Home သတင်း ရွှေကုက္ကိုလ်ရှိ အွန်လိုင်းငွေလိမ် အဆောက်အအုံများကို စစ်အုပ်စု ထပ်မံဖြိုချ၊ ငွေလိမ်လုပ်ငန်းရှင်နှင့် ဝန်ထမ်းစာရင်း ဖော်ပြမှုမရှိ

ရွှေကုက္ကိုလ်ရှိ အွန်လိုင်းငွေလိမ် အဆောက်အအုံများကို စစ်အုပ်စု ထပ်မံဖြိုချ၊ ငွေလိမ်လုပ်ငန်းရှင်နှင့် ဝန်ထမ်းစာရင်း ဖော်ပြမှုမရှိ

352
Photo: CJ

မေ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် အဆောက်အအုံများကို ယမန်နေ့ မေလ (၂၅) ရက်နေ့မှစပြီး စစ်အုပ်စုက ထပ်မံဖြိုချဖျက်ဆီးမှု လုပ်ဆောင်နေကြောင်း ၎င်းတို့ထိန်းချုပ်ထားသော နိုင်ငံပိုင်သတင်းဌာနမှ ထုတ်ပြန်သည်။

ရွှေကုက္ကိုလ်ရှိ တရားမဝင် အဆောက်အအုံ (၃၀၀) ကျော်ကို စစ်အုပ်စုက ဝင်ရောက်ရှာဖွေခဲ့စဉ် အွန်လိုင်းငွေလိမ်လုပ်နေသည့် အဆောက်အအုံ (၇၇) လုံး တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ငွေလိမ်လည်လုပ်နေသူ လုပ်ငန်းရှင်နှင့် ဝန်ထမ်းစာရင်းကိုမူ စစ်အုပ်စု ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိဘဲ ချန်လှပ်ထားသည်ကို တွေ့ရှိရသည်။

အဆိုပါ အဆောက်အအုံများကို တစ်ရက်လျှင် အဆောက်အအုံ နှစ်လုံးနှုန်းဖြင့် စစ်အုပ်စုက ဦးဆောင်ပြီး ဖြိုချဖျက်ဆီးသွားရန်ရှိကြောင်း ရွှေကုက္ကိုလ်မြို့တွင် ရောက်ရှိနေသည့် သတင်းအရင်းအမြစ်က ပြောသည်။

မြဝတီမြို့ မြောက်ဘက်တွင် တည်ရှိသည့် ရွှေကုက္ကိုလ်ဒေသကို ကရင်နယ်ခြားစောင့်တပ်-BGF နှင့် အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော်(KNA )တို့က ထိန်းချုပ်ထားသည်။ ကျားဖြန့် အဆောက် အအုံများ ဖျက်ဆီးသည့် ကိစ္စတွင်လည်း (BGF/KNA )တာဝန်ရှိသူများ ပူးပေါင်းပါဝင်မှုဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ရွှေကုက္ကိုလ်မြို့ သတင်းအရင်းအမြစ်က ဆိုသည်။

Photo: CJ

ထို့အပြင် ကျားဖြန့်လုပ်ငန်းရှင်နှင့် ဝန်ထမ်းများ စာရင်း ထုတ်မပြန်သည့်အပေါ် လူထုဝေဖန် ပြောဆိုမှုလည်း ရှိနေသည်။ ကေအိုင်စီအနေဖြင့်မူ BGF/KNA တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ် မရရှိသေးပေ။

တွေ့ရှိရသည့် ကျားဖြန့် အဆောက်အအုံများကို စစ်အုပ်စုက ချိတ်ပိတ်ထားကြောင်း ပြောဆိုထားသလို အဆောက်အအုံ အမျိုးအစားအပေါ် မူတည်၍ အဆင့်နှစ်ဆင့်ဖြင့် ဖြိုချသွားမည်ဟု ဆိုသည်။ လက်ရှိ အဆောက်အအုံ (၃) လုံး ဖျက်ဆီးအပြီး ယမန်နေ့ကအထိ စုစုပေါင်း (၇၄) လုံး ဖျက်ရန် ကျန်ရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အကုန်ပိုင်းကလည်း စစ်အုပ်စုက ကရင်လက်နက်ကိုင်များနှင့် ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ လုပ်ကိုင်နေရာအဖြစ် နာမည်ဆိုးထွက်နေသည့် KK Park ခြံဝင်းနေရာကို ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်း ရှိသည်။

နယ်စပ်ကျားဖြန့်အရေး လေ့လာစောင့်ကြည့်သူများကမူ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်အုပ်စု အပါအဝင် အကျိုးတူပူးပေါင်းအဖွဲ့၏ အယောင်ပြလုပ်ရပ် သက်သက် ဖြစ်သည်ဟု ထိုစဉ်က ဝေဖန်သုံးသပ်ကြသည်။