Home ဆောင်းပါး ကရင်ဖြူမြေက ငရဲမနက်ခင်း

ကရင်ဖြူမြေက ငရဲမနက်ခင်း

564

ကရင်ဖြူမြေက ငရဲမနက်ခင်း

(ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။) နန့်ဆန်းထီ

“လေယာဉ်သံကြားတာနဲ့ ကျနော် ချောက်ထဲလှိမ့်ချလိုက်တာ လွတ်သွားတယ်။ ပြန်ပြေးလာပြီးတော့ အမေ့ကို အော်ခေါ်တယ်၊ အမေဘယ်ရောက်မှန်း မသိဘူးလေ၊ သူများအိမ်ရောက်နေတယ်ပဲ ထင်တာ”

ဒါကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်၊ မနက်ပိုင်းက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အစွန်အဖျားမှာရှိတဲ့ ဘုံတောင်ရွာလေးကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရချိန်မှာ အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့သူ ကိုဖြိုး (အမည်လွှဲ) က သူကြုံခဲ့ရတဲ့ အနိဋ္ဌာရုံတွေကို ပြောပြတဲ့ ဖြစ်ရပ်ပါ။

ကရင်ဖြူလူမျိုးစုတွေ စုစုစည်းစည်း နေထိုင်ကြတဲ့ အဲဒီရွာငယ်လေးဟာ ဂျက်ဖိုက်တာနဲ့ အပစ်ခံရပြီးတဲ့နောက်မှာတော့ ကိုဖြိုးတို့လို ရွာသားတွေအတွက် ဘယ်တော့မှ မမေ့နိုင်တော့တဲ့ ငရဲခန်းတစ်ခု ဖြစ်သွားခဲ့ရပါတယ်။

တောင်တန်းတွေတစ်ဖက် မြေပြန့်လွင်ပြင်တစ်ဖက် ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းကြားမှာ ငြိမ်းချမ်းစွာ တည်ငြိမ်ရှိနေတဲ့ ဘုံတောင်ရွာအနီးအနားမှာ တိုက်ပွဲမရှိတာကြောင့် လေယာဉ်လာပစ်မယ်ဆိုတာ ဘယ်လိုမှ မထင်ထားမိတဲ့ကိစ္စလို့ ရွာခံတွေက ပြောကြပါတယ်။

“ပုံမှန်လို သူ့အသံက တအားကြီးလည်း မကျယ်ဘူး၊ မြင့်လည်းမြင့်တယ်၊ အလစ်ငိုက်ကို တမင်ဖမ်းတဲ့ပုံပဲ။ အဲဒီတစ်ကြိမ်ပြီးတော့ နောက်တစ်ခေါက်လာသေးတယ်။ စုစုပေါင်း လေယာဉ်နှစ်စီးလာတာ ဟက်စကီး လည်းလာတယ်၊ လက်နက်ကြီးနဲ့လည်းပစ်တယ်” လို့ အဲဒီနေ့က အဖြစ်အပျက်ကို ကိုဖြိုးက ပြောပါတယ်။

အဲဒီနေ့က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဘုံတောင်တစ်ရွာတည်း မဟုတ်ပါဘူး။ အနီးအနားမှာရှိတဲ့ သာစည်၊ ကျောက်ကြီးတောင်ရွာသစ်၊ ကျောက်ကြီးတောင်ရွာမ ဘက်ကိုပါ သက်ရောက်ခဲ့တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂) ဘက်က ဆိုပါတယ်။

ဒေသတွင်းသတင်းဌာနတစ်ခုမှာတော့ ရွာတွေထဲကို ရော့ကတ်အလုံး (၄၀) ကျော်၊ ဗုံးအလုံးရေ (၃၀) နီးပါး ကြဲချသွားတယ်လို့ ဖော်ပြထားတာပါ။

လေယာဉ်လာကြဲပြီးတဲ့နောက် တွေ့ရတဲ့ လူမှုကွန်ရက်ပေါ်က သတင်းဓာတ်ပုံမှာလည်း ကျည်စမှန်ပြီး သေဆုံးသူတွေဟာ အိမ်တိုင်အပျက်အစီးတွေအောက်မှာ အလဲလဲအပြိုပြိုပါပဲ။ အဲဒီထဲမှာ ကလေးနဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

