စက်တင်ဘာ ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ ကုလအေဂျင်စီများ၏ အကူအညီများကို စစ်တပ်ကဟန့် တားနေ၍ ရောက်ရှိရန် ခက်ခဲနေသေးသည်ဟု ကရင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ရေးရာကော်မတီ-CIDKP ၏ ဒုညွန်ကြားရေးမှူး စောခဲလေက ပြောသည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် လည်းလူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပေးနိုင်ရေးအတွက် ကန့်သတ်ချက်များ ရှိနေသောကြောင့် အဓိကလိုအပ်နေသည့် ပြည်သူများထံ ဘေးကင်းလုံခြုံစွာ သွားရောက်ကူညီနိုင်ခွင့်လည်း မရရှိကြောင်း UNOCHA မြန်မာ၏ စက်တင်ဘာ ၂၄ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
စစ်အုပ်စုက တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာများကို ရန်သူ့နယ်မြေဟု သတ်မှတ်ကာ ဗုံးကြဲတိုက်ခိုက်နေသလို ထိုပဋိက္ခဒေသရှိ ပြည်သူများကို ကူညီပေးမည့် ကုလ အေဂျင်စီမှန်သမျှ စစ်အုပ်စုက နည်းမျိုးစုံဖြင့် တားဆီး နေခြင်း ဖြစ်သည်ဟု စောခဲလေက ပြောသည်။
“UN အေဂျင်စီ အားလုံးကိုတော့ ဝါးလုံးရှည်နဲ့ မရမ်းချင်ဘူး။ စစ်ရှောင်အတွက် ကျနော်တို့နဲ့ သွယ်ဝိုက်ပြီး အလုပ် လုပ်တဲ့ UN အေဂျင်စီ ရှိတယ်။ စကစနဲ့ လက်မှတ်ထိုးတဲ့ UNအေဂျင်စီနဲ့က အဆင်မပြေဘူး။ သူတို့ လက်လှမ်း မှီတဲ့ သဘာဝဘေးဒဏ် ကိစ္စကိုတောင်မှ ကူညီတဲ့ပစ္စည်းတွေကို စစ်အုပ်စုလူတွေက သိမ်းလိုက်တာက အင်မတန် ရုပ်ဆိုးတဲ့ကိစ္စ။ အဲဒါကြောင့် ဒီဘက် အနောက်မြောက်၊ အရှေ့တောင်ပိုင်းဒေသဆိုရင် သူတို့ ဝင်ရောက်ထောက်ပံ့ နိုင်ဖို့က မဖြစ်နိုင်ဘူးလို့ မြင်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ကမ္ဘာ့နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုဆိုင်ရာ ရံပုံငွေ လိုအပ်ချက် ပြည့်မှီမှု အနည်းဆုံး နိုင်ငံ တစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီစဉ် (HNRP)အတွက် ယနေ့ အချိန်ထိ ရံပုံငွေ ၁၂ ရာခိုင်နှုန်းသာ ရရှိထားကြောင်း UNOCHA မြန်မာက ပြောသည်။

မြန်မာ နိုင်ငံတစ်ဝန်းတွင် လူဦးရေ ၃ ဒသမ ၆ သန်းနီးပါးခန့်က နေရပ်စွန့်ခွာ နေထိုင်ရပြီး ယခုစက်တင်ဘာလထဲ တွင် ဆက်လက်ဖြစ်ပွာနေသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုပိုများလာကာ ယခင်ကတည်းက ဆိုးရွားနေခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေကို ပိုမိုခက်စေသည်ဟု ဆိုသည်။
၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ထဲတွင် လူဦးရေ ၃ ဒသမ ၅ သန်းကို သာ အရေးပေါ်အကူအညီပေးနိုင်ခဲ့သလို ရံပုံငွေ အကြီးအကျယ် မလုံလောက်မှုကြောင့် လူသန်းပေါင်းများစွာ လူမှုဘဝ ရပ်တည်ရှင်သန်နိုင်ရေးအတွက် အကူအညီ မပေးနိုင်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယခုလို ရံပုံငွေရမှု နည်းပြီး မြေပြင် လိုအပ်ချက်အလွန်များ၍ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ပေးရန် ခက်ခဲနေသည်ဟု CIDKP က မှတ်ချက်ပြုပြောသည်။
ထို့အပြင် ပဋိပက္ခကြောင့် အရပ်သားများ သေဆုံးမှုများလာပြီး အရပ်သားကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ကိစ္စ များလည်း ပိုဆိုးလာသည်ဟု UNOCHA မြန်မာက ပြောသည်။
ထို့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းများ တိုက်ခိုက်ခံရပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ ထိခိုက် သေဆုံးနေသလို စာသင်ချိန်ပျက်ပြီး ကလေးငယ်များ အသက်အန္တရာယ်ကြုံနိုင်ခြေ ပိုများလာကြောင်း၊ ထို့ကြောင့် ပညာရေးအဆောက်အဦး တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရန် လိုအပ်သည်ဟု အစီရင်ခံစာ၌ အကြံပြုထားသည်။



















