Home သတင်း မြဝတီ အမှတ် ၂ တံတားတွင် ထိုင်းကုန်စည်တင်သွင်းခွင့် ပိတ်ထား၍ ကုန်ကား ၅၀၀ ခန့် ရပ်တန့်နေရ

မြဝတီ အမှတ် ၂ တံတားတွင် ထိုင်းကုန်စည်တင်သွင်းခွင့် ပိတ်ထား၍ ကုန်ကား ၅၀၀ ခန့် ရပ်တန့်နေရ

1073

ဩဂုတ် ၁၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ နှစ်နိုင်ငံ ချစ်ကြည်ရေး အမှတ်-၂ တံတားတွင် ထိုင်းကုန်စည် တင်သွင်းခွင့် ပိတ်ထား၍ ကုန်ကား အစီး ၅၀၀ ခန့် ရပ်တန့် စောင့်ဆိုင်းနေရသည်ဟု နှစ်နိုင်ငံကုန်သွယ်နေသည့် ကုန်သည်များ က ပြောသည်။

ထိုင်းကုန်တင်ကားများ အနေဖြင့် မဲဆောက်မြို့ဘက်ခြမ်း တံတား အမှတ် ၂ နေရာ၊ ကုန်စည် ကားရပ်နားဝန်းနှင့် ကုန်တင်ကုန်ချကွင်း နေရာများတွင် ကားအစီး ၅၀၀ ခန့် ဩဂုတ် ၅ ရက်နေ့မှစ၍ မြန်မာပြည်ဘက် တင်သွင်းခွင့် မရဘဲ ရပ်တန့် ထားရသည်ဟု ကုန်သည်တစ်ဦးက ယခုလို ပြောသည်။

“ထိုင်းကုန်တွေ ဖားအံ သံလွင် တံတားမှာ လွှတ်ပေးတဲ့ကိစ္စကြောင့် တိုင်းမှုးနဲ့ ဌာနဆိုင်ရာတွေ ဖမ်းလိုက်ကတည်း က တံတား၂ မှာ လိုင်စင်ကုန်၊ ပါမစ်ကုန်၊ ဂျူတီကုန်ပါ ပိတ်ခိုင်းထားတော့ ကုန်တွေ မြန်မာဘက် ကူးမရတော့ဘူး။ အခုဆို ၁၅ ရက်ကျော်ပြီးလေ မဲဆောