Home သတင်း လုံခြုံရေးနှင့် ဆက်သွယ်ရေးအခက်အခဲကြောင့် Starlink များပိတ်ခံရမည့်အရေး ဒေသခံများ စိုးရိမ်

လုံခြုံရေးနှင့် ဆက်သွယ်ရေးအခက်အခဲကြောင့် Starlink များပိတ်ခံရမည့်အရေး ဒေသခံများ စိုးရိမ်

20
Photo: CJ

ဇူလိုင် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့် ဒေသအသီးသီးတွင် အဓိကအားထားအသုံးပြုနေရသည့် Starlink စက်များ ပိတ်ခံရမည် သို့မဟုတ် ဝန်ဆောင်ခ ဈေးနှုန်းများ မြင့်တက်လာမည်ဆိုသည့် သတင်းကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့် ဆက်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲရှိမည့်အပေါ် ဒေသခံများက စိုးရိမ်ပူပန်မှုရှိနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသည့် စစ်ကိုင်း၊ ကရင်၊ ကရင်နီ (ကယား) စသည့်ဒေသများတွင် စစ်အုပ်စုက ဆက်သွယ်ရေးကို စနစ်တကျဖြတ်တောက်ထားပြီး နယ်မြေအတွင်း သတင်းအချက်အလက်စီးဆင်းမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် Starlink စက်များကို အားထား အသုံးပြုနေကြရခြင်းဖြစ်သည်။

ယင်းကြောင့် Starlink များပိတ်ခံရသည်ဖြစ်စေ ဝန်ဆောင်ခမြင့်တက်သွားသည်ဖြစ်စေ ဆက်သွယ်ရေးပြတ်တောက်ပြီး လုံခြုံရေးအန္တရာယ်အတွက် စိုးရိမ်နေရကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံးနယ်မြေ၊ သထုံခရိုင်မှ ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“Starlink ရှိတဲ့အတွက် တခုခုဆို ချက်ချင်း ချိတ်ဆက်ပြီး သိနိုင်တယ်။ အထူးသဖြင့် လေယာဉ်လာရင် ကြိုသိနိုင်တယ်။ စားနပ်ရိက္ခာအတွက် ဆက်သွယ်ချိတ်ဆက်လို့ရတယ်။ လမ်းခရီး မထောက်တော့ဘဲ လူသက်သာတယ်။ အခုကျတော့ သတင်းတွေ မသိရတော့မှာမျိုးလည်း စိုးရိမ်ရပြီ” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရန် ချိတ်ဆက်ဆောင်ရွက်မှုအပြင် အွန်လိုင်းပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးအထိ ရိုက်ခတ်မှုကြီးမားလာကြောင်းလည်း ဒေသတွင်းစစ်ဘေးရှောင်များက စိုးရိမ်ပူပန်နေကြခြင်းရှိသည်။

ကရင်နီ၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းနေ အမျိုးသမီးတစ်ဦးက “စတားလင့်ခ်ပိတ်သွားမယ်ဆိုရင် ပြည်သူတွေ အထူးသဖြင့် စစ်ရှောင်ပြည်သူတွေအတွက် အရေးပေါ်ထောက်ပံ့ရေးကိစ္စတွေ ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွေနဲ့ အခြားသော လူမှုစီးပွားရေး ကဏ္ဍတွေမှာလည်း အခက်အခဲရှိသွားနိုင်တယ်” ကေအိုင်စီကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလပိုင်းက သန်းကြွယ်သူဌေး အီလွန်မတ်စ်ပိုင်ဆိုင်သည့် SpaceX ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း)များတွင် အသုံးပြုနေကြောင်း သံသဃရှိ စတားလင့်ခ်အင်တာနက်စက်ပေါင်း ၂,၅၀၀ ကျော်ကို ဖြတ်တောက်ခဲ့သည်။ ယခုတစ်ခေါက်တွင်လည်း လူသိရှင်ကြား ကြေညာခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ ဒေသတစ်ချို့တွင် အသုံးပြုနေသော Starlink ပိတ်ခံလိုက်ရခြင်းရှိသည်။

ထို့အတူ SpaceX ၏ Starlink သည် တရားဝင်ခွင့်ပြုမထားသော နိုင်ငံများတွင် ဝန်ဆောင်မှုကို ကန့်သတ်ပိတ်ပင်ရန် သို့မဟုတ် သုံးစွဲခဈေးနှုန်းများကို ပြင်ဆင်သတ်မှတ်ရန် နိုင်ငံတကာ ဖိအားများနှင့် မူဝါဒ အပြောင်းအလဲများ ဆက်တိုက် ရှိနေသည့်အတွက် ရှေ့ဆက်ဖြစ်ပေါ်လာမည့် အခြေအနေများကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် နည်းပညာစောင့်ကြည့်သူများက သုံးသပ်ထားသည်။