“မြစ်ချောင်း၊ အင်းအိုင်နဲ့ ငါးသယံဇာတ ထိန်းသိမ်းရေးကဏ္ဍဟာ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ လူနေမှုဘဝအတွက် အလွန်အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တာကြောင့် ဝိုင်းဝန်းပူးပေါင်း ပံ့ပိုးကူညီပေးကြဖို့ တိုက်တွန်းချင်ပါတယ်။” မန်းကနေဒီ
ကေအဲန်ယူ-ဗဟို မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန ဌာနမှူး ပဒိုမန်းကနေဒီနှင့်ဆက်သွယ်မေးမြန်းခြင်း
ဇူလိုင် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေဒေသအတွင်း မိုးရာသီ ငါးရစ်ငါးသန်းကာလ၌ သဘာဝငါးအရင်းအမြစ်များ မပြုန်းတီးစေရန်နှင့် ငါးမျိုးသုဉ်းမှုမှ ကာကွယ်နိုင်ရေးအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(ဗဟို)၏ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှ ငါးဖမ်းဆီးမှု တားမြစ်နယ်မြေများနှင့် စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
သို့သော် လက်ရှိ ဒေသတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေများ၊ ဒေသအလိုက် မြေမျက်နှာသွင်ပြင် ကွဲပြားမှုများနှင့် သဘာဝသယံဇာတ ပျက်စီးယိုယွင်းလာမှုများကြောင့် ရေလုပ်ငန်း ထိန်းသိမ်းရေး လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။
ထို့ကြောင့် ကော်သူးလေဒေသတွင်း ငါးသားပေါက် ထိန်းသိမ်းရေးနှင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ကေအဲန်ယူ ဗဟို မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှ ဌာနမှူး ပဒိုမန်းကနေဒီနှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။
မေး။ ဒီမိုးရာသီကာလမှာဆိုရင် ငါးရစ်၊ ငါးသန်းချိန်ကာလလို့သိရတယ် ၊ ဒီလိုကာလတွေမှာ ငါးဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ကေအဲန်ယူ မွေးမြူရေးနဲ့ရေလုပ်ငန်းဌာနအနေနဲ့ ဘယ်လို တားမြစ်ချက်၊ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားတာရှိလဲ။
ဖြေ။ မိုးရာသီကာလ ငါးရစ်ငါးသန်းချိန်မှာ ငါးဖမ်းဆီးမှု တားဆီးတာနဲ့ပတ်သက်ပြီး ရှေးယခင် ဘိုးဘွားအစဉ်အဆက် ကျင့်သုံးလာတဲ့ အစဉ်အလာအတိုင်းပဲ ကေအန်ယူဗဟိုအနေနဲ့က ပုံမှန်အားဖြင့် မေလကနေ ဇူလိုင်လ (၁၅)ရက်နေ့အထိလို့ သတ်မှတ်ထားတာပါ။ သို့သော် အခု လူတွေက တချို့ တောင်ပေါ်မှာနေတယ် တချို့ကျတော့ မြေပြန့်မှာနေကြသလို တချို့ကပင်လယ်နဲ့နီးတဲ့နေရာတွေမှာ နေကြတဲ့အတွက် ဒေသအလိုက်ပထဝီအနေအထား နဲ့ သဘာ၀ ပတ်ဝန်းကျင်ကွဲပြားမှုကြောင့် ကျနော်တို့ဗဟိုကို ပြန်ပြီး အစည်းအဝေးလုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ ငါးဖမ်းဆီးမှုသတ်မှတ်ကာလကို ဇူလိုင်လ(၃၁)ရက်ကနေ ဩဂုတ်လ (၃၁) ရက်နေ့ထိ ပြန်လည်သတ်မှတ်လိုက်ပါတယ်။
