Home ဆောင်းပါး “ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်း” တကယ်အလုပ်ဖြစ်နိုင်သလား

“ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်း” တကယ်အလုပ်ဖြစ်နိုင်သလား

17

“ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်း” တကယ်အလုပ်ဖြစ်နိုင်သလား

မောင်ကျော်စွာ

(ဇူလိုင် ၁၀ရက်၊ ၂၀၂၆)

မင်းအောင်လှိုင် အစိုးရရဲ့ “ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်း” ဆိုတာ တကယ်ပဲ အလုပ်ဖြစ် နိုင်သလား ဆိုတဲ့ မေးခွန်းကို လေ့လာ ဆန်းစစ်ကြည့်ကြရအောင်။

ကျနော်တို့အနေနဲ့ ဖြစ်စဉ်တွေ ဖြစ်ရပ်တွေကို သဘောထားအမှန်နဲ့ လေ့လာဆန်းစစ်တဲ့နေရာမှာ “လက်တွေ့နဲ့ လည်းကောင်း၊ သမိုင်းကြောင်းဖြစ်စဉ်ဖြစ်ရပ်တွေနဲ့လည်းကောင်း နှိုင်းယှဉ် လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဖြစ် စဉ်တွေ ဖြစ်ရပ်တွေကို “လက်တွေ့နဲ့သမိုင်းကြောင်း” ဆိုတဲ့ အလင်းရောင်နဲ့ ချိန်ထိုး နှိုင်းယှဉ် လေ့လာဆန်းစစ်ကြည့်မှ သာ ပကတိအကြောင်းအချက်တွေကို ထင်ထင်ရှားရှားမြင်နိုင်ပြီး ကြောင်းကျိုးလျော်ညီတဲ့ သုံးသပ်ချက်ဆီသို့ တည့် မတ်စွာ ဦးတည်နိုင်စေပါလိမ့်မယ်။

ပထမဦးစွာ (၂၉-၆-၂၀၂၆)ရက်နေ့၊ မြန်မာ့အလင်းသတင်းစာ၊ အယ်ဒီတာ့အာဘော်ထဲက စာပိုဒ်တစ်ပိုဒ်ကို မူရင်းအတိုင်း ကောက်နုတ်ပြီး ဖော်ပြတာနဲ့ စတင်ပါရစေ။

– “ကုန်လွန်ခဲ့သည့် ၇၈နှစ်ကာလအတွင်း နိုင်ငံ့ခေါင်းဆောင်တို့က ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်း ဆောင်ရွက်မှုများ ကြိမ်ဖန်များစွာရှိခဲ့သည်။ ယင်းသို့ကြိုးပမ်းဆောင်ရွက်မှုများသည် မည်သည့်အကြိမ် တွင်မှ ရာနှုန်းပြည့် အောင်မြင်မှုမရရှိခဲ့”

ဒီကောက်နုတ်ချက်ကို “သမိုင်းကြောင်း” ဆိုတဲ့ အချက်အလက်အရ စစ်ဆေးကြည့်တဲ့အခါ မြန်မာ့အလင်း သတင်းစာ၊ အယ်ဒီတာအာဘော်ထဲက ဒီဖော်ထုတ်ရေးသားဝန်ခံချက်ဟာ ပြည်တွင်းစစ် စတင်တဲ့ ၁၉၄၈ခုနှစ်၊ မတ်လ ကနေ ၂၀၂၆ခုနှစ် (မင်းအောင်လှိုင်တို့ စစ်အုပ်စုအုပ်စိုးနေတဲ့) မျက်မှောက်ကာလအထိ ၇၈နှစ်တာကာလကို ဆိုလိုတာ ပါ။

ဝန်ခံချက်က ၇၈နှစ်တာကာလအတွင်း အုပ်စိုးသူ အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ် အခါခါ လုပ်ခဲ့ကြဖူးတယ်။ လုပ်ခဲ့သမျှဟာ ဘယ်တုန်းကမှ ရာနှုန်းပြည့်အောင်မြင်မှုမရှိခဲ့ပါလို့ ဖွင့်ဟ ဝန်ခံတာပါ။

