သိန်းရာချီ ပင်စင်လစာထက် ကလေးများ၏ အနာဂတ်ကို
ပိုမြတ်နိုးသူ
(ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ )
လူတစ်ယောက်အတွက် မိမိဘဝ၏ သုံးပုံနှစ်ပုံ နီးပါးဖြစ်သည့် နှစ်ပေါင်း ၃၀ ကြာ စုဆောင်းထားသည့် အခွင့်အရေးနှင့် ပိုင်ဆိုင်မှုအားလုံးကို မျက်စိတမှိတ်စာအတွင်း စွန့်လွှတ်ရန်မှာ မတွေးဝံ့စရာ စိန်ခေါ်မှုပင်ဖြစ်သည်။ သို့သော်လည်း အသက် ၅၅ နှစ်အရွယ် ဆရာမ နော်ပုလဲဝါး(အမည်လွှဲ) အတွက်မူ ကလေးငယ်များ၏ ရှေ့ရေးနှင့် ကိုယ်ကျင့်သိက္ခာသည် သိန်းရာချီသည့် လုပ်သက်ဆုကြေးများထက် ပိုမိုအဖိုးတန်ခဲ့သည်။
လက်ရှိတွင် ဆရာမကြီး နော်ပုလဲဝါးသည် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ အိမ်ခြေ ဆယ်ဂဏန်းသာရှိသည့် ဝေးလံခေါင်ဖျားသော တောင်ပေါ်ရွာလေးတစ်ရွာ၌ ‘သုည’ ကနေ ဘဝကိုပြန်စကာ ကျေးလက်နေ ကလေးငယ်များကို ပညာသင်ကြားပေးလျက်ရှိသည်။
ဆရာမ နော်ပုလဲဝါး စာသင်ပေးသည့် ကျောင်းသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ပညာရေးဌာနက ဖွင့်ထားသည့် မူလတန်းအဆင့် ကျောင်းတစ်ကျောင်းဖြစ်သည်။ ကျောင်းဟု သတ်မှတ်ထားသည့် အဆိုပါ သစ်သားကျောင်းဆောင်ထဲတွင် စာသင်ကြားနိုင်သည့် ခန်းမ ဆောင်ငယ်တစ်ခန်းမှလွဲ၍ ကျောင်းအဆောက်အဦးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ အလုံ အလောက်မရှိပေ။
ဆရာမ နော်ပုလဲဝါးသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာခဲ့သူဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် နယ်စပ်ဒေသသို့ တိမ်းရှောင်လာရင်း ယခုကဲ့သို့ တောင်ပေါ်ရွာလေးတွင် စာသင်ကြားပေးရန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
“ Facebook မှာ ကလေးတစ်ယောက် တင်လိုက်တဲ့စာကို ဖတ်မိသွားတယ်။ ‘အမှားအမှန်ကို မဝေခွဲနိုင်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေ ကလေးတွေကို ဘယ်လို လမ်းပြမှာလဲ’တဲ့။ အဲဒါကို ဖတ်ပြီးတော့ ကျမ စိတ်ထဲမှာ စာသင်လည်း ကလေးတွေက ကျမကို လေးစားမှာ မဟုတ်တော့ဘူးလို့ ခံစားရတယ်။ သူတို့တောင်မှ အမှားအမှန်ခွဲခြားပြီး အသက်စွန့်နေကြတာပဲလေ။ ဒါနဲ့ပဲ CDM လုပ်ဖြစ်သွားတာ” ဟု ဆရာမက ပြောသည်။
ဆရာမကြီး နော်ပုလဲဝါးသည် မူလတန်းပြဘဝမှ အထက်တန်းပြအဆင့်အထိ ပညာရေးဝန်ထမ်းအဖြစ် နှစ်ပေါင်း ၃၀ တိုင်တိုင် လုပ်သက်ရှိခဲ့သူဖြစ်သည်။ ထို့ကြောင့် သူမအနေဖြင့် CDM မလုပ်ဘဲ ဆက်လက်တာဝန်ထမ်းဆောင်ပါက ပင်စင်လစာအပြင် Gratuity ခေါ် လုပ်သက်ဆုကြေး ငွေကျပ်သိန်းရာနှင့်ချီ၍ ရရှိမည့် အခွင့်အရေးရှိသော်လည်း ထိုဘဝအာမခံချက်များကို အပြီးတိုင် စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။
