စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံ -လှိုင်းဘွဲ လမ်းပိုင်းတစ်လျှောက်ရှိ လမ်းမကြီးပေါ်တွင် နယ်ခြားစောင့်တပ်- BGF အပါအဝင် အာဏာသိမ်းစစ်တပ်များ၏ လုံခြုံရေးစစ်ဆေးမှုဂိတ်များတွင် ယာဉ်သွားယာဉ်လာများနှင့် ခရီးသွား ပြည်သူများအား ယခင်ကထက် အစစ်အဆေး တင်းကြပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခုလမှစတင်၍ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့ချင်းဆက်လမ်းမများပေါ်တွင် စစ်တပ်နှင့် BGF များက စစ်ဆေးရေးဂိတ်များ ထပ်တိုး ဖွင့်လှစ်ထားပြီး ငွေကြေးကောက်ခံမှုများလုပ်ဆောင်နေသည့်အပြင် စစ်ဆေးမေးမြန်းမှုများလည်း ပိုမိုပြုလုပ်နေကြောင်း ဖြတ်သန်းသွားလာသူ ဒေသခံအမျိုးသမီးသမီးတစ်ဦးက ပြောသည်။
၎င်းက “စစ်ဆေးရေးဂိတ်တွေကတော့ တိုးလာတယ် ။ စစ်တပ်နဲ့ BGF အဖွဲ့စုံထိုင်ပြီး စစ်နေတာ ဂိတ်ဖြတ်ကြေးကောက်တာတွေလည်း လုပ်တယ်။ ဂိတ်တိုင်းလိုလိုကို လေးထောင် ငါးထောင် ပေးရတယ်။ စစ်မေးချင်တဲ့ ဂိတ်က မေးတာပဲ။ ရွာလမ်းကြား တချို့ဆို သူတို့လူတွေကို အရပ်ဝတ်နဲ့ လမ်းကင်းတွေ ကင်းပုန်းတွေလည်း ချထားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဖားအံ-မဲဘောင်လမ်းဆုံမှစ၍ တောင်ကလေး -မိဇံဂိတ်၊ ထီလုံ-ဒေါ်လန်း လမ်းဆုံ၊ ဒိုင်းပြ စသည့် လှိုင်းဘွဲမြို့ဝင်မြို့ထွက်များဂိတ်များအပြင် ထီလုံ-နဘူးလမ်းပေါ်တွင်လည်း စစ်တပ်၏ အဖွဲ့စုံဂိတ် နှစ်ဂိတ်ထပ်တိုးချထားသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
လက်ရှိတွင် ဖားအံ -လှိုင်းဘွဲ့လမ်းပိုင်းတစ်လျှောက်တွင် စစ်ဆေးရေး ဂိတ်များကို တိုးချဲ့ဆောက်လုပ်ကာ တားမြစ်စစ်ဆေးမှုများလုပ်ဆောင်သည့်အပြင် အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ဆန်အိတ် သယ်ယူခွင့်ကို ကန့်သတ်ထားကြောင်း မြို့ခံများထံမှ သိရသည်။
“အရင်လို အများကြီး သယ်လို့ မရတော့ဘူး။ အများဆုံး ၂ အိတ်လောက်ပဲ ကြားတယ်။ အိမ်သုံး အတွက် လောက်ပဲ ရတာပေါ့။ ဆိုင်တွေမှာ တင်ရောင်းဖို့တော့ အဆင်မပြေတော့ဘူး” ဟု နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်တပ်၏ ယခုလို ဆန်သယ်ဆောင်မှု ကန့်သတ်မှု လုပ်ဆောင်ခြင်းသည် မြို့နယ်အတွင်း ဝင်ထွက်သွားလာလှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ရိက္ခာဖြတ်တောက်စေလိုသောကြောင့် ခွင့်ပြုချက်မရှိဘဲ ဆန်သယ်ယူပို့ဆောင်ခြင်း ၊ သိုလှောင်ခြင်းများ မပြုလုပ်ရန် ယခုလဆန်းပိုင်းတွင် စစ်အုပ်စုလက်အောက်ခံ မြို့နယ်ထွေအုပ်က အမိန့်ထုတ်ပြန်ထားသည်ဟု ဒေသတွင်း သတင်းဖော်ပြချက်အရ သိရသည်။
လတ်တလောတွင် ဖားအံခရိုင်၊ ဒုံရင်းမြို့နယ်အတွင်းရှိ KNU ထိန်းချုပ်နယ်မြေတချို့တွင်လည်း BGF တပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲနေထိုင်ခြင်းနှင့် အာဏာသိမ်းစစ်တပ်များက အင်အားတိုးချဲ့ မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များက ပြောသည်။



















