စက်တင်ဘာ ၂၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့အတွင်းရှိ မင်းပြင်ရွာကို အာဏာသိမ်း စစ်တပ် အဖွဲ့ဝင်များက စက်တင်ဘာ ၂၈ ရက် ညဦးပိုင်းတွင် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီး နေသည်ဟု အနီးရှိဒေသခံများက ပြောသည်။
မင်းပြင်ရွာသို့ စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးနေသည့်အတွက် ရွာသားများ ရွာလုံးကျွတ် ထွက်ပြေးနေရ ပြီး၊ လူနေထိုင်ခြင်းမရှိသည့် နေအိမ်များကို ယခုလို မီးရှို့ဖျက်စီး နေခြင်း ဖြစ်သည်ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ယခုလို ပြောသည်။
“အဲ့ဒီရွာတွေက စစ်ကြောင်းခနခဏ ထိုးခံရတော့ ရွာလုံးကျွတ်ထွက်ပြေးနေရတာ။ အဲ့တော့ စစ်ကောင်စီဘက် ကမီးရိူ့တော့ ငြိမ်းပေးမဲ့သူလည်းမရှိဘူး။ မနေ့ညကမှ မီးစပြီး ရိူ့တာဆိုတော့ နေအိမ် တော်တော်များများ မီး လောင် သွားတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကျေးရွာမှ ဒေသခံများသည် ပလမြို့အတွင်းသို့ စစ်တပ်၊ တပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် တိုက်ခိုက် သည့် အချိန်မှစ၍ ရွာလုံးကျွတ်ဘေးလွှတ်ရာ နေရာများသို့ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ပုလောမြို့နယ် စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောသည်။
ထို့အပြင် မင်းပြင်ကျေးရွာသို့ဝင်ရောက်မီးရိူ့ ဖျက်ဆီးသည့် စစ်တပ်စစ်ကြောင်းကြောင့် အနီးဝန်းကျင်ရှိ ဒေသခံ များ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့နံနက်ပိုင်းတွင် ဒေသအခြေစိုက်တော်လှန်ရေးတပ်နှင့် နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဓိကက ဒီဘက်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ pdf နဲ့ ပူးပေါင်းစစ်ကြောင်းတွေ လှုပ်ရှားနေတာမျိုး တွေရှိတော့ အခုလိုစစ်တပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်။ နောက်တစ်ခုက အဲ့ဒီမင်းပြင်ရွာ အနီးတဝိုက်မှာလည်း ဒေသခံတစ်ချို့တဝက် နေထိုင်နေကြတာမျိုးလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ပုလောမြို့ဝင် လမ်းများအားလုံးတွင် စစ်ဆေးရေးဂိတ်ပေါင်း ၇ ခုထက် မနည်းရှိနေပြီး ယခုရက်ပိုင်း အတွင်း လုံခြုံရေး တိုးမြှင့်ချထားကာ ဒေသခံများသယ်ဆောင်သည့် ကုန်ပစ္စည်းများကို အသေးစိတ်ရှာဖွေ စစ်ဆေး ခြင်းများ ပိုမိုလုပ်ဆောင်လာနေကြောင်း ၎င်းလမ်းပိုင်းကို အသုံးပြုနေသည့် ဒေသခံတစ်ဦးက ပြောသည်။



