ဒီအချက်ကို ကျနော်တို့ လေးလေးနက်နက် မှတ်သားထားရမှာပါ။ ပြီးတော့ တစ်ဆင့်တက်ပြီး မေးခွန်းထုတ် လေ့လာဆန်းစစ်ကြရမှာက ဘယ်လိုငြိမ်းချမ်းရေးပေါ်လစီနဲ့ သဘောထားကို အုပ်စိုးသူအစိုးရအဆက်ဆက်က ကိုင်စွဲ ခဲ့ကြလို့ လုပ်ခဲ့သမျှဟာ ဘယ်တုန်းကမှ ရာနှုန်းပြည့်အောင်မြင်မှု မရနိုင်ခဲ့ဘဲ “သဲထဲရေသွန်သလို” – “အိတ်ပေါက်နဲ့ ဖားကောက်သလို” ဘာကြောင့်ဖြစ်ခဲ့ရတာလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။

၇၈နှစ်ဆိုတဲ့ သမိုင်းကြောင်းကို လေ့လာတဲ့အခါ “ဘယ်သူ့လက်ထဲမှာ အာဏာချုပ်ကိုင်ထားသလဲ” ဆိုတဲ့ အခြေခံအချက်ကို အရင်းတည်ကာ “စစ်အုပ်စုမတိုင်မီ အုပ်စိုးမှုကာလနဲ့ စစ်အုပ်စုအဆက်ဆက် အုပ်စိုးမှုကာလ ဆိုပြီး အပိုင်း (၂) ပိုင်းခွဲခြား လေ့လာ ကြည့်ကြပါစို့။

စစ်အုပ်စုမတိုင်မီ အုပ်စိုးမှုကာလ (၁၉၄၈ – ၁၉၆၂)
၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ပါလီမန်ဒီမိုကရေစီစနစ် (ပါတီစုံစနစ်)နဲ့ အုပ်စိုးတာဖြစ်ပြီး ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ခုနှစ်အထိ (၁၄)နှစ် ကြာမြင့်ပါတယ်။ ပြည်တွင်းစစ်ဟာ ဒီအခြေခံဥပဒေနဲ့ ပါလီမန်ဒီမိုကရေစီစနစ်ဘောင်ထဲမှာ ပဲ စတင် ပေါက်ကွဲပေါ်ထွက်လာတာပါ။ ပြည်တွင်းစစ် ဆိုတာဟာ တစ်နည်းအားဖြင့် နိုင်ငံရေးပြဿနာကို ပါလီမန်ဒီမို ကရေစီဘောင်ထဲမှာ ဒီမိုကရေစီနည်းလမ်းနဲ့မဖြေရှင်းဘဲ သေနတ်နဲ့အကြမ်းဖက်ပြီး ဖြေရှင်းကြလို့ ပေါက်ကွဲပေါ်ထွက် လာရတာဖြစ်ပါတယ်။
ပြည်တွင်းစစ် ဖြစ်လာတဲ့အခါမှာ “စစ်တပ်နဲ့ ကာချုပ်”ရဲ့ အဆင့်နေရာနဲ့ အနေအထားဟာ ရှေ့တန်း ရောက်လာ ပါတယ်။ အဆုံးအဖြတ်ပေးတဲ့ အခန်းကို ရောက်မှန်းမသိ ရောက်ရှိလာပါတယ်။

နိုင်ငံရေးစနစ်ကလည်း “ပါလီမန်ဒီမိုကရေစီစနစ်” ဖြစ်နေပြန်တော့ “အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေ” အကြားမှာ “ပြည်တွင်းသောင်းကျန်းမှု – အပြုတ်တိုက်ရေးပေါ်လစီနဲ့ “ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်း ရေး” ပေါ်လစီ (၂)ရပ်ဟာ မလွှဲနိုင်မရှောင်နိုင်တော့ဘဲ ထိပ်တိုက်တွေ့လာရပါတော့တယ်။

အတိုက်အခံနိုင်ငံရေးပါတီ၊ ငြိမ်းချမ်းရေးအသင်းအဖွဲ့တွေ၊ ကျောင်းသားတွေကလည်း လူထုစည်းရုံးရေး၊ သူတို့ကိုယ်စားပြုထားတဲ့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲမှာ ပြည်သူ့ထောက်ခံမဲရရှိစေရေးအတွက် “ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ်လစီ” ကို ကိုင်စွဲတောင်းဆို တိုက်ပွဲဝင်လာကြပါတယ်။