“ကျမက ကိုယ်ကျင့်သိက္ခာနဲ့ အမှန်တရားဘက်မှာ ရပ်တည်ချင်တာမို့လို့ အခုဆိုရင် ဘယ်နေရာသွားသွား ခေါင်းမော့ပြီး သွားလာနိုင်တယ်။ CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေကတော့ သူတစ်ပါးရဲ့ အထင် သေးတဲ့အကြည့်၊ မလေးမစားကြည့်တဲ့ အကြည့်တွေကို ခံရမှာပေါ့။ ကျမတို့မှာတော့ အဲဒီလို ခံစားချက်မျိုး မရှိဘူး၊” ဟု ဆရာမကြီးက သူမ၏ ခံယူချက်ကို ပြောပြသည်။
အဆိုပါ ကျောင်းသို့ စတင်ရောက်ရှိချိန်တွင် ဆရာမကြီးသည် ဘာသာစကား နှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ရှိနေသော်လည်း စိတ်ဓာတ်ခိုင်မာစွာဖြင့် သင်ကြားပေးနေကြောင်း သူမနှင့်အတူ အနီးကပ် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကျောင်းတာဝန်ရှိသူတစ်ဦးကလည်း သူမ၏ မေတ္တာစေတနာ ပြည့်ဝမှုကို မှတ်ချက်ပြုပြောဆိုသည်။
“ သူက ကျောင်းမှာဆိုရင် စည်းကမ်းတကျရှိတာကို ပိုနှစ်သက်သလို ချစ်ခြင်းမေတ္တာနဲ့လည်း ထိန်းကျောင်းတယ်။ အစိုးရကျောင်းကနေ လာတဲ့သူဆိုတော့ ကျောင်းစီမံခန့်ခွဲမှုတွေကို ကောင်းကောင်းနားလည်တယ်။ ကျနော့်ထက် အသက်ကြီးပေမယ့် အလုပ်အပေါ်မှာရော ကျနော့်အပေါ်မှာပါ လေးစားမှုရှိရှိ လုပ်ကိုင်တာ တွေ့ရလို့ ပီတိဖြစ်ရပါတယ်” ဟု ဆိုသည်။
ထို့အပြင် ဆရာမကြီးအနေဖြင့် တောင်ပေါ်ဒေသသို့ စတင်ရောက်ရှိချိန်တွင် ဘာသာစကား အခက်အခဲရှိခဲ့သော်လည်း မိမိ၏ လူမျိုးနှင့် ကလေးငယ်များအပေါ် ထားရှိသည့် စေတနာကြောင့် ထိုအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း ဆရာမကြီး လုပ်ဖော်ကိုင်ဖက်က ပြောသည်။
“စစချင်းမှာ သူလည်း ကရင်ဘာသာစကားကို သိပ်မကျွမ်းတော့ နားမလည်တဲ့ ကလေးတွေ ရှိခဲ့ပေမယ့် ကြာလာတော့ ဘာသာရပ်တိုင်းမှာ နိုင်နိုင်နင်းနင်း သင်ကြားပေးနိုင်လာတယ်။ သူ့ရဲ့ ကလေးတွေကို ထိထိရောက်ရောက် ပညာပေးချင်တဲ့ စိတ်ကတော့ အပြည့်ပဲ” ဟု ၎င်းက ဆိုသည်။
ဆရာမကြီး နော်ပုလဲဝါးအနေဖြင့် ဆွေမျိုးများရှိသည့် ထိုင်းနိုင်ငံဘက်တွင် အဆင်ပြေပြေ နေထိုင်နိုင်သည့် အခွင့်အလမ်းရှိသော်လည်း ဖွံ့ဖြိုးမှုနောက်ကျပြီး ပညာရေးလိုအပ်ချက်ရှိနေသည့် တောင်ပေါ်ရွာလေးတွင် သူမတတ်မြောက်ထားသည့် ပညာများဖြင့် ကူညီပေးရသည့် ဘဝကို ပို၍အဓိပ္ပာယ်ရှိသည်ဟု ခံယူထားသည်။
“ကိုယ့်အသက်အရွယ်ကလည်း ကြီးလာပြီ။ ပေးဆပ်စရာဆိုလို့ ပညာဒါနပဲ ရှိတော့တယ်။ အခု စီဒီအမ် တွေကို ပြန်ကြည့်ရင် ဘာဆိုဘာမှ မရှိတော့ဘူး၊ သုညပါပဲ။ ဒါပေမဲ့ ကိုယ့်မှာ ဆရာမ ဖြစ်နေတဲ့အတွက် လှူနိုင်တာဆိုလို့ ပညာဒါနပဲရှိတယ်လေ။ ဒါကိုပဲ ဆက်လှူသွားမှာပါ” ဟု ဆရာမနော်ပုလဲဝါးက သူမ၏ ခိုင်မာသော သန္နိဋ္ဌာန်ကို ပြောပြသည်။
ဆရာမကြီး နော်ပုလဲဝါးအတွက် ပိုင်ဆိုင်မှုများမှာ ‘သုည’ ဖြစ်သွားခဲ့သော်လည်း သူမ၏ ပညာဒါန ခရီးသည် နောင်အနာဂတ်တွင် မျိုးဆက်သစ်ခေါင်းဆောင်များ ဖြစ်လာမည့် တောင်ပေါ်မြေမှ ကလေးငယ်များ၏ ရင်ထဲတွင် အစားထိုးမရသည့် တန်ဖိုးများအဖြစ် ဆက်လက် အမြစ်တွယ်နေဦးမည် ဖြစ်သည်။



