ဒါပေမဲ့ ဒေသခံအနေနဲ့ မိမိတို့ ဒေသရဲ့ သဘာ၀ပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ ငါးဖမ်းတားမြစ်ကာလကို သတ်မှတ်နိုင်ဖို့လည်း အခွင့်အရေးပေးထားပါတယ်။ အဲ့ဒါကြောင့် ကေအဲန်ယူနယ်မြေအတွင်းမှာရှိ တဲ့ ခရိုင်(၇)ခုအတွင်းထဲမှာဆိုရင် တားမြစ်ကာလသတ်မှတ်ချက်တွေ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ သို့ပေမဲ့ တားမြစ်ချက်ကိုတော့ အားလုံး မိုးတွင်းထဲမှာပဲ ကျင့်သုံးဆောင်ရွက်ကြတယ်။
မေး။ ငါးရစ်ငါးသန်းကာလက ဘယ်လမှာစလဲ၊ ငါးတွေက ပုံမှန်အားဖြင့် ဥတာ ဘယ်နှစ်လလောက် ကြာတတ်လဲ။
ဖြေ။ ငါးတွေက ယေဘုယျအားဖြင့် မေလ (၁၅)ရက်နေ့ ထဲမှာ စဥပါပြီ။ ဒါပေမဲ့ ခုနက ကျနော် ပြောခဲ့သလိုပဲ ဒေသအလိုက်မြေမျက်နှာသွင်ပြင်နဲ့ သဘာ၀ပတ်ဝန်းကျင်အခြေအနေ မတူညီမှုကြောင့် ငါးဥချိန် တစ်လမှ တစ်လခွဲအထိ က ကွဲပြားပါတယ်။ သူတို့က ဥချပြီးနောက် မူလရေကြောင်းတွေအတိုင်း ပြန်ဆင်းသွားတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ မေလ (၁၅)ရက်ကနေ ဇူလိုင်လ အတွင်းထဲမှာပဲ ဥချိန်လို့ သတ်မှတ်ကြတာပါ။
မေး။ ဒီလို ငါးသားပေါက်ချိန်မှာ ငါးမဖမ်းရ စည်းကမ်းချက်တွေနဲ့ပတ်သက်ပြီး ပြည်သူလူထု သိရှိအောင် အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်တာရှိလား။ မွေးမြူရေးနဲ့ရေလုပ်ငန်းဌာနအနေနဲ့ရော ဘယ်လို တာဝန်ခံတွေချထားတာရှိလဲ။ ရပ်ရွာလူထုတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်နေလဲ။
ဖြေ။ ကျနော်တို့ မွေးမြူရေးနဲ့ရေလုပ်ငန်းဌာနမှာတော့ ဗဟို၊ ခရိုင်၊ မြို့နယ်၊ အုပ်စု၊ ရပ်ရွာဆိုပြီး ဌာနအဆင့် (၅)ဆင့် ဖွဲ့စည်း ချမှတ်ထားတာရှိပါတယ်။ အဆင့်တစ်ခုချင်းစီမှာလည်း သက်ဆိုင်ရာတာဝန် ဝတ္တရား တွေကိုသီးခြား တာဝန်ယူဆောင်ရွက်နေကြတယ်။ ဌာနအတွင်းမှာလည်း မွေးမြူရေးကဏ္ဍ နဲ့ ငါးလုပ်ငန်းကဏ္ဍ အပိုင်းတွေ သီးခြားတာဝန်ခွဲဝေထားပြီး ငါးနဲ့ပတ်သက်တဲ့လုပ်ငန်းအပိုင်းတွေကိုတော့ မြစ်၊ ချောင်း၊ အင်း၊ အိုင်ထိန်းသိမ်းရေးနဲ့ ငါးလုပ်ငန်းအဖွဲ့က တာဝန်ယူဆောင်ရွက်နေတယ်။ အဲ့ဒီအဖွဲ့တွေကလည်း အုပ်စုအဖွဲ့ကနေ ရပ်ရွာအထိ တာဝန်တွေခွဲဝေထားပြီး ငါးဖမ်းဆီးမှု တားမြစ်ရေးနဲ့ ကြီးကြပ်စစ်ဆေးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ်။
ငါးဖမ်းဆီးခြင်း တားမြစ်ရေးလုပ်ငန်းတွေလည်း ရှေးယခင် ဘိုးဘွားအစဉ်အဆက်ကတည်းက ဒေသဓလေ့ထုံးတမ်းအရ ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။ အရင်ကတော့ တရားဝင် စာရွက်စာတမ်းနဲ့ ထုတ်ပြန်တားမြစ်တာမျိုးမရှိဘဲ ရပ်ရွာအတွင်း အဆင့်ဆင့်အသိပေးနှိုးဆော်ပြီး ရွာသူကြီးတွေက ကြီးကြပ် စောင့်ကြည့်တဲ့စနစ်နဲ့ပဲ ဆောင်ရွက်ကြပါတယ်။ လက်ရှိမှာတော့ ညွှန်ကြားချက်တွေထုတ်ပြန်တာနဲ့ ဒေသခံ ပြည်သူတွေရဲ့ အသိပညာမြှင့်တင်ရေးလုပ်ငန်းတွေကို တရားဝင်စာရွက်စာတမ်းတွေနဲ့ ဆောင်ရွက်နိုင်အောင် စီစဉ်နေပါတယ်။ ဒါ့အပြင် မြစ်ချောင်းအင်းအိုင် တွေအနီးမှာ အသိပေးကြေညာစာတွေ စိုက်ထူခြင်း၊ ကပ်ထားခြင်း တွေကိုလည်း ဆောင်ရွက်နေလျက်ရှိတယ်။ တားမြစ်ချက်တွေကို လိုက်နာမှုရှိ၊ မရှိကိုလည်း မြို့နယ်အဆင့်တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး ကြီးကြပ်ဆောင်ရွက်ပေးတာတွေတော့ ရှိပါတယ်။
မေး။ တားမြစ်ကာလမှာ တရားမဝင်ငါးဖမ်းတာရှိရင် (ဥပမာ-မိုင်းခွဲ၊ လျှပ်စစ်ရှော့တိုက်)စတာတွေရှိရင် ဘယ်လိုအရေးယူမှုမျိုးတွေ ဆောင်ရွက်တာရှိလဲ။ အရေးယူဆောင်ရွက်မှုတွေက နယ်မြေဒေသအပေါ် ကွာခြားတာရှိသေးလား။
ဖြေ။ တားမြစ်ကာလအတွင်း စည်းကမ်းမလိုက်နာသူတွေကို အချို့ဒေသက ဒဏ်ငွေ (၅၀,၀၀၀) ကျပ် ပေးဆောင်ခိုင်းတာရှိသလို တချို့ကျတော့ ရပ်ရွာဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတားစတဲ့ အများပြည်သူအကျိူးပြုလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်ခိုင်းတာတွေရှိပါတယ်။ ကျနော်တို့ ရဲ့တရားဝင် မူလ စည်းမျဥ်းစည်းကမ်းကတော့ ဒဏ်ငွေ (၅၀,၀၀၀)ကျပ် ဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
မေး။ တကယ့်လက်တွေ့မှာ စည်းကမ်းမလိုက်နာတဲ့သူရှိလား။ ပဒိုတို့အနေနဲ့ရော စည်းကမ်း မလိုက်နာတဲ့သူတွေကို ဖမ်းမိတာတွေရှိလား။ မလိုက်နာတဲ့သူတွေကရော ဘယ်လိုပုံစံတွေလဲ။
ဖြေ။ မလိုက်နာတဲ့သူတွေရှိတာပေါ့။ တချို့နေရာတွေကျတော့ ရေကြီး၊ မိုးကြီးတာတို့ကြောင့် ကျနော်တို့သွားလာဖို့ခက်ခဲတယ်။ အဲ့ဒီအတွက် ခိုးလုပ်တဲ့သူတွေရှိပါတယ်။ တချို့နေရာတွေမှာ ကျတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေများတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့လည်း သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းချက်အတိုင်း သွားလုပ်လို့မရနိုင်တာတွေရှိတယ်။ သူတို့ကလက်နက်ရှိတော့ ကြောက်ရတာပေါ့လေ။ ကျနော်တို့ ချထားတဲ့ တာဝန်ရှိသူကတော့ ရပ်ရွာတာဝန်ရှိသူလောက်ပဲဆိုတော့ သူတို့မှာလက်နက်မရှိဘူးဆိုတော့ အဲ့ဒီလိုက်မနာတဲ့ လက်နက်ကိုင်တွေကို ကြောက်ရတာတွေရှိတယ် စိန်ခေါ်မှုရှိတာပေါ့။