(၁၉၄၈ – ၁၉၆၂) ပါလီမန်ဒီမိုကရေစီစနစ်အုပ်စိုးမှု (၁၄)နှစ်တာကာလအတွင်းမှာ အုပ်စိုးသူတွေဟာ အခြေခံ အားဖြင့် ပြည်တွင်းစစ်ပြဿနာကို ပြည်တွင်းဆူပူသောင်းကျန်းမှုလို့ သဘောထားပြီး အပြုတ်တိုက်ရေး ပေါ်လစီကို သာ ကိုင်စွဲ အကောင်အထည်ဖော်ခဲ့ကြတာပါ။ ဒီတော့ သဘာဝကျစွာပဲ “စစ်တပ်နဲ့ကာချုပ်” ကို အာဏာရပါတီဟာ မျက်နှာချိုသွေးရ၊ နိုင်ငံရေးမှာ စစ်တပ်က စွက်ဖက်လာအောင် ကိုယ်တိုင်ကိုယ်ကျ ရေလာမြောင်းပေး လုပ်ကြပါတော့ တယ်။ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ (ပုဒ်မ-၁၁၆)ကို လက်တစ်လုံးခြား ချိုးဖောက်ပြီး (စစ်ဦး စီးချုပ်ကို ဝန်ကြီးချုပ်ခန့်အပ်ကာ “အိမ်စောင့်အစိုးရ”ဖွဲ့စည်းပြီး အုပ်ချုပ်တဲ့အထိ ရွေးကောက်ပွဲ ကျင်းပပေးရတဲ့အ ထိ) အာဏာရပါတီဟာ အလွန်အကျွံ လုပ်လာပါတော့တယ်။

၁၉၅၈ – ၅၉ ကာလက “ဗိုလ်ချုပ်နေဝင်းအိမ်စောင့်အစိုးရ” ဟာ စစ်ဗိုလ်တစ်စုရဲ့ အကျပ်ကိုင်မှုနဲ့အတူ အဲဒီလို ရေခံမြေခံကနေ ပေါ်ထွက်လာတာပါ။ ထိုစဉ်က (နုတင် – ဆွေငြိမ်း)ဆိုပြီး အတိအလင်း နှစ်ခြမ်းကွဲနေပြီဖြစ်တဲ့ (ဖဆ ပလ) အာဏာရပါတီရဲ့ အမြင်တိုတဲ့ တစ်နပ်စား ရည်ရွယ်ချက်ဟာ ၂ခုပဲ ရှိတာပါ။ ပထမတစ်ခုက အင်အားကြီးမားလာ တဲ့ သူပုန် (ထိုစဉ်က အသုံးအနှုန်းက ရောင်စုံသူပုန်)တွေကို အပြုတ်ချေမှုန်းဖို့နဲ့ လက်နက်ချ အညံ့ခံလာစေဖို့ ဖြစ်ပါ တယ်။ ဒုတိယတစ်ခုက အထွေထွေရွေးကောက်ပွဲ ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။

အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် (၁၉၄၇ အခြေခံဥပဒေကို လက်တစ်လုံးခြား ချိုးဖောက်ပြီး) တာဝန်ယူခဲ့ တဲ့ ကာချုပ်ဗိုလ်ချုပ်နေဝင်းနဲ့ သူ ဦးစီးနေတဲ့စစ်တပ်ဟာ နိုင်ငံရေးမှာ ပါဝင်ခြယ်လှယ်ခွင့်နဲ့ စီမံခန့်ခွဲခွင့်ဆိုတဲ့ အာဏာ ကို လက်တွေ့မြည်းစမ်းခွင့် “တရားဝင်” ရရှိသွားပါတော့တယ်။ ဒီဖြစ်ရပ်ဟာ စစ်အာဏာရှင်စနစ်ရဲ့ သန္ဓေတည်မှု နိဒါန်းအစပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အလေးအနက် သင်ခန်းစာယူကြရမယ့်အချက်က ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလ – ပါလီမန်စနစ် (ပါတီစုံ)နဲ့ အုပ်စိုးနေတဲ့တိုင်းပြည်မှာ အာဏာရပါတီထဲက (အာဏာအတွက်) အားပြိုင်မှု သို့မဟုတ် အုပ်စုတိုက်ပွဲ အနိုင်ရဖို့အတွက် စစ်တပ်နဲ့ စစ်ဦးစီးချုပ်ကို နိုင်ငံရေးမှာ ပါဝင်စွက်ဖက်ခြယ်လှယ်ခွင့်ပေးခြင်း၊ အာဏာရပါတီအတွင်း က ဂိုဏ်းအုပ်စုတိုက်ပွဲက စစ်တပ်ထဲကို သက်ရောက်ခြင်း၊ တဖန် စစ်တပ်ထဲက စစ်ဗိုလ်တစ်စုကလည်း မိမိ လိုလား တိမ်းညွှတ်ရာ အာဏာရပါတီထဲက ဂိုဏ်းအုပ်စုအသာရရေးအတွက် ဘက်လိုက်ဆောင်ရွက်ကြခြင်း၊ တည်ဆဲ (၁၉၄၇ ခုနှစ်)အခြေခံဥပဒေကို ချိုးဖောက်ခြင်းဆိုတဲ့ အင်မတန်ကြီးမားတဲ့ အမှားကြီး (၃)ရပ်ကို မထိန်းနိုင် မသိမ်းနိုင်ဘဲ လက် လွန်ခြေလွန် ကျူးလွန်ခဲ့ကြတယ်ဆိုတဲ့ အချက်ပါပဲ။

ဒါ့အပြင် ဗုဒ္ဓဘာသာကို “နိုင်ငံတော်ဘာသာပြုလုပ်ခြင်း”ဆိုတဲ့ ဘာသာရေးကို နိုင်ငံရေးအာဏာအလို့ငှာ မဆင် မခြင် ခုတုံးလုပ်ခဲ့ကြခြင်း ဆိုတဲ့ကိစ္စကိုလည်း မပျက်မကွက်ထည့်သွင်းပြီး သင်ခန်းစာယူကြရမှာပါ။

ဒီအချက်ကနေ ဆက်လက်ထုတ်ယူရအုံးမယ့် အရေးပါတဲ့ သင်ခန်းစာ (၂)ခုက ပါတီစုံဒီမိုကရေစီစနစ်ကို နည်းမှန်လမ်းမှန် သဘောထားအမှန်နဲ့ တည်ဆောက်မယ်ဆိုရင် ပြည်တွင်းစစ်ကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ရပ်စဲ ဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတဲ့အချက်နဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်စစ်သားတွေ နိုင်ငံရေးမှာ၊ လွှတ်တော်မှာ ပါဝင်ပတ်သက်ခြင်း မရှိစေဖို့ နိုင်ငံရေးနဲ့ ကင်းရှင်းစေဖို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အုပ်စိုးမှုဟာ (၁၉၄၇ခုနှစ်၊ အခြေခံဥပဒေကို အာဏာရပါတီ ကိုယ် တိုင်ချိုးဖောက်ပြီး သူကိုယ်တိုင် ၁၉၅၈ – ၅၉ မှာ ပင့်ဖိတ်ခေါ်ယူခဲ့ဖူးတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာ သိမ်းပိုက်မှုကြောင့် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှာ အာဏာလက်လွတ်ဖြစ်ကာ တစ်စခန်းရပ်သွားရပါတော့တယ်။

စစ်အုပ်စုမတိုင်မီ အုပ်စိုးမှုကာလ (၁၉၄၈ – ၁၉၆၂) သမိုင်းကြောင်းကနေ ရရှိချက်က
– ပြည်တွင်းစစ်ကို မရပ်စဲနိုင်ခဲ့ဘူး။
– ၁၉၄၇ အခြေခံဥပဒေကို ချိုးဖောက်မိတဲ့အမှားကို ကျူးလွန်မိတယ်။
– နိုင်ငံရေးမှာ စစ်တပ်နဲ့ ကာချုပ်ရဲ့ စွက်ဖက်စီမံခွင့်ကို လမ်းဖွင့်ပေးခဲ့မိတယ်။
– နောက်ဆုံး စစ်တပ်ရဲ့ အာဏာသိမ်းပိုက်မှုကိုခံရပြီး ၁၉၄၇ ခုနှစ် အခြေခံဥပဒေဖျက်ဆီးခံရ၊ အာဏာလက် လွတ်ဖြစ်ကြရတယ်။
– ပြည်တွင်းစစ်ရပ်စဲရေးကို သဘောထားအမှန်နဲ့ တည့်မတ်တည်ကြည်စွာ ဦးတည်သူတိုင်းဟာ “ပါတီစုံဒီမို ကရေစီစနစ်”ကို တည်တံ့ခိုင်မြဲစေမယ့် ရေခံမြေခံတွေကိုလည်း မပျက်မကွက် ဆက်စပ်ထည့်သွင်း စဉ်းစား ချမှတ် စီမံနိုင်ရမယ်။

