Home သတင်း ဘန်ကောက်တွင်ဘားဖွင့်သည့်ကိစ္စ သက်သေမရှိဘဲစွပ်စွဲချက်က အဖွဲ့အစည်းဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း KNU တုံ့ပြန်

ဘန်ကောက်တွင်ဘားဖွင့်သည့်ကိစ္စ သက်သေမရှိဘဲစွပ်စွဲချက်က အဖွဲ့အစည်းဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း KNU တုံ့ပြန်

12
Photo: Khaosod News

ဇူလိုင် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ်ရှိ ဖျော်ဖြေရေးလုပ်ငန်းနေရာနှစ်ခုကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းမှုအပြီး ကရင်လူမျိုးဖြစ်သူလုပ်ငန်းပိုင်ရှင်မှာ KNLA နှင့်ဆက်စပ်မှုရှိကြောင်း သက်သေမရှိဘဲစွပ်စွဲချက်သည် အဖွဲ့အစည်းဂုဏ်သိက္ခာကိုထိခိုက်စေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တုံ့ပြန်သည်။

ဌာနပေါင်းစုံပါဝင်သည့် ထိုင်းအာဏာပိုင်အဖွဲ့အင်အား(၅၀)ဝန်းကျင်မှာ ဇူလိုင်လ(၄)ရက်နေ့က ဘန်ကောက်မြို့လယ်ခေါင်ရှိ ဘားနှစ်ခုကို စီးနင်းခဲ့ခြင်းဖြစ်ပြီး တရားဝင်အထောက်အထားမရှိသူများကို ထိန်းသိမ်းခဲ့သည်။ ထို့အပြင် ဆိုင်လုပ်ငန်းရှင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်ဆက်နွယ်မှုရှိသည်ဟု ထိုင်းသတင်းအချို့မှ ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

စွပ်စွဲချက်အပေါ် ကေအဲန်ယူက ယမန်နေ့ ဇူလိုင်(၉)ရက်နေ့တွင် ထုတ်ပြန်ငြင်းဆိုထားပြီး ကရင်လူမျိုးဖြစ်ရုံမျှ၊ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုခုနှင့်ဆက်နွယ်မှုရှိရုံမျှဖြင့် ခိုင်လုံသောသက်သေမရှိဘဲ KNLA နှင့်ဆက်နွယ်ကြောင်း စွပ်စွဲချက်သည် လူထုအထင်မှားစေပြီး အဖွဲ့အစည်းဂုဏ်သိက္ခာကိုလည်း ထိခိုက်စေသည်ဟု တုံ့ပြန်ပြောသည်။

“ထိုင်းနိုင်ငံနဲ့ဆက်ဆံရေးအပိုင်းမှာ ကျနော်တို့ကေအန်ယူက ချမှတ်ထားတဲ့ပေါ်လစီတွေရှိပါတယ်။ နယ်မြေချင်းကလည်းဆက်စပ်နေတဲ့အပေါ်မှာ ထိုင်းရဲ့စည်းမျည်းဥပဒေတွေကို လေ့လာလိုက်နာဖို့အတွက် ကေအန်ယူဘက်က တိတိကျကျချမှတ်တာရှိတော့ KNLA ခေါင်းဆောင်တွေ တပ်သားတွေအနေနဲ့လည်း ဒါကိုသိရှိနားလည်ကြပါတယ်။ အဲဒါကြောင့်ဒီလိုအမှားမျိုးလုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး” ဟု ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

KNU/KNLA နှင့် ပတ်သက်မှုရှိမရှိ အတည်ပြုချက်သည် အဖွဲ့ဝင်ဖြစ်ကြောင်း အထောက်အထား၊ တရားဝင်ခန့်အပ်ကာကွယ်ပေးမှု (သို့မဟုတ်) အဖွဲ့အစည်းနှင့်ပတ်သက်မှုရှိသည်ဟု သက်သေပြနိုင်သော စာရွက်စာတမ်း အခိုင်အမာပြနိုင်ရန်လိုကြောင်း ကေအဲန်ယူက ဆိုသည်။

ကေအဲန်ယူတွင်လည်း နယ်စပ်ဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများကို အကာအကွယ်ပေးရေးမူဝါဒအပြင် ခွင့်ပြုထားခြင်းလည်းမရှိသဖြင့် အဖွဲ့အစည်းနှင့်ဆက်နွယ်နေသည်ဟု ရာဇဝတ်ကျူးလွန်သူကဆိုလာလျှင် ကျူးလွန်သူ၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ထိုင်းအခြေစိုက်သတင်းဌာန Inside Thailand မှ အာဏာပိုင်တစ်ဦးနှင့်အင်တာဗျူးတွင် အဆိုပါဖျော်ဖြေရေးလုပ်ငန်းများသည် ဝင်ငွေရှာဖွေရုံသပ်သပ်မဟုတ်ဘဲ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများတွင်ပါ ဆက်နွယ်မှုရှိနေသည်ဟုယူဆရကြောင်း ဖြေကြားထားသည်။

ကေအဲန်ယူဘက်ကမူ KNLA နှင့်ဆက်နွယ်နေကြောင်း စွပ်စွဲခံရမှုအပေါ် သွေးထိုးလှုံ့ဆော်သည့်လုပ်ရပ်ဖြစ်သည်ဟု သုံးသပ်နေခြင်းရှိသည်။

ပဒိုစောကလယ်စေးက “ဒီလိုအလုပ်မျိုးကို ငွေအများကြီးနဲ့လုပ်ဖို့ဆိုတာ ကျနော်တို့အတွက် ဘယ်လိုမှမဖြစ်နိုင်တာပါ။ ဒီကိစ္စက သွေးထိုးလှုံ့ဆော်မှုတစ်ခုခုကြောင့် ဖြစ်နိုင်တယ်။ အဲဒါကြောင့်မို့လို့ ထိုင်းသတင်းဌာနတွေအနေနဲ့လည်း ဒီထက်ပိုပြီး တိတိကျကျလုပ်ပေးဖို့လိုပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အတူ အဆိုပါတရားမဝင်လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူအနေဖြင့် ထိုင်းအာဏာများနှင့် သတင်းအချက်အလက်ဖလှယ်ခြင်း၊ ညှိနှိုင်းလုပ်ဆောင်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။