မေး။ လက်ရှိကေအဲန်ယူ နယ်မြေထဲမှာ မြစ်ချောင်း၊ အင်း၊ အိုင် ပျက်စီးလာတဲ့အခြေအနေ ဘယ်လိုရှိနေပြီး ဘယ်လောက်အထိများလာလဲ၊ ငါးမျိုးသုဉ်းမယ့်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရော ဘယ်လောက်ရှိလဲ။
ဖြေ။ လက်ရှိအခြေအနေကို ပြန်သုံးသပ်မယ်ဆိုရင် ကျနော်တို့နယ်မြေထဲမှာ မြစ်ချောင်း၊ အင်း၊ အိုင် များနဲ့ နွားစားကျက်နေရာတွေက သိသိသာသာ ပျက်စီးခဲ့ရတာတွေ့ရတယ်။ အကြောင်းအရင်းက အဲ့ဒီနေရာတွေကို လူတွေရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေအတွက် အသုံးပြုလာတာ၊ အချို့နေရာတွေမှာ ကျေးရွာ အသစ်တွေတိုးချဲ့တာ တည်ထောင်လာတာတွေကြောင့် ဖြစ်ပါတယ်။ ဒါတွေကြောင့် သဘာ၀ပတ်ဝန်းကျင် မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ ပျက်စီးသွားရတာပါ။
နောက်ပြီး မြစ်ချောင်း၊ အင်း၊ အိုင်နားမှာရှိတဲ့ စိုက်ပျိုးလုပ်ကိုင်တဲ့သူတွေကိုလည်း ကျနော်တို့အနေနဲ့ နေရာတွေ ထပ်မချဲ့ဖို့ တိုက်တွန်း ပြောဆိုတာရှိပေမဲ့ တိုးချဲ့ မှုတွေ ဆက်လက်လုပ်တာရှိတယ်။ အထူးသဖြင့် မြစ်ချောင်းနဲ့ နီးတဲ့နေရာတွေက စိုက်ပျိုးရေးအတွက်သင့်တော်တဲ့ မြေဩဇာကောင်းတွေ ရှိတော့ သူတို့ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေထုတ်တာတွေပိုများလာတယ်။
ဒါပေမဲ့ အဲ့ဒီစိုက်ပျိုးနေရာတွေက မိုးရာသီရောက်တဲ့အခါမှာ မြေဆီလွှာတိုက်စားမှုတွေဖြစ်ပေါ်ပြီး မြစ် ချောင်း အင်း အိုင် ရဲ့ ဂေဟစနစ်ကို ထိခိုက်စေသလို ငါးတွေရဲ့ရှင်သန်ပေါက်ဖွားမှုကိုလည်း ဆိုးရွားစွာ သက်ရောက်စေတယ်။ အဲ့ဒီအပြင် စက်ယန္တရားတွေနဲ့ ကျောက်စုပ်ယူတဲ့ စီးပွားဖြစ်လုပ်ငန်းတွေကလည်း ငါးအရင်းအမြစ်နဲ့ဂေဟစနစ်ကို သိသိသာသာ ထိခိုက်စေတယ်။ အရင်က ဒီလိုလုပ်ငန်းတွေများများစားစား မရှိခဲ့ပေမယ့် အခု လမ်းပန်းဆက်သွယ်ရေး ပိုမိုဖွံ့ဖြိုးလာတာနဲ့ စက်ယန္တရား အသုံးပြုမှုများလာတာကြောင့် မြစ်ချောင်း၊ အင်း၊အိုင်တွေ ပျက်စီးရုံမက ငါးအရင်းအမြစ်တွေပါ ထိခိုက်ပါတယ်။
မေး။ စစ်ရေး၊ နိုင်ငံရေးအခြေအနေကြောင့် ပဋိပက္ခကာလမှာ ဒေသတွင်း သယံဇာတထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာ စိန်ခေါ်မှုတွေ ဘယ်လိုရှိလဲ။
ဖြေ။ ကျနော်တို့ကြုံတွေ့ရတဲ့ အဓိကစိန်ခေါ်မှုထဲမှာ လုပ်ငန်းတွေထိရောက်စွာဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ လူအင်အားမလုံလောက်တာနဲ့ ကျွမ်းကျင်မှုဆိုင်ရာအားနည်းချက်တွေဖြစ်တယ်။ အကြောင်းအရင်းကတော့ လက်ရှိအခြေအနေအရ လုပ်ငန်းတာဝန်တွေမှာ ပါဝင်ဆောင်ရွက်လိုသူ အရေအတွက် နည်းပါးလာတာ စီးပွားရေး အခက်အခဲတွေများလာတာကြောင့် လူအများက သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအရေးကို ပိုဦးစားပေးနေရတာတွေကြောင့်ပေါ့နော်။ နောက်ပြီး နည်းပညာနဲ့ ကျွမ်းကျင်မှုဆိုင်ရာ အရင်းအမြစ်တွေလည်း လုံလောက်မှုမရှိသေးဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးလုပ်ရှားမှု ပဋိပက္ခတွေရှိတာကြောင့်လည်း ကျနော်တို့ လုပ်ငန်းကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ဘူး။ အလားတူပဲ သဘာ၀ထိန်းသိမ်းရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ငွေကြေးအရင်းအနှီး လိုအပ်ချက်ရှိပေမယ့် ဘဏ္ဍာရေးအရင်းအမြစ် မလုံလောက်သေးတာကြောင့် လုပ်ငန်းတချို့ မလုပ်နိုင်တော့ စိန်ခေါ်မှု ရှိလာပါတယ်။
မေး။ နောက်တစ်ခုက တချို့လူထုတွေက တစ်နိုင်တစ်ပိုင် ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းတာတွေ ရှိတယ်။ ဒီလို ငါးသန်း၊ ငါးရစ်ချိန်မှာ သူတို့တွေအတွက် ဘယ်လိုစဉ်းစားလုပ်ဆောင်ပေးတာတွေရှိလဲ။
ဖြေ။ ပုံမှန်အားဖြင့် မိရိုးဖလာအရ ငါးဖမ်းပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့ ဒေသခံတချို့အပေါ်မှာ နားလည်မှုပေးကြပါတယ်။ အထူးသဖြင့် မိသားစုစားဝတ်နေရေးအတွက်သာ တစ်နိုင်တစ်ပိုင် သူတို့ ရှာစားတာ၊ ငါးမျှားချိတ်ကလေးအသုံးပြုပြီး တစ်ရက်စာ တစ်ရက်စာ ရှာစားကြတဲ့သူတွေ အတွက်တော့ စီးပွားဖြစ်လုပ်တာမဟုတ်တော့ သူတို့ကို နားလည်မှုတွေပေးကြပါတယ်။ အဲဒီလို တွေကတော့ တင်းကြပ်လို့လည်း မရဘူးလေ။
မေး။ အရင်ကရော တချို့ဒေသတွေမှာ ငါးရစ်၊ ငါးသန်း ကာလမှာ မိရိုးဖလာထိန်းသိမ်းမှုတွေ ဘယ်လိုရှိခဲ့လဲ။
ဖြေ။ ဒီကိစ္စကတော့ ခရိုင်တစ်ခုနဲ့တစ်ခုကြား အခြေအနေမတူညီကြဘူး။ တချို့နယ်မြေက မိရိုးဖလာဓလေ့ထုံးတမ်းအတိုင်း သဘာ၀အရင်းအမြစ်တွေကို ထိန်းသိမ်းကြတယ်။ မူတြော်ခရိုင်မှာဆို ငါးနဲ့ရေသယံဇာတထိန်းသိမ်းရေးလုပ်ငန်းတွေကို အလေးထားဆောင်ရွက်နိုင်တဲ့ ဒေသတစ်ခုဖြစ်တယ်။ ထိန်းသိမ်းရေးနည်းလမ်းကတော့ ဒေသအလိုက်ကွဲပြားတယ်။ တချို့နေရာတွေဆိုရင် ရပ်ရွာ လူကြီးတွေက ဦးဆောင် ကြီးကြပ်ဆောင်ရွက်တာရှိသလို တချို့နေရာကျတော့ ဒေသခံရဲ့ ယုံကြည်ကိုးကွယ်မှုနဲ့ဆက်နွယ်တဲ့ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေက ဦးဆောင် ကြီးကြပ်ထိန်းသိမ်းပေးတာရှိပါတယ်။ တချို့နေရာတွေမှာလည်း ရှေးယခင် ဘိုးဘွားအစဉ်အဆက် ကျင့်သုံးလာတဲ့ နည်းလမ်းများအတိုင်းထိန်းသိမ်းကြသလို တချို့ကျတော့ နယ်မြေအတွင်းမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ အာဏာပိုင်ကနေ ဦးဆောင် လုပ်သွားတာမျိုးလည်းရှိပါတယ် ။
မေး။ ကေအဲန်ယူ မွေးမြူရေးနဲ့ရေလုပ်ငန်းဌာနအနေနဲ့ရော နယ်မြေအတွင်းမှာ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်တဲ့အစီစဉ် ဘာတွေရှိလဲ။ စိန်ခေါ်မှုတွေကဘာဖြစ်မလဲ။
ဖြေ။ ကျနော်တို့ မွေးမြူရေးဌာနကို (၁၉၇၄) ခုနှစ်ကနေ စတင်တည်ထောင်ပြီး ယနေ့အချိန်ထိ ဆက်လက်တည်ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့လုပ်ငန်းဆောင်ရွက်မှုအတွက် တိကျတဲ့မူဝါဒ၊ ပေါ်လစီ ချမှတ်ထားတာ မရှိသေးပါဘူး ။ အကြောင်းအရင်းကတော့ ဒီမွေးမြူရေးကဏ္ဍဟာ လူထုရဲ့ လူနေမှုဘ၀ အခြေခံနဲ့ နေ့စဉ်စားဝတ်နေရေးဘ၀နဲ့လည်း တိုက်ရိုက်ဆက်နွယ်နေတဲ့ကဏ္ဍ ဖြစ်တဲ့အတွက် အခြေအနေအလိုက် လိုက်ရောညီထွေ ဆောင်ရွက်ရတာဖြစ်တယ်။
သို့ပေမဲ့ (၂၀၁၃)ခုနှစ်နောက်ပိုင်း ဌာနရဲ့လုပ်ငန်းတာဝန်တွေ ပိုမိုတိကျပြန်လည်ချမှတ်ထားပြီး ရှေ့ဆက် လုပ်ဆောင်မယ့်လုပ်ငန်းစီမံချက်တွေ ချမှတ်ထားပြီး ကျနော်တို့ ပြန်လည်လှုပ်ရှားလာတယ်။ လက်ရှိမှာ လုပ်ငန်းပြန်လည်ဆောင်ရွက်နေပေမယ့်လည်း အပေါ်ကဖော်ပြခဲ့တဲ့အတိုင်း လူအင်အား၊ နည်းပညာကျွမ်းကျင်မှုနဲ့ အရင်းအမြစ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် မျှော်မှန်းထားသလောက် ထိရောက်မှု မရရှိသေးဘူး။ အဲ့ဒါကြောင့် လိုအပ်တဲ့ဖွဲ့စည်းပုံနဲ့လုပ်ငန်းစနစ် ပိုခိုင်မာလာဖို့အတွက် (၂၀၁၆)မှာလည်း စတင်ကြိုးပမ်းဆောင်ရွက်လာခဲ့ပါတယ်။
မေး။ သဘာဝ မြစ်ချောင်းအင်းအိုင်တွေထဲမှာ ငါးမျိုးစိတ်တွေ ရေရှည်တည်တံ့ဖို့အတွက် ကေအဲန်ယူဘက်က ငါးမျိုးစိတ် ထည့်တာ၊ ငါးလွှတ်တာ၊ ဘေးမဲ့ဇုန်အဖြစ် သတ်မှတ်တဲ့အခြေအနေ ဘယ်လိုရှိလဲ သိပါရစေ။
ဖြေ။ ကျနော်တို့နယ်မြေထဲမှာရှိတဲ့ ငါးမျိုးစိတ်အရေအတွက်တွေကို စာရင်းပြုစုပြီး အချို့ဒေသအတွက်ဆိုရင် အချက်အလက်ရရှိထားတယ်။ သို့သော် တချို့ခရိုင်က ငါးမျိုးစိတ်အမည်တွေကို ဗမာဘာသာနဲ့ ကရင်ဘာသာအခေါ်ရောနှောအသုံးပြုနေဆဲဖြစ်တဲ့အတွက် အချက်အလက်ပိုမိုတိကျအောင် ဆက်လက်လေ့လာစုဆောင်းဖို့ လိုအပ်ပါသေးတယ်။