စစ်အုပ်စုအဆက်ဆက် အုပ်စိုးမှုကာလ (၁၉၆၂ ခုနှစ် မတ် – ၂၀၂၆ ခုနှစ် မျက်မှောက်ကာလ)
၁၉၆၂ ခုနှစ် မတ်လကနေ စတင်ကာ “တော်လှန်ရေးကောင်စီ၊ ၁၉၇၄ ခုနှစ်၊ အခြေခံဥပဒေ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)၊ (နဝတ – နအဖ)၊ ၂၀၀၈ အခြေခံဥပဒေ၊ ၂၀၂၁ ခုနှစ် မင်းအောင်လှိုင် စစ်အုပ်စု အာဏာသိမ်း ပိုက်မှု(စကစ/စကမ)၊ မျက်မှောက်ကာလ မင်းအောင်လှိုင်အစိုးရ” အထိ နာမည်အမျိုးမျိုးနဲ့ စစ်အုပ်စုအဆက်ဆက်က ဖိနှိပ်အုပ်စိုးနေတာဖြစ်ပြီး ၆၄ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

အနှစ်သာရအချက်က “အာဏာ”ဟာ ဘယ်သူ့လက်ထဲမှာမှ ရောက်ရှိမသွားဘဲ စစ်အုပ်စုအဆက်ဆက်ရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုတာပါပဲ။
လောလောဆယ် ထင်သာမြင်သာ အရှိဆုံးဖြစ်တဲ့အချက်က (၁၉၆၂ -၂၀၂၆) နာမည်အမျိုးမျိုးနဲ့ စစ်အုပ်စု အဆက်ဆက်အုပ်စိုးမှုက (၁၉၄၈ – ၁၉၆၂) ပါလီမန်ဒီမိုကရေစီစနစ် အုပ်စိုးမှုထက် ပိုမိုရှည်ကြာနေတာပါ။

(၆၄)နှစ်နဲ့ (၁၄)နှစ် မဟုတ်ပါလား။
ဒီတော့ မြန်မာ့အလင်းသတင်းစာ၊ အယ်ဒီတာ့အာဘော်က ဝန်ခံဖော်ပြထားသလို “ကုန်လွန်ခဲ့သည့် ၇၈နှစ်ကာ လအတွင်း မည်သည့်အကြိမ်တွင်မှ ရာနှုန်းပြည့် အောင်မြင်မှု မရရှိခဲ့” ဘူးဆိုတာမှာ ပါလီမန်ဒီမိုကရေစီစနစ် အုပ်စိုးမှု သက်တမ်းထက် ၅ဆ နီးပါး ပိုမိုကြာမြင့်တဲ့ စစ်အုပ်စုအုပ်စိုးမှုကာလမှာ ငြိမ်းချမ်းရေးရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိဘူးတဲ့အချက်က အင်မတန် ထင်ရှားနေပါတယ်။

ဗိုလ်နေဝင်း တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၃ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့တူတယ်လို့ ပြောရမှာပါ။ ဒီမှာလည်း အောင်မြင်မှု မရရှိခဲ့ကြပါဘူး။

စစ်အုပ်စုအဆက်ဆက် အုပ်စိုးမှုအောက် (၆၄)နှစ်တာကာလအတွင်းမှာလည်း “၁၉၇၄ အခြေခံဥပဒေနှင့် (မဆလ)တစ်ပါတီအာဏာရှင်စနစ်” ဆိုတဲ့ နိုင်ငံရေးဘောင်ကို အုပ်စိုးသူစစ်အုပ်စုက အသေကိုင်စွဲထားလေတော့ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့က ဘယ်လိုမှ မလွယ်ကူပါ။ ဒါ့ကြောင့် လက်တွေ့ဖြစ်ရပ်မှာလည်း (မဆလ)တစ်ပါတီစနစ်နဲ့အုပ်စိုးတဲ့ (၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ) ၁၄နှစ်တာ ကာလမှာလည်း ပြည်တွင်းစစ် မရပ် စဲနိုင်ခဲ့ပါ။ ငြိမ်းချမ်းရေး မရရှိခဲ့ပါ။ လက်နက်ချ အလင်းဝင်မှုတွေတော့ ရှိခဲ့ပါတယ်။

အဓိကအကြောင်းရင်းမှာ အဓိကအုပ်စိုးသူဖြစ်တဲ့ ဗိုလ်နေဝင်းက ပြည်တွင်းစစ်ပေါ်လစီကို ကိုင်ထားပြီး ထိုပေါ်လစီရဲ့ လက်တွေ့ကျင့်သုံးမှုက ၁၉၇၄ အခြေခံဥပဒေနှင့် (မဆလ)တစ်ပါတီအာဏာရှင်စနစ်အောက်မှာ သောင်း ကျန်းသူ အမြစ်ပြတ်ချေမှုန်းရေးနဲ့ လက်နက်ချရေး အလင်းဝင်ရေးအဖြစ် အကောင်အထည်ဖော်ပါတယ်။

ဒီလိုပေါ်လစီ ဒီလိုအခြေခံဥပဒေအောက်မှာ “ငြိမ်းချမ်းရေး” မရှိခဲ့တာ ဘာမှမဆန်းပါဘူး။ ပြည်တွင်းစစ် ရပ်စဲ ရေးဆိုတာမှာ အဓိကအားဖြင့် နိုင်ငံရေးပြဿနာကို (အစိုးရနဲ့ သူပုန်) ဆွေးနွေးဘက်တွေဟာ တန်းတူ ချဉ်းကပ်ကြပြီး တိုင်းပြည်နဲ့ပြည်သူ့အကျိုးကို အတူလက်တွဲ ဆောင်ရွက်နိုင်မယ့် “ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” (သို့တည်း မဟုတ်) “သူမနာ ကိုယ်မနာ” ကိုယ်စီသဘောထားကြပြီး ဒီမိုကရေစီနည်းကျကျ အပေးအယူရှိရှိ ဖြေရှင်းကြရမှာပါ။ စစ်ပွဲမှာတောင် မရရှိနိုင်တဲ့ “အမြစ်ပြတ်ချေမှုန်းရေး”ကို စေ့စပ်ရေးစားပွဲပေါ်မှာ ရရှိဖို့ မကြိုးစားသင့်ပါဘူး။

သို့သော်လည်း အုပ်စိုးသူများက ၁၉၇၄ အခြေခံဥပဒေနှင့် (မဆလ)တစ်ပါတီအာဏာရှင်စနစ်ကို အလျှော့မ ပေးစတမ်း ဆုပ်ကိုင်ထားပြီး တစ်ဖက်က ထိုးစစ်ကြီးတွေ စစ်ဆင်ရေးကြီးတွေ ဆင်နွှဲကာ လက်နက်ချ အလင်းဝင်ရေး ကိုပဲ ဦးတည်ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အရှိန်အဟုန်ကြောင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေနဲ့ မဆလပါတီ ပျက်ပြားသွားပြီးတဲ့နောက် နိုင်ငံရေးအာဏာဟာ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ တပည့်သားမြေးတွေဖြစ်တဲ့ (နဝတ-နအဖ) စစ်အုပ်စုဖြစ်တဲ့ ဗိုလ်စောမောင် – ဗိုလ်သန်းရွှေ – ဗိုလ်ခင်ညွန့်တို့ လက်ထဲရောက်လာပါတယ်။ အဲဒီကာ လမှာလည်း ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး မရရှိခဲ့ပါဘူး။ “အပစ်အခတ်ရပ်စဲရေး” ဆိုတာတွေတော့ တသီတတန်းကြီး ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီ (နဝတ-နအဖ) စစ်အုပ်စုက “စည်းကမ်းပြည့်ဝတဲ့ ပါတီစုံစနစ်” ဆိုတာကို ၂၀၀၈ အခြေခံဥပဒေနဲ့အတူ ဖော်ထုတ်လာပြန်ပါတယ်။ ဒီအခါမှာလည်း ပြည်တွင်းစစ်ကို မရပ်စဲနိုင်ခဲ့ပါဘူး။