ကိုဖြိုးကတော့ “ကျနော့်အမေရော ကျနော့်ညီတစ်ဝမ်းကွဲတစ်ယောက်ရော သေပြီ။ ကျနော်တို့ဘေးအိမ်က ကောင်လေးကတော့ ပစ်တဲ့အချိန် နဖူးကိုအစလာမှန်တာ သူ့မှာသွေးတွေနဲ့ ဆက်ပြေးတယ်” လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာကို ပြောပြပါတယ်။

ပထမတစ်ခေါက် လေယာဉ်လာပစ်တဲ့အချိန်မှာ လွတ်သွားတဲ့ ကိုဖြိုးနဲ့ သူ့အဖော်တစ်ယောက်က ဒဏ်ရာရ ပိမိနေတဲ့ အိမ်နီးချင်းတွေကို ရသလောက် လိုက်ကယ်ပါသေးတယ်။

သို့ပေမယ့် လေယာဉ်နောက်တစ်ခေါက် ရောက်လာလို့ အသက်ဘေးက လွတ်မြောက်ဖို့ရာ မပြေးလို့ မရတော့တဲ့ အခြေအနေပါ။

သူတို့ မျက်စိရှေ့တင် လေယာဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေ တွေ့ခဲ့ရပါတယ်။ တင်ပါးဆုံပွင့်ထွက်ဒဏ်ရာရသူ၊ ခြေထောက်ပြတ်ထွက်ဒဏ်ရာရသူနဲ့ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးသွားရတဲ့ အခြေအနေလည်း ရှိခဲ့တယ်လို့ ကိုဖြိုးက ပြောပါတယ်။

“အိမ်ပိနေတဲ့ တစ်ယောက်ကို အရင်ကယ်တယ်၊ သူကလွတ်သွားတယ်လေ နောက်တစ်ယောက်က ခြေထောက်ပြတ်သွားတာ။ ကျနော်တို့ ရအောင်ကယ်ပါသေးတယ်ဗျာ၊ ဒါပေမဲ့ မကယ်လိုက်နိုင်ဘူး။ လေယာဉ်က နောက်တစ်ကြိမ်ထပ်ပစ်တော့ မပြေးလို့ မရတော့လို့ပါ” လို့ သူစိတ်ထိခိုက်ခဲ့ရပုံကို ပြန်ပြောင်းပြောပါတယ်။

ဘုံတောင်က လေယာဉ်ကြဲမှုမှာ လွတ်လာတဲ့ ရွာခံတွေပြောပြချက်အရ သေဆုံးသူက (၉) ယောက်ရှိပြီး ဒဏ်ရာရတဲ့သူက (၄) ယောက်ရှိပါတယ်။

“ လိပ်သိုမြို့ပေါ်မှာတော့ ရွာ (၄) ရွာက ပြေးလာတာ အိမ်ခြေ (၅၀) ရှိပြီ။ တချို့ကလည်း ရေတာရှည်ဘက်ကို ပြေးကြတယ်” လို့ ကေအဲန်ယူရဲ့ လိပ်သိုမြို့နယ်နေ အုပ်ချုပ်ရေးတာဝန်ရှိသူက ပြောပါတယ်။

အသက်ရှင်ကျန်ခဲ့တဲ့ ကိုဖြိုးတို့ရွာခံတွေဟာ အဝတ်တစ်ထည်ကိုယ်တစ်ခု အသက်လုပြေးရတာကြောင့် ဘာမှသယ်လာချိန် မရလိုက်ပါဘူး။ ဒါကြောင့် လေယာဉ်သံငြိမ်သွားတဲ့အချိန်မှာ ရွာအစပ်ကအိမ်တွေဆီ အရဲစွန့်ကာ စားစရာသောက်စရာ ပြန်ယူကြပါတယ်။

ဒါပေမဲ့ ညနေပိုင်းမှာ စစ်အုပ်စု စစ်ကြောင်းလိုက် ဘုံတောင်ရွာအနီးအနားကို ရောက်လာတာကြောင့် သူတို့အတွက် ပြန်ရခက်ခဲသွားပါပြီ။ ဒါကြောင့် ဘေးလွတ်ရာကို ထွက်ပြေးရှောင်တိမ်းကြရတယ်လို့ ဆိုပါတယ်။

