Home သတင်း ဒူးပလာယာခရိုင်အတွင်း သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ KNPF နေ့တွင် မီးရှို့ဖျက်ဆီးခဲ့

ဒူးပလာယာခရိုင်အတွင်း သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ KNPF နေ့တွင် မီးရှို့ဖျက်ဆီးခဲ့

10
Photo: KNU

စက်တင်ဘာ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများကို စက်တင်ဘာ (၉) ရက်နေ့၊ ကျရောက်သည့် (၃၅)ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF နေ့အခမ်းအနားတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ ယမန်နေ့ စက်တင်ဘာ(၁၀)ရက်နေ့က ထုတ်ပြန်သည်။

ဒူးပလာယာခရိုင် KNPF မှဖမ်းဆီးရမိခဲ့သည့် အဆိုပါ ဘိန်းဖြူ(၂၀၀)ဂရမ်၊ ဆေးခြောက်ထုပ်(၂)ထုပ် နှင့် စိတ်ကြွဆေးပြား(၁)သိန်းကျော်ကို အခမ်းအနားဒုတိယပိုင်းအစီအစဥ်တွင် ခရိုင်တရားသူကြီးမှ အမိန့်ပေးညွှန်ကြားချက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။

တပ်မဟာ(၆)နယ်မြေတွင် NCA အပစ်ရပ်ကာလကတည်းကစ၍ ဒေသအတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်စီးခြင်းအစီအစဉ်ကို တာဝန်ရှိသူများခေါင်းဆောင်ကာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

သို့သော် မြေပြင်အခြေအနေတွင်မူ မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုနှင့်ပတ်သက်၍ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးဟု ဒေသခံများကပြောသည်။

Photo: KNU

ဗဟို KNPF ၏ စီမံရေးမှူးအပါအဝင် ခရိုင်နှင့်မြို့နယ်မှ KNPF ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များ၊ ခရိုင် ကေအဲန်ယူ တာဝန်ရှိသူများနှင့် သင်တန်းသူ၊ သင်တန်းသားများ ပါဝင်တတ်ရောက်ကြသည့် KNPF ၏ (၃၅)နှစ်ပြည့် အခမ်းအနားကို ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်းဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။

အစီအစဥ် ပထမပိုင်းနှင့်တတိယပိုင်းတွင် တာဝန်ရှိသူများမှ KNPF ဖြစ်ပေါ်လာပုံအားရှင်းပြခြင်း၊ KNPF ဗဟို၊ ကေအဲန်ယူ-ဗဟို၊ ကရင်လူငယ်အစည်းအရုံး-KYO နှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့မှ KNPF နေ့သို့ ပေးပို့သည့်သဝဏ်လွှာများ ဖတ်ကြားခြင်းကိုလည်း ထည့်သွင်းကျင်းပသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ပြီးခဲ့သည် ဇွန်လ (၂၆) ရက်၊ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကလည်း ကေအဲန်ယူ၊ တပ်မဟာ(၂)နယ်မြေ၊ တောအူး/တောင်ငူခရိုင် KNPF နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တို့ဦးဆောင်၍ နယ်မြေထဲဖမ်းဆီးရမိသည့် ကျပ်ငွေသန်းပေါင်းတစ်သောင်းခွဲတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းရှိသည်။