မရပ်စဲနိုင်တဲ့အပြင် မင်းအောင်လှိုင် စစ်အုပ်စုရဲ့ (၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ) အာဏာသိမ်းပိုက်မှုက ပြည်တွင်းစစ် ကို အရှိန်အဟုန်နဲ့ တစ်ကျော့ပြန် တောက်လောက်လာခဲ့ပြန်ပါတယ်။ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ မဲမသမာမှုဆိုပြီး လုပ်ကြံအကြောင်းပြချက်နဲ့ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးပြီး အာဏာသိမ်းပိုက်မှုက နိုင်ငံ နဲ့အဝန်းမှာ CRPH – NUG – PDF စတဲ့ မျိုးဆက်သစ် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ၊ တပ်မတော်/ တပ်ဖွဲ့အသစ်တွေကို ပေါ်ပေါက်လာစေဖို့ ရေခံမြေခံ ဖန်တီးပေးလိုက်ပါတော့တယ်။

“၂၀၀၈ အခြေခံဥပဒေနဲ့ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံစနစ်” ဆိုတဲ့ နိုင်ငံရေးဘောင်ထဲမှာလည်း ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ မလွယ်ပါဘူး။ အလားအလာ မရှိပါဘူး။

ပြည်တွင်းစစ်ပေါ်လစီက မင်းအောင်လှိုင်လက်ထဲမှာရှိပြီး “၂၀၀၈ အခြေခံဥပဒေနဲ့ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ စနစ်”ရဲ့အနှစ်သာရက စစ်အုပ်စုအာဏာသားစဉ်မြေးဆက်တည်တံ့ခိုင်မြဲရေးဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ ပြည်တွင်း စစ်ရပ်စဲရေး (ဝါ) လက်နက်ကိုင်သောင်းကျန်းမှု ချုပ်ငြိမ်းရေး သို့မဟုတ် ထာဝရငြိမ်းချမ်းရေး ဆိုတာဟာ “၂၀၀၈ အခြေခံဥပဒေနဲ့ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံစနစ်”ဘောင်ထဲ သူပုန်အဖွဲ့အစည်းတွေဟာ တပ်ဖျက် လက်နက်ချပြီး အလင်းဝင်ရေးသာ ဖြစ်နေပါတယ်။

“ဘယ်လို ကြိုတင်ကန့်သတ်ချက်မှ မရှိဘူး”လို့ တစ်ဖက်ကနေ မင်းအောင်လှိုင်တို့က အသံကျယ်ကျယ်နဲ့ ပြော ဆိုနေပေမယ့် လက်တွေ့မှာကတော့ “၂၀၀၈အခြေခံဥပဒေနဲ့ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံစနစ်”ဆိုတဲ့ ဘောင်ထဲဝင်လာအောင် စစ်ရေးထိုးစစ်တွေနဲ့ လက်နက်ချအလင်းဝင်ရေး ဖိတ်ခေါ်ချက်တွေနဲ့ အတင်းအကြပ် ဖိအား ပေးနေတာဖြစ်ပါတယ်။

ဗိုလ်ရာပြည့် ဥက္ကဋ္ဌ လုပ်နေတဲ့ (NSPNC)ဟာ လက်နက်ကိုင်အင်အားစုတွေ တပ်ဖျက် လက်နက်ချ အလင်း ဝင်လာစေရေးအတွက် အကောင်အထည်ဖော်ရတဲ့ မင်းအောင်လှိုင်ရဲ့ တစ်လက်ကိုင် ရုပ်သေးကော်မတီတွေထဲက ကော်မတီတစ်ရပ်မျှသာ ဖြစ်ပါတယ်။

ဗိုလ်နေဝင်းစစ်အုပ်စုက “တစ်ပါတီစနစ်နဲ့ ၁၉၇၄ခုနှစ်၊ အခြေခံဥပဒေဘောင်ထဲ ဝင်လာစေတဲ့နည်း” ပြည်တွင်းစစ်ရပ်စဲဖို့လုပ်တာဖြစ်ပြီး ဗိုလ်နေဝင်းစစ်အုပ်စုကို ဆက်ခံကြတဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုက “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံစနစ်နဲ့ ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေဘောင်ထဲ ဝင်လာစေတဲ့နည်း” နဲ့ ပြည်တွင်းစစ်ရပ်စဲဖို့ ကမ်းလှမ်းနေတာ ဖိတ်ခေါ်နေတာဖြစ်ပါတယ်။
– တစ်ပါတီစနစ်နဲ့ ၁၉၇၄ ခုနှစ်၊ အခြေခံဥပဒေ
– စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံစနစ်နဲ့ ၂၀၀၈ခုနှစ်၊ အခြေခံဥပဒေ

တို့ဟာ အသွင်သဏ္ဌာန်အရ အင်မတန် ခြားနားပါသော်လည်း နှစ်ခုစလုံးဟာ အနှစ်သာရအရ စစ်အုပ်စု သားစဉ်မြေး ဆက် အာဏာတည်တံ့ခိုင်မြဲရေးဖြစ်ပါတယ်။ တော်လှန်ပုန်ကန်သူတွေဟာ မိမိလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် ကိုစွန့်လွှတ်၊ လက်နက်ကိုင်တပ်မတော်နဲ့ တပ်ဖွဲ့ကို ဖျက်သိမ်းပြီး လက်နက်ချအလင်းဝင်လာစေဖို့ပဲ ဖြစ်ပါတယ်။

စစ်အုပ်စုအဆက်ဆက်ဟာ ဒီပေါ်လစီကို အလျှော့မပေးစတမ်း အသေကိုင်စွဲထားကြလို့သာ ၆၄နှစ်တာ ကာလအတွင်းမှာ “မည်သည့်အကြိမ်တွင်မှ ရာနှုန်းပြည့် အောင်မြင်မှုမရရှိခဲ့”ကြခြင်းဖြစ်တယ်လို့ လေ့လာ သုံးသပ်မိပါ တယ်။ စစ်အုပ်စုအဆက်ဆက် ၆၄နှစ် လုပ်ခဲ့ကြပြီးပြီ။ ရာနှုန်းပြည့်အောင်မြင်မှု မရရှိခဲ့ကြောင်း အတိအလင်း ဝန်ခံ ထားပြီ။ သူဂွင် သူဆင်ပြီး သူ့ကိုယ်သူ သမ္မတအရာ အပ်နှင်းထားတဲ့ မင်းအောင်လှိုင်စစ်အုပ်စုက ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးရဖို့ဆိုတာ ဘယ်လိုမှ မကြံအပ် မစီအပ်တာမျိုးသာဖြစ်ပါတယ်။

မင်းအောင်လှိုင်က “သဲထဲ ရေသွန်” တာပါ။ “အိတ်ပေါက်နဲ့ ဖားကောက်” တာ ဖြစ်ပါတယ်။

ဒါကိုလုပ်ရင် ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာကို မင်းအောင်လှိုင်တို့ စစ်အုပ်စုက မသိလို့မဟုတ်ပါဘူး။ ပြည်တွင်း ပြည်ပကို မျက်နှာပြောင်တိုက်ပြီး လှည့်စားတာပါ။ ပြည်တွင်းပြည်ပ ဘယ်သူကမှလည်း သူတို့လုပ်ရပ်အပေါ် မယုံ ကြည်တာကို သူတို့သိပါတယ်။

သူတို့က ကြိုတင်ကန့်သတ်ချက်မပါတဲ့ တွေ့ဆုံဆွေးနွေးရေးကို ဖိတ်ခေါ်ပါတယ်။ လက်နက်ကိုင် အင်အားစု တွေက မလာကြတာပါဆိုတဲ့ ဆင်ခြေလိမ်ပေးနိုင်ဖို့အတွက် တမင်တကာ ဇာတ်ကွက်ဇာတ်လမ်းဆင်တာပါ။ တချို့ လက်နက်ချအလင်းဝင်ကြတာ၊ နယ်ခြားစောင့်တပ်အဖြစ် – ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းကြတာမျိုးတွေ ရှိလာနိုင် ပါတယ်။ သို့သော်လည်း မြန်မာပြည် ပြည်တွင်းစစ်ကတော့ ရပ်စဲသွားနိုင်စရာအကြောင်း မမြင်မိသေးပါဘူး။