ကိုဖြိုးက “ကျနော်ပြေးတုန်းကဆို အင်္ကျီတောင်မပါဘူး။ တောထဲမှာလည်း အမေကြီးတွေ အဘိုးအဘွားတွေ မိန်းကလေးတွေများတယ်လေ။ သူတို့ဖို့ စားဖို့သောက်ဖို့ရှိတော့ ပြန်ယူရဲတဲ့သူက ပြန်ယူတယ်။ နောက်တော့ ဘယ်သူမှ ပြန်မသွားရဲတော့ဘူး။ ကျနော်တို့ရွာ တောင်ဘေးပတ်ပတ်လည် အကုန်ဝိုင်းထားပြီ” လို့ ပြောပါတယ်။

ဧပြီလ (၂၂) ရက်နေ့က နေပြည်တော်နယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာရွာ စစ်အုပ်စု ကာကင်းစခန်းတစ်ခုကို ကရင်နဲ့ ကရင်နီတပ်တွေ၊ တော်လှန်ရေးတပ်ဖွဲ့တို့ စခန်းသိမ်း တိုက်ပွဲဖြစ်စဉ်ကြောင့် အခုလို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်အုပ်စုဘက်က အရာရှိအပါအဝင် သေဆုံးသူအချို့ ရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရတယ်။

အဲဒီနောက်မှာ အင်အားအများအပြားနဲ့ စစ်အုပ်စုက သံတောင်ဘက်ကနေ ဘုံတောင်ရွာဘက်ကို စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး လမ်းတစ်လျှောက်မှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသသတင်းတွေမှာ ဖော်ပြထားပါတယ်။

ရွာပြင်ထွက်ရှောင်နေတဲ့ ဘုတောင်ရွာခံတွေမျက်မြင်ပြောပြချက်အရ ရွာထဲမှာ မီးခိုးတွေ ထွက်နေတာတွေ့တယ်လို့ ဆိုပါတယ်။

ကိုဖြိုးက “လေယာဉ်ဒီလောက်ပစ်တာ ရွာကတော့ မကြေဘဲဘယ်နေပါ့မလဲ ဘုန်းကြီးကျောင်းရော စာသင်ကျောင်းရော ကုန်ပြီ။ ကျန်ခဲ့တဲ့ အိမ်ကောင်းတွေလည်း သူတို့မီးလိုက်ရှို့တယ်လို့ ပြောတယ်။ ဒီကနေ လှမ်းကြည့်ရင်လည်း ရွာမှာ မီးလောင်နေတယ်လေ” လို့ ပြောပါတယ်။

ဘုံတောင်နဲ့ သာစည်ရွာမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံလိုက်ရတာဖြစ်ပြီး ကျန်နှစ်ရွာက နေအိမ်အနည်းငယ်လည်း မီးရှို့ခံထားရလို့ ကေအဲန်ယူဘက်က ပြောပါတယ်။

ကေအဲန်ယူ အုပ်ချုပ်ရေးတာဝန်ရှိသူက “လယ်ဝေးစခန်းကျပြီး မကျေနပ်လို့ လုပ်တဲ့သဘောရှိတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ လုပ်သွားတာ ကုလားမနိုင် ရခိုင်မဲတဲ့သဘောပေါ့။ ဘုံတောင်နဲ့ သာစည်က အိမ်တွေလည်း မီးလိုက်ရှို့။ ကျောက်ကြီးတောင် ရွာသစ်၊ ရွာမကတော့ တစ်လုံးနှစ်လုံး မီးထိတယ်” လို့ ပြောပါတယ်။

ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ လေယာဉ်ပစ်လို့ ဘုံတောင်တစ်ရွာတည်းတင် နေအိမ် (၄၀) လောက် ပျက်စီးမှုရှိပါတယ်။ အလားတူ လက်ရှိအချိန်မှာလည်း လေယာဉ်ပစ်တဲ့အချိန် ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သူတွေဟာ ရွာထဲမှာ ပိတ်မိနေတဲ့ အခြေအနေပါ။

“ဗုံးကြဲပြီး အိမ်ပေါ်အိမ်အောက်ပိနေတဲ့ အမျိုးသမီးနဲ့ ကလေးတွေ အလောင်းတောင် ထုတ်မရဘူး။ စစ်တပ်က ရွာထဲဝင်လာလို့” လို့ ရွာအခြေအနေကို သိတဲ့ ကရင်နီဘက်က တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ဘုံတောင်ရွာမှာဆိုရင် ကျန်းမာရေးကြောင့် ပြေးပြေးလွှားလွှား မလုပ်နိုင်သူတွေ၊ ရောဂါအခံရှိသူတွေ၊ သက်ကြီးရွယ်အိုတွေ ကျန်ရစ်ခဲ့တာဖြစ်ပြီး သူတို့မိသားစုဝင်တွေအဖို့ စိုးရိမ်ပူပန်ရုံကလွဲပြီး ဘာမှ လုပ်ပေးနိုင်တာ မရှိပါဘူး။

ဧပြီ(၂၇)ရက်နေ့မှာလည်း သံတောင်ကြီးမြောက်ပိုင်းက ငွေတောင်ကျေးရွာအုပ်စု၊ တောပုန်း ကျေးရွာအုပ်စုတွေဘက်ကို လေကြောင်းထပ်မံတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့အချိန်ထိ လိပ်သိုမြိုန့ယ်ထဲကို ထွက်ပြေးလာတဲ့စစ်ဘေးရှောင်(၄၀၀)ထက်မနည်းရှိနေပါတယ်။ သူတို့ တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အဓိကလိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

“ခု ခဏတာထောက်ပံ့ထားပေမယ့် ရေရှည်ဆို အဆင်မပြေဘူး၊ စစ်ရှောင်တွေအတွက် စားစာရော သောက်စရာ လိုတယ်။ လာတဲ့သူတွေထဲမှာ ကလေးလသားအရွယ်နဲ့မိခင်တွေရော၊ မသန်စွမ်းရော ပါလာတော့ ဆေးဝါးတွေလည်းလိုတယ်။” လို့ လိပ်သိုမြို့ပေါ်ရောက်လာတဲ့စစ်ရှောင်တွေကို သွားရောက်ကူညီတဲ့ အမျိုးသားက ဆိုပါတယ်။

စစ်ရေးနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ အရပ်သားကျေးရွာတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို စစ်အုပ်စုက အခုလို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေ (IHL) ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ‘ခွဲခြားတိုက်ခိုက်ခြင်းဆိုင်ရာမူ’ (Principle of Distinction) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ ဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

သို့ပေမဲ့လည်း စစ်အုပ်စုဘက်ကတော့ သံတောင်ကြီးမြို့နယ်က ဘုံတောင်ရွာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမတွေ့ရှိရသလို တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ရင် “စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်တာဖြစ်တယ်” လို့ ဆင်ခြေပေး ပြောဆိုလေ့ရှိပါတယ်။

ကရင်ဖြူမြေရဲ့ ဧပြီ (၂၄) ရက်နေ့ မနက်ခင်းဟာ ဘုံတောင်ရွာအဝင်လမ်းက “ဗုဒ္ဓဘာသာ ဘုံတောင်ရွာမှာ နွေးထွေးစွာ ကြိုဆိုပါ၏” လို့ ဆိုင်းဘုတ်ထူထားသလို မနွေးထွေးတော့ပါဘူး။

ငိုသံ၊ အော်ငြီးသံ၊ ကယ်ပါယူပါ အကူအညီတောင်းသံတွေနဲ့ ငရဲအတိပါပဲ။ ပိတ်မိနေတဲ့ အပြစ်မဲ့ပြည်သူတွေ အကူအညီမဲ့နေသလို စစ်ဘေးရှောင်တချို့ဟာလည်း အိုးအိမ်မဲ့၊ မိသားစုမဲ့ခဲ့ရပါပြီ။

ကိုဖြိုးကတော့ “အမေက အိမ်ပိပြီး…..မရှိတော့ဘူး၊ အိမ်လည်းမရှိတော့ဘူး၊ ဘာမှမရှိတော့ဘူး” လို့ တုန်ရီတဲ့ အသံနဲ့ ပြောပြပါတယ်။