်းဖြစ်ပြီး ထိုစဥ်ကတည်းက မော်ချီး ခဲသတ္တုတွင်းများအပါအဝင် လူနေကျေးရွာများဘက်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လတုန်းကလည်း မော်ချီး၊ လိုခါးလိုရွာကို စစ်အုပ်စုက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ(၃၀)ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။