Home သတင်း လေးမျက်နှာမြို့နယ် ရေကြီးမှုအတွင်း စပါးစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီး

လေးမျက်နှာမြို့နယ် ရေကြီးမှုအတွင်း စပါးစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီး

17
Photo: AKY

ဩဂုတ် (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုကျေးရွာ အပါအဝင် ကျေးရွာအများအပြားတွင် ငဝန်မြစ်ရေကာတာကျိုးပေါက်မှုနှင့် မိုးရွာသွန်းမှုများပြားခြင်းကြောင့် ရေဆက်လက်ကြီးလျက်ရှိရာ စပါးစိုက်ခင်းများလည်း ရေနစ်မြုပ်ပျက်စီးနေကြောင်း သိရသည်။

ဇူလိုင်လကုန်ပိုင်းမှ စတင်ဖြစ်ပေါ်လာသည့် ရေဘေးအတွင်း လေးမျက်နှာမြို့နယ်ရှိ လယ်စိုက်တောင်သူများ၏ စိုက်ပျိုးပြီးကာစ မိုးစပါးပင်ပေါက်များ ရေနစ်မြုပ်နေသည့်အပြင် ရေမကျနိုင်ဘဲရှိနေရာ စပါးခင်းများပျက်စီးဆုံးရှုံးမှုအပေါ် ဒေသခံများက စိုးရိမ်နေကြသည်။

“အကြမ်းဖျင်းပြောရရင် လေးမျက်နှာမြို့နယ်ထဲက စပါးစိုက်ခင်းတွေအားလုံးနီးပါး ရေမြုပ်ကုန်ပြီ။ ကျွန်မတို့ လယ်တွေလည်းအကုန်လုံးပျက်စီးကုန်ပြီ” ဟု အိုင်သဗြုကျေးရွာနေ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းအပြင် ရေပြန်ကျသွားပါကလည်း စပါးပြန်လည်စိုက်ပျိုးရန်အတွက် လယ်မြေပြင်ဆင်စရိတ်၊ မျိုးစပါးနှင့် ဓာတ်မြေဩဇာစရိတ်များ ထပ်မံကုန်ကျမည်ဖြစ်၍ စိန်ခေါ်မှုများစွာရှိနေကြောင်းလည်း လေးမျက်နှာမြို့နယ်နေ ဒေသခံများထံမှ သိရသည်။

ဖော်ပြပါအမျိုးသမီးက ဆက်လက်၍ “ရေကျသွားရင် နုန်း၊ သဲ၊ အမှိုက်တွေ ကျန်ခဲ့မှာဆိုတော့ လယ်ပြန်ပြင်ရမယ်။ မျိုးစပါး ပြန်ဝယ်ရတာ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ စက်ယန္တရားစရိတ်တွေ ထပ်ကုန်နိုင်ပါတယ်။ စိုက်ချိန်နောက်ကျသွားရင်လည်း အထွက်နှုန်း လျော့သွားနိုင်သလို ပိုးမွှားနဲ့ ရောဂါကျရောက်နိုင်ခြေ ပိုများပါတယ်။ တချို့လယ်တွေမှာ ရေမပြတ်သေးရင် ချက်ချင်းပြန်စိုက်ဖို့လည်း မလွယ်သေးပါဘူး” ဟု ကေအိုင်စီကို ပြောသည်။

စပါးခင်းများ ရေနစ်မြုပ်သည့်ကိစ္စနှင့်ပတ်သက်၍ ဒေသတွင်းသတင်းအရင်းအမြစ်တစ်ခုကမူ လေးမျက်နှာမြို့နယ်၊ ကျေးရွာ(၆)ခုရှိ မိုးစပါးစိုက်ဧက(၆,၀၀၀)ကျော် ငဝန်မြစ်ရေအောက်ရောက်ရှိနေကြောင်း ဖော်ပြထားပြီး ကေအိုင်စီအနေဖြင့် သီးခြားစုံစမ်းလျက်ရှိသည်။

ထို့အပြင် မိုးရွာသွန်းမှုရပ်တန့်သွားပါက မြေနိမ့်ပိုင်းကျေးရွာများနှင့် လယ်ကွင်းများတွင် အနည်းဆုံးရက်ပိုင်းမှ အများဆုံး ရက်သတ္တပတ်(၃)ပတ်အထိ ရေတင်ကျန်နေနိုင်သေးကြောင်း ဒေသခံများက ခန့်မှန်းနေကြသလို ရေဆက်လက်မြင့်တက်လာမည့်အရေးကိုလည်း စိုးရိမ်နေကြသည်။

ငဝန်မြစ်ရေကာတာကျိုး၍ ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးစစ်အုပ်စု အစိုးရအဖွဲ့ကမူ တာတမံနိမ့်ကျပြီး ရေကျော်လွန်ခြင်းကို ထိန်းချုပ်ရန်နှင့် အပျက်အစီး ဒီထက်ပိုမကြီးထွားစေရန် သဲအိတ်ကြီးများဖြင့် အုတ်မြစ်ခိုင်ခံ့အောင် အရှိန်မြင့်ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ ဩဂုတ်လ(၅)ရက်နေ့က ထုတ်ပြန်ထားသည်။