Home သတင်း မူတြော်ဒေသ ထီးသဲလယ်ရွာတွင် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်၍ နေအိမ် (၅) လုံး ပျက်စီး

မူတြော်ဒေသ ထီးသဲလယ်ရွာတွင် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်၍ နေအိမ် (၅) လုံး ပျက်စီး

9
Photo: CJ

စက်တင်ဘာ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) နယ်မြေ၊ ကတိုင်တိအုပ်စု၊ ထီးသဲလယ်ကျေးရွာတွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း နေအိမ် (၅) လုံး ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၇) ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက လေကြောင်းမှ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ကမမောင်းအခြေစိုက် စစ်အုပ်စုတပ်စခန်းကလည်း လက်နက်ကြီး (၅) လုံး ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ မရှိသော်လည်း လူနေအိမ် (၅) လုံး ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာသားတွေဟာ သူတို့ရဲ့လုံခြုံရေးအတွက် ကြိုတင်ရွှေ့ပြောင်းနေထိုင်လာတာ ကြာပြီဖြစ်လို့ပါ။ ဒါပေမယ့် နေအိမ် ၅ လုံးတော့ ပျက်စီးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်အုပ်စုသည် ဖာပွန်မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည်မှာ လေးလကျော်ကြာမြင့်လာပြီး လက်ရှိတွင် ကတိုင်တိကျေးရွာအုပ်စု၊ ဖာလိုဒိုနယ်မြေအတွင်း ပိတ်မိနေဆဲဖြစ်သည်။ ထို့ကြောင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်းလည်း ကေအဲန်ယူ တပ်မဟာ (၅) ထံမှ သိရသည်။

Photo: CJ

မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က “စစ်ကြောင်းတွေက ဖာလိုဒိုနယ်မြေထဲမှာ အခုထိ ပိတ်မိနေဆဲပဲ။ ပြီးတော့ တိုက်ပွဲလည်း နေ့တိုင်းလိုလို ဖြစ်တယ်” ဟု ကေအိုင်စီကို ပြောသည်။

ကတိုင်တိကျေးရွာအုပ်စုတွင် စစ်အုပ်စုလှုပ်ရှားမှုများ စတင်ပြုလုပ်ချိန်ကတည်းက ထီးသဲလယ်အပါအဝင် အနီးဝန်းကျင်ရွာများ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု မကြာခဏ ကြုံတွေ့နေရခြင်းရှိသည်။ ယင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိသည့်အပြင် နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ၏ ဩဂုတ်လ(၆) ရက်နေ့ ထုတ်ပြန်ချက်အရ ဩဂုတ်လ(၃)ရက်နေ့က ထီးလော်သေထရွာသို့ လေယာဉ်ဖြင့် ဗုံး(၁၅)လုံး ကြဲချခဲ့ရာ နေအိမ်(၈)လုံး ပျက်စီးသွားသည်။ ဇူလိုင်လ(၃၁)ရက်နေ့တွင်လည်း မယ်ကောလိုကျေးရွာတွင် တိုက်လေယာဉ်ကြောင့် သက်ကြီးပိုင်းအမျိုးသား(၁)ဦး ဒဏ်ရာရပြီး နေအိမ် (၈) လုံး ပျက်စီးခဲ့ကြောင်း သိရသည်။