အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြိုင်၌ လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ကရင်အမျိုး သားနှစ်သစ်ကူးနေ့ပွဲတော်တွင် ကျပ်သိန်း ၁,၀၀၀ ဆုကြေးငွေချီးမြှင့်မည့် ဒုံးအကပြိုင်ပွဲတစ်ရပ် ထည့်သွင်းကျင်းပသွားမည်ဟု ပွဲတော်ကျင်းပရေး အစည်းအဝေးမှတ်တမ်းဆုံးဖြတ်ချက်အရ သိရသည်။
အဆိုပါပွဲ ဖြစ်မြောက်ရေးအတွက် နယ်ခြားစောင့်တပ်- BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ပြည်နယ် စာပေ ယဉ်ကျေးမှုအဖွဲ့နှင့် ကရင်အနုပညာအစည်းအရုံးတာဝန်ရှိသူတို့က အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရွှေကုက္ကိုလ်၌ ပြုလုပ်သည့် ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်းပွဲတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဒုံးအကပြိုင်ပွဲကို ပြည်နယ်ဒုံးအဆင့်မီသော ဒုံးအဖွဲ့များအတွက် အကြီးတန်း၊ အငယ်တန်းနှင့် ဖျော်ဖြေရေး ဟူ၍ (၃) မျိုးခွဲ၍ ပြုလုပ်သွားမည်ဖြစ်သည်။ အကြီးတန်း ပထမဆုအတွက် ဆုကြေးငွေ ကျပ်သိန်း ၁,၀၀၀ နှင့် အငယ်တန်းပြိုင်ပွဲတွင် ပထမဆုအတွက် ကျပ်သိန်း ၆၀၀ ဟု သတ်မှတ် ထားသည်။ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှ ကရင်နှစ်သစ်ကူးနေ့ ကျရောက်သည့် ၁၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုချီးမြှင့်မည့် ဆုကြေးငွေသည် ဒုံးအကပြိုင်ပွဲတစ်လျှောက် ဆုကြေးအများ ဆုံးပမာ ဏဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ ဒုံးအဖွဲ့များကြား စိတ်ဝင်စားမှု မြင့်တက်နေသည်ဟု လက်ရှိ ဖားအံမြို့နယ်ရှိ ဒုံးအဖွဲ့ဦးစီးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့လည်း ကရင်ပြည်နယ်နေ့အတွက် ပြိုင်ပွဲပြီးသွားရင် အဲဒီကို သွားထပ်ပြိုင်ဖို့ ရှိတယ်။ အဲဒီပွဲလည်း ပြည်နယ်ပွဲအဆင့်လောက် ရှိတယ်လေ။ ဒါပေမယ့် ဆုကြေးများတော့ ပြိုင်ပွဲဝင် အဖွဲ့တွေ ကတော့ ပြည်နယ်အဆင့် ဒုံးပြိုင်ပွဲထက် ပိုများမယ်ထင်တယ်။ အခုတောင် တချို့ရွာတွေဆို ပြည်နယ် နေ့အတွက် ဒုံးမထွက်တော့ဘူး။ အဲဒီကရင်နှစ်သစ်နေ့အတွက်ပဲ ထွက်ဖို့ ပြင်ဆင်နေကြတာ။”ဟု ပြောသည်။
လက်ရှိ ဒုံးအကပြိုင်ပွဲအဖွဲ့ တစ်ဖွဲ့ ဖြစ်မြောက်ရေးအတွက် လနှင့်ချီ အချိန်ပေးရသည့်အတွက် သိန်း ရာနှင့်ချီ၍ ငွေကုန်ကြေးကျမှုများ ရှိနေကြောင်း၊ တဖက်တွင်လည်း အကသမားများ ရှားပါးလာမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း အဆိုပါ ဒုံးအဖွဲ့ဦးဆောင်သူက ဖြည့်စွက်ပြောသည်။

ယခုလို မြဝတီမြို့ အနောက်မြောက်ဘက်ရှိ BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်တွင် ရိုးရာ ဒုံးအကပြိုင်ပွဲကျင်းပရန် ပြင်ဆင်နေချိန်၊ လက်ရှိ မြဝတီမြို့ တောင်ဘက်ရှိ လေးကေ့ကော်ဒေသ၌ စစ်အုပ်စုတပ်နှင့် ကရင်လက်နက်ကိုင် ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။
မြဝတီမြို့ခံတစ်ဦးက “ဒီဘက်မှာတော့ ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ ဟိုဘက်မှာတော့ လူတွေ အများကြီး စစ်ဘေးရှောင် ဒုက္ခရောက်နေချိန်ရှိတော့ ကျနော်အနေနဲ့က စိတ်မကောင်းဘူး။ သူများတွေ ဒုက္ခရောက် တဲ့အချိန်မှာ ပွဲလုပ်နေတဲ့သူတွေက ထည့်တွက်စဉ်းစားပေးတာလည်း မရှိကြဘူး” ဟု ထောက်ပြ ပြောသည်။
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၏ မိသားစုသည် ကရင်ရိုးရာယဉ်ကျေးမှုပွဲများ၊ အား ကစားပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ၎င်းတို့ ထိန်းချုပ်ရာနယ်မြေ၌ ပုံမှန်ကျင်းပလေ့ရှိသည်။ ၎င်းအပြင် သူ၏ သားသမီးနှင့် မြေးတို့၏ မွေးနေ့ပွဲများတွင် သိန်းထောင်ချီကုန်ကျသည့် အားကစားပွဲ တော်များကိုလည်း ဦးစီးကျင်းပနေမှုက ပြည်သူများအကြား ဝေဖန်ထောက်ပြမှုများနှင့် ရင်ဆိုင်နေရသည်။
“ကျမတို့သိထားတာတော့ သူတို့ကရတဲ့ ငွေမဲကို ငွေဖြူဖြစ်သွားအောင် ဗန်းပြလုပ်နေတဲ့ သဘောပဲ။ သူတို့လုပ်တာတွေကလည်း ဘာအကျိုးမှ မရှိဘူး။ သူတို့နေတဲ့နေရာမှာ သူတို့ မိသားစုလုံခြုံပြီဆိုရင် သူတို့အတွက် အဆင်ပြေပြီပေါ့နော်။ တိုက်ပွဲတွေ ဖြစ်တဲ့ကြားမှာ သူတို့နဲ့ မဆိုင်သလိုပဲ နေလိုက်တယ်။ လူထုတွေ ခံစားရတဲ့ဟာ သူတို့စိတ်မဝင်စားဘူး။” ဟု ကရင်အမျိုးသမီးအစည်းအရုံး KWO ၏ တွဲဖက်အတွင်းရေးမှူး(၂) နော်အဲ့တမွီဖောက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့တွင် ရွှေကုက္ကိုလ်၌ ပြုလုပ်သည့် ပထမအကြိမ် ကရင်နှစ် သစ် ကူးပွဲ ဖြစ်မြောက်ရေး ညှိနှိုင်းအစည်းအဝေးတွင်လည်း BGF ခေါင်းဆောင်များအပြင် ဒီမိုက ရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)အဖွဲ့နှင့် နယ်မြေခံ KNU တာဝန်ရှိသူအချို့ တို့ တက်ရောက်ခဲ့ကြသည်။



















