Home သတင်း ရန်ပုံငွေ ဘတ်(၉၂)သန်းကျော် အလွဲသုံးစားလုပ်မှုထင်ရှားပါက အယုဒ္ဓယက ကျောင်းထိုင်ဆရာတော် သတ်မှတ်ပြစ်ဒဏ်၏ ၃ ဆ ကျခံရနိုင်

ရန်ပုံငွေ ဘတ်(၉၂)သန်းကျော် အလွဲသုံးစားလုပ်မှုထင်ရှားပါက အယုဒ္ဓယက ကျောင်းထိုင်ဆရာတော် သတ်မှတ်ပြစ်ဒဏ်၏ ၃ ဆ ကျခံရနိုင်

10
Photo crd- Daily News Reference- Khaosod News

စက်တင်ဘာ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် ဘုန်းကြီးကျောင်းရန်ပုံငွေ ဘတ်(၉၂)သန်းကျော်ကို အလွဲသုံးစားလုပ်မှုဖြင့် စွပ်စွဲခံထားရသူ ကျောင်းထိုင်ဆရာတော်သည် ထိုင်းသာသနာရေး စီမံခန့်ခွဲမှုဥပဒေအရ ရာထူးအာဏာကို အသုံးပြု၍ ငွေကြေးခဝါချမှုကျူးလွန်ခြင်း ထင်ရှားပါက သတ်မှတ်ပြစ်ဒဏ်ထက် (၃) ဆ ကျခံရနိုင်ဖွယ်ရှိကြောင်း ထိုင်းသတင်းများအရ သိရသည်။

အယုဒ္ဓယရှိ တော်ဝင်ဘုန်းကြီးကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် လွမ်ဖိုချော့ အား ကျောင်းရန်ပုံငွေများကို ကိုယ်ကျိုးအတွက် လွှဲပြောင်းရယူခြင်း၊ ငွေကြေးခဝါချရန် နီးစပ်သူ အမျိုးသမီးတစ်ဦးထံ လွှဲပြောင်းပေးခဲ့ခြင်း စသည့်စွဲချက်များဖြင့် အာဏာပိုင်များက စက်တင်ဘာ(၁၀)ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းကို ဒေသ(၁)အတွက် အကျင့်ပျက်ခြစားမှုနှင့် တာဝန်ပျက်ကွက်မှုဆိုင်ရာ ဗဟိုရာဇဝတ်တရားရုံး၏ စက်တင်ဘာ(၈)ရက်စွဲပါ ဖမ်းဝရမ်းအမှတ် ၂၉/၂၅၆၉ ဖြင့် အဆိုပါကျောင်းတိုက်အတွင်း၌ ထိုင်းအာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါဆရာတော်သည် ထိုင်းနိုင်ငံ၏ ၁၉၉၉ ခုနှစ် ငွေကြေးခဝါချမှု တားဆီးနှိမ်နင်းရေး အက်ဥပဒေအရ မိမိရာထူးအာဏာကို အသုံးပြု၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက သတ်မှတ်ပြစ်ဒဏ်ထက် (၃) ဆအထိ တိုးမြှင့်၍ ကျခံရနိုင်ဖွယ်ရှိကြောင်း သတင်းတွင် ဆိုသည်။

ထိုင်းလွှတ်တော်၏ သတင်းအချက်အလက်နှင့် ဗဟုသုတဆိုင်ရာ မှတ်တမ်းဌာနက ကိုးကားဖော်ပြထားသည့် ၁၉၆၂ ခုနှစ် သံဃာ့အက်ဥပဒေ ပုဒ်မ ၄၅ အရ သံဃာ့အဖွဲ့အစည်း၏ အုပ်ချုပ်ရေးရာထူးများတွင် ခန့်အပ်ထားသော ဆရာတော်များနှင့် ဂေါပကများကို ထိုင်းရာဇသတ်ကြီးဥပဒေအရ “အရာရှိများ” အဖြစ် သတ်မှတ်ထားသည်။

ယင်းကြောင့် ဖမ်းဆီးခံဆရာတော်အား ပိုင်ဆိုင်မှုအလွဲသုံးစားပြုမှု၊ တာဝန်ကို ဥပဒေနှင့်မညီဘဲ မရိုးမသား ဆောင်ရွက်မှု၊ ငွေကြေးခဝါချရန် ပူးပေါင်းကြံစည်မှုနှင့် ပူးတွဲငွေကြေးခဝါချမှုတို့ဖြင့် စွဲချက်တင်ထားသလို အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို အာဏာပိုင်များက ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။