ဇူလိုင် (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် 7 EAO Alliance အဖွဲ့၏ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် အခြား EAO များဖော်ဆောင်နေသည့် အခင်းအကျင်းကြား ဟန်ချက်ညီရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ယနေ့ ဇူလိုင်လ(၂၁)ရက်နေ့တွင် 7 EAO Alliance က ထုတ်ပြန်ပြောသည်။
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် 7 EAO Alliance အဖွဲ့တို့ ဇူလိုင်လ ၂၀ ရက်မှ ၂၁ ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်တွင် NCA အပစ်ရပ်အဖွဲ့များက ထိုသို့ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
7 EAO Alliance အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် နှစ်ဖက်ငြိမ်းချမ်းရေးအခင်းအကျင်းများ ဟန်ချက်ညီအောင် ထိန်းညှိရေး ကြိုးပမ်းလုပ်ဆောင်နေခြင်းရှိပြီး ရေရှည်တည်တံ့သောငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ထိုဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်သင့်သည့် အဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်ရေးကို အဓိကထားပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
“ဒီလက်နက်ကိုင် ပဋိပက္ခ ၅ နှစ်ကျော် ကာလအတွင်းမှာ စိန်ခေါ်မှုနဲ့ အခက်အခဲတွေ အများကြီးရှိတယ်ဆိုတာ နားလည်ပါတယ်။ သို့သော် ရှိနေတဲ့ ပကတိအခြေအနေအောက်ကနေ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေကို လက်တွေ့ကျကျ ပြန်လည်စတင်နိုင်မယ့် နည်းလမ်းတွေကို စုပေါင်းရှာကြံတာဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ-PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
7 EAO Alliance နှင့် NSPNC တို့ တွေ့ဆုံမှုသည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်နေ့များက ပြုလုပ်ခဲ့သည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ၏ နောက်ဆက်တွဲဖြစ်ပြီး စစ်အုပ်စုက ချမှတ်ထားသည့် ရက် ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

ထို့အပြင် NCA အပစ်ရပ်အဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများသည် မျှော်လင့်ထားသည်ထက် ပိုမိုဆောင်ရွက်နိုင်သည်ဟု ဆွေးနွေးပွဲ အဖွင့်အမှာစကားတွင် ပြောဆိုခဲ့ခြင်းရှိသည်။
တဖက်တွင်လည်း ကရင်လက်နက်ကိုင်များနှင့် စစ်အုပ်စုတို့ ငြိမ်းချမ်းရေးခေါင်းစဥ်တပ်ကာ ဆက်တိုက်တွေ့ဆုံမှုများရှိနေသည့်အပေါ် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုမဟုတ်ဘဲ စစ်အုပ်စု၏ခြိမ်းခြောက်မှုအောက်တွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က ဝေဖန်ထောက်ပြသည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “တိကျတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ မူဝါဒမရှိရင်တော့ သူတို့ခေါ်တဲ့ ငြိမ်းချမ်းရေးဆီ ရောက်သွားကြမှာပဲ။ ကျနော်တို့ကတော့ ကိုယ့်ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်။ တစ်ဖက်လူကို ခြိမ်းခြောက်ပြီးမှ လုပ်တဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ဘာနဲ့မှ လက်ခံလို့မရဘူး” ဟု ကေအိုင်စီကို ဇူလိုင်(၁၇)ရက်နေ့က ဖြေကြားထားသည်။
NSPNC နှင့် တွေ့ဆုံသည့် ပွဲများတွင် 7 EAO Alliance အပြင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့လည်း သီးခြားတွေ့ဆုံခဲ့သလို ၎င်းတွေ့ဆုံမှုများအပေါ် လူထုနှင့် တော်လှန်ရေး အင်အားစုများအကြား ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
ထို့အပြင် စစ်အုပ်စုအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နိုင်ငံတကာ၏ တရားဝင်မှု ရရှိရန်အတွက် ဟန်ပြပြုလုပ်နေသော်လည်း မြေပြင်တွင် နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးခြင်းနှင့် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်နေကြောင်း နိုင်ငံရေးနှင့် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။



















