Home သတင်း အယုဒ္ဓယမှ ကျောင်းထိုင်သံဃာတော် ဘတ်ငွေ (၉၂)သန်းကျော် အလွဲသုံးစားလုပ် ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံရ

အယုဒ္ဓယမှ ကျောင်းထိုင်သံဃာတော် ဘတ်ငွေ (၉၂)သန်းကျော် အလွဲသုံးစားလုပ် ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံရ

12
Photo & Reference - Khaosod News

စက်တင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၏ယဥ်ကျေးမှုနယ်မြေ၊ အယုဒ္ဓယရှိ နာမည်ကြီးဘုန်းကြီးကျောင်း၏ ကျောင်းထိုင်သံဃာတော်ကို ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်အား အလွဲသုံးစားနှင့် ငွေကြေးခဝါချမှုပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ထိုင်းအာဏာပိုင်များက ယနေ့၊ စက်တင်ဘာ(၁၀)ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က အယုဒ္ဓယရှိ တော်ဝင်ဘုန်းတော်ကြီးကျောင်း ဝပ်ဖုထိုင်းစဝမ်(Wat Phutthaisawan)၏ အသက်(၆၆)နှစ်အရွယ်ရှိ ကျောင်းထိုင်ဆရာတော်အား အကျင့်ပျက်ခြစားမှုနှင့် အလွဲသုံးစားမှုနှိမ်နှင်းရေးဆိုင်ရာ အမှတ် (၁) ဗဟိုပြစ်မှုတရားရုံး၏ ဖရမ်းဝမ်းဖြင့် ယနေ့မနက် ၆ နာရီတွင် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ငွေကြေးခဝါချမှု၊ အလွဲသုံးစားလုပ်မှုဖြင့် စွပ်စွဲခံရသည့် အဆိုပါကျောင်းထိုင်ဆရာတော်မှာ ၂ နှစ်ကျော် ကာလအတွင်း ဘုန်းကြီးကျောင်း၏အမည်ကို ခွင့်ပြုချက်မဲ့ အသုံးပြု၍ အလှူငွေလက်ခံဖြတ်ပိုင်း အစောင် ၂၀ ကျော် ထုတ်ပေးခဲ့ဖူးပြီး စုစုပေါင်း ဘတ်ငွေ (၉၂)သန်းကျော်ရှိသည်ဟု ဆိုသည်။

ထိုရန်ပုံငွေများကို ကိုယ်ရေးကိုယ်တာအသုံးပြုရန် ကျောင်းထိုင်ဆရာတော်က ၎င်းနှင့်လိင်ပိုင်းဆိုင်ရာအထိ ရင်းနှီးမှုရှိသည့် အမျိုးသမီးတစ်ဦးထံ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ CIB အနေဖြင့် ဘုန်းကြီးကျောင်းတွင် အလွဲသုံးစားမှုရှိနေသည့် သတင်းပေးမှုအရ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သက်သေအဖြစ်ဖော်ပြနိုင်သော အထောက်အထားများကို စုဆောင်းနိုင်ခဲ့ကြောင်းလည်း သိရသည်။

Photo & Reference – Khaosod News

ထိုင်းအာဏာပိုင်များသည် ဖမ်းဆီးမှုဆောင်ရွက်ရာတွင် အဆိုပါကျောင်းထိုင်ဆရာတော်နှင့် အမျိုးသမီးတို့ လိင်မှုကျူးလွန်နေသော အထောက်အထားများအား CCTV မှတ်တမ်းမှတဆင့်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သီးခြား အထောက်အထားများရရှိနိုင်ရန်လည်း ဆက်လက်လုပ်ဆောင်နေသည်ဟု အာဏာပိုင်များက ဆိုသည်။

လတ်တလောတွင် ထိုကျောင်းထိုင်အား လူဝတ်လဲကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ရန် CIB က ခေါ်ဆောင်သွားပြီးဖြစ်ကြောင်းလည်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၎င်းနှင့်နီးစပ်သော အမျိုးသမီးကိုလည်း ဖမ်းဆီးထားသလို ကျောင်းရန်ပုံငွေသန်းနှင့်ချီကို အလွဲသုံးစားလုပ်မှုတွင် ပါဝင်ပတ်သက်မှုရှိကြောင်း အာဏာပိုင်များက သံသဃရှိနေသည်။

အမှုကျူးလွန်ခဲ့သော ဆရာတော်သည် ဘုရားဖူးများ ကြိုက်နှစ်သက်သည့် ဗုဒ္ဓအဆောင်များသွန်းလုပ်ရောင်းချရာတွင် နာမည်ကြီးသူလည်း ဖြစ်သည်။