လက်ရှိမှာ ငါးဖမ်းဆီးခြင်းတားမြစ်တဲ့ နေရာတွေကိုတော့ ကွီး (ခေါ်) ငါးပိတ်ဝင်း နဲ့ နို့ (ခေါ်) အင်း တွေကို သတ်မှတ်ထားပါတယ်။ ဒီအပေါ်မှာလည်း အချို့ကျ အမြဲတမ်းပိတ်ထားတာရှိသလို တချို့ဆို ကာလအပိုင်းအခြားအလိုက် ယာယီတားမြစ်ထားတာပါ။ ယာယီတားမြစ်တဲ့နေရာတွေကတော့ တစ်နှစ်(၁)ကြိမ်ဖွင့်လှစ်တာမျိုးရှိသလို တစ်နှစ်(၂)ကြိမ်စသဖြင့် ဖွင့်ပေးတာလည်း ရှိပါတယ်။
နို့ (ခေါ်) အင်း တွေကျတော့ ယေဘုယျအားဖြင့် တစ်နှစ်မှာ (၂) ကြိမ်ဖွင့်တယ်။ ပြီးတော့ နွေရာသီမှာပဲဖွင့်တယ်။ အဲဒီထိန်းသိမ်းရေးနေရာနဲ့ပတ်သက်တဲ့အချက်အလက်တွေကတော့ ခရိုင်တိုင်းအတွက် စာရွက်စာတမ်းမှာအစုံရှိတယ်။ ကျနော်ကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့ရသလောက်တော့ ခရိုင်(၂)ခုဖြစ်တဲ့ တပ်မဟာ(၄)နဲ့ တပ်မဟာ(၆) ဒေသတွေမှာက ဒီလိုတားဆီးပိတ်ပင် ထိန်းသိမ်းတဲ့လုပ်ငန်းတွေကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနေရာတွေက သတ်မှတ်ထားတဲ့ ထိန်းသိမ်းရေးနေရာတွေက တစ်ခုနဲ့တစ်ခု အလွန်ကွာဝေးခြင်းမရှိဘဲ နီးစပ်တဲ့နေရာမှာရှိနေပါတယ်။
မေး။ နောက်ဆုံးအနေနဲ့ ဘာထပ်ဖြည့်စွက်ချင်တာရှိပါသလဲ။
ဖြေ။ သဘာ၀မြစ်ချောင်း၊ အင်းအိုင်နဲ့ ငါးသယံဇာတ ထိန်းသိမ်းရေးကဏ္ဍနဲ့ပတ်သက်ပြီး ထပ်မံဖြည့်စွက်ပြောလိုတာက ဒီလုပ်ငန်းက ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ လူနေမှုဘ၀အတွက် အလွန်အရေးကြီးတဲ့ကဏ္ဍတစ်ခု ဖြစ်တယ်။ ဒါကြောင့် ရပ်ရွာလူထု သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာနိုင်ငံများအပါအဝင် အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။
ထိန်းသိမ်းရေးလုပ်ငန်းတွေကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ဖို့အတွက်လည်း ကျွမ်းကျင်ပညာရှင်များရဲ့ အကူအညီ နည်းပညာဆိုင်ရာအထောက်အပံ့နဲ့ အကြံပြုမှုများလည်း လိုအပ်နေပါသေးတယ်။ လက်ရှိအချိန်မှာ ကျနော်တို့မွေးမြူရေးဌာနက အခြား ဌာနနဲ့ယှဉ်ရင် လိုအပ်ချက်အများကြီးရှိနေသေးတဲ့ ဌာနတစ်ခုဖြစ်တယ်။ ဒါကြောင့် ဌာနရဲ့စွမ်းဆောင်ရည် ပိုမို တိုးတက်လာစေဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်း၊ မိတ်ဖက်အဖွဲ့အစည်းနဲ့ ပြည်သူလူထုအားလုံး က ဝိုင်းဝန်းပူးပေါင်း ပံ့ပိုးကူညီပေးကြဖို့ တိုက်တွန်းလိုပါတယ်။



















