ဧပြီ (၂၇)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ မောတောင်မြို့အတွင်းရှိ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ဧပြီ(၂၆)ရက်နေ့က စစ်အုပ်စု ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူပိုင်နေအိမ်(၂)လုံး ပျက်စီးသွားကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။
မောတောင်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်တို့တွင် ယမန်နေ့ နံနက်ပိုင်းတစ်ကြိမ်၊ နေ့လည်ပိုင်းတစ်ကြိမ် စစ်အုပ်စုက ပေါင်(၂၅၀)ဗုံး (၆)လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူရှိမရှိ ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ဒေသတွင်းသတင်းဌာနတစ်ခုတွင် ဒေသခံသတင်းအရင်းအမြစ်ကို ကိုးကားဖော်ပြချက်အရမူ လူထိခိုက်မှုမရှိဟု သိရသည်။

မောတောင်မြို့သည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့်အပြင် ကေအဲန်ယူ တပ်မဟာ (၄) နယ်မြေအတွင်းရှိ စစ်ရေးဗျူဟာကျသော မြို့တစ်မြို့လည်းဖြစ်သည်။
အဆိုပါမြို့ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အကုန်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ဒေသတွင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲလုပ်ဆောင်ခဲ့အပြီး သိမ်းပိုက်နိုင်ခြင်းရှိခဲ့သည်။
ယင်းနောက် စစ်အုပ်စုကမြို့ပြန်ရယူရေး အင်အားသုံးကြိုးပမ်းလာသဖြင့် တိုက်ပွဲပဋိပက္ခများ၊ လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ မြို့အတွင်းရှိဒေသခံများ စစ်ဘေးတိမ်းရှောင်ရခြင်းလည်း ရှိခဲ့ကြောင်း ထိုစဥ်က ကေအဲန်ယူတပ်မဟာ(၄)ဘက်က ပြောဆိုဖူးသည်။



















