စက်တင်ဘာ ၂၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက်ရှိ တော်လှန်ရေးတပ်များနှင့် အာဏာသိမ်း စစ်တပ်တို့ နှစ်ဘက် စစ်ဆိုင်ထားခြင်း မရှိသည့် လေးကေကော်အနီးရှိ ကျေးရွာများကို စစ်တပ်ကဗုံးကြဲခြင်းနှင့် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများ ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။
လေးကေကော်မြို့သစ်ကို စစ်တပ်က လက်နက်ကြီး၊ မစ်ဇိုင်းဒုံးများ ပစ်ကူယူကာ မြေပြင်စစ်ကြောင်းထိုးနေ သော်လည်း ထိခိုက်သေဆုံးမှုများပြီး စစ်ကြောင်းပျက်ချိန်တွင် ယခုလို နှစ်ဘက် စစ်ဆိုင်ထားခြင်းမရှိသည့် ရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။
“အခုတလော စစ်ဖြစ်နေတာက လေးကေကော်ဘက်လေ၊ အခုကရွာတွေဘက်လာ ဗုံးချနေတယ်။ အခု ၂၆ ရက် က ဖလူးကို ဒရုန်းနဲ့ ဗုံးသီးချတယ်။ ဘုန်ကြီးကျောင်း စာသင်ကျာင်းထိတယ်။ နောက် ၂၇ ရက်ညမှာ မင်းလက်ပံ ဘုန်းကြီး ကျောင်းကိုထပ်ပြီး ချတယ်။ လူတွေရှောင်နေရလို့မထိတာ။ ပြီးတော့ ၂၈ ညနေမှာတော့ ဗုံးကြဲတယ်၊ ဂျက်ဖိုက်တာနဲ့ ၂ လုံး။ မယ်ထော်သလေးနဲ့ လေးကေကော် အစပ်နားကျတယ်၊ လူတော့မထိဘူး။ အခုစစ်ရှောင် တွေရော၊ ရွာသားတွေရော သောင်ရင်းမြစ်ဘေးရှောင်နေရတယ်” ဟု ဖလူးကျေးရွာ တာဝန်ရှိသူတစ်ဦးက ပြော သည်။
စစ်တပ်က လေးကေကော်ဒေသကို ပြန်ထိမ်းချုပ်နိုင်ရေး စစ်ကြောင်းထိုးနေသော်လည်း ထိခိုက်သေဆုံးမှုများ လာ၍ စစ်ကြောင်းရှေ့မတိုးနိုင်သေးဘဲ မြဝတီမြို့ရှိ ခြေလျင်တပ်ရင်း (ခလရ ၂၇၅) တပ်နှင့် ကျောက်ဂူတောင်ရှိ စခန်းမှ လက်နက်ကြီး ဆက်တိုက်ပစ် တိုက်ခိုက်မှုသာ ဆက်လုပ်နေသည်ဟု တော်လှန်ရေးတပ် ရှေ့တန်း သတင်းရင်းမြစ်က ပြောသည်။

“၃ ရက် ရှိပြီး။ မြေပြင်မှာတော့ စစ်တပ်၊ တပ်သားသစ်တွေ ထပ်မတက်လာသေးဘူး။ လက်နက်ကြီးကတော့ ၂၇၅ က ပစ်တာ၊ ကျပေါက်နေတာတော့ ဆက်ရှိနေတယ်။ ထီးမယ်ဝါးခီးမှာဘဲ စစ်ဆိုင်နေတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ မြဝတီမြို့နယ်အတွင်း သင်္ဃန်းညီနောင်၊ အာရှလမ်း၊ ဒေါနတောင်ကျော်လမ်းဟောင်း၊ လေးကေကော် မြို့သစ်နှင့် ဝေါလေ စစ်ဗျူဟာကုန်းနေရာများဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ် စစ်ကြောင်းများနှင့် စစ်တပ်တို့ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ကေအိုင်စီ မြေပြင်သတင်း ရင်းမြစ်များက ပြောသည်။
ထို့အပြင် ကြာအင်းဆိပ်ကြီး၊ သံပုရာ၊ ချောင်းနှစ်ခွ ဘက်နှင့် ကော့ကရိတ် ကမိုင်ကုန်း၊ ရွာသစ်ကုန်းရွာ၊ ကျုံဒိုး ကျုံဘိုင်း၊ ချောင်းဖျား ကျေးရွာဘက် တွင်လည်း KNLA မဟာမိတ်တပ်များနှင့် စစ်တပ်၊ DKBAခွဲထွက် ဗိုလ်ဘိ တပ်ဖွဲ့ များတို့ ပစ်ခတ်တိုက်ခိုက်မှု ဆက်ဖြစ်နေသည်ဟု သိရသည်။



















