အောက်တိုဘာ ၂၈ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် ၉ လတာအတွင်း တရားမဝင် ငွေလိမ်လုပ်ငန်းများ၌ လုပ်ကိုင်နေသော နိုင်ငံခြားသား တစ်သောင်းကျော်ကို စစ်အုပ်စုက ဖမ်းဆီးအရေးယူခဲ့သည်ဟု စင်ကာပူအခြေစိုက် The Straits Times ဌာနက ယနေ့ ဖော်ပြထားသည်။
တရုတ်နှင့် ထိုင်းနယ်စပ်ရှိ ငွေလိမ်လုပ်ငန်းများကို ဖြိုခွင်းပြီးနောက် အောက်တိုဘာလ ၂၇ ရက်တွင် လူဦးရေတစ်သောင်းကျော်ကို ဖမ်းဆီးထားပြီး ၉,၃၄၀ ဦးကို နေရပ်ပြန်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်ဟု စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာန၏ အောက်တိုဘာလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်ကို ကိုးကား၍ ၎င်းသတင်းဌာနက ရေးသားထားခြင်းဖြစ်သည်။
ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဒေါ်လာဘီလျံချီဖြင့် လည်ပတ်နေသော ငွေလိမ် ဂိုဏ်းကွန် ရက်များနှင့်ပတ်သက်၍ စစ်တပ်အပေါ် သက်ရောက်လာသော နိုင်ငံတကာ ဖိအားများကြောင့် ဖြစ်သည်ဟု ထိုသတင်းဌာနတွင် ဖော်ပြထားသည်။
စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ထိုင်း–မြန်မာနယ်စပ်အနီးရှိ KK Park အတွင်း ငွေလိမ်ဂိုဏ်းများသည် KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် ဆက်စပ်ကြောင်း ပြောဆိုထားသည်။ သို့သော်လည်း ထိုစွပ်စွဲချက်ကို KNU ဘက်မှ ပယ်ချခဲ့သည်။

စစ်အုပ်စုက မကြာသေးခင်က ထိုင်း–မြန်မာနယ်စပ်ရှိ ငွေလိမ်ဂိုဏ်းအချို့ကို ဝင်ရောက် စီးနင်းပြီးနောက် တရုတ်လူမျိုးအများစု ပါဝင်သော နိုင်ငံခြားသား တစ်ထောင်ကျော်သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည်ဟု ဒေသတွင်း သတင်းဌာနများက ရေးသားထားသည်။
ယင်းကဲ့သို့ နှိမ်နှင်းဆောင်ရွက်မှုသည် စစ်အုပ်စုက ရွေးကောက်ပွဲအကြိုကာလ၌ တရုတ်ဖိအားကို သက်သာစေရန်နှင့် ဘေဂျင်းအစိုးရ၏ ပံ့ပိုးမှု ရရှိရေးအတွက် ဖြစ်နိုင်သည်ဟု The Straits Times သတင်းဌာနတွင် ဖော်ပြပါရှိသည်။
ထို့အပြင် Starlink သုံးစွဲမှုများလာသော ကျားဖြန့်နေရာများ အရေအတွက် နှစ်ထောင်ကျော်ကို ပိတ်ဆို့ဖြတ်တောက်လိုက်သည်ဟု Space X ကုမ္ပဏီက ထုတ်ပြန်ထားသည်။ သို့သော် Starlink သုံးစွဲသူအရေအတွက်သည် ယင်းပမာဏထက် ပိုများနိုင်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၏ ပြောကြားချက်ကို ကိုးကား၍ ထိုသတင်းဌာနတွင် ဖော်ပြထားသည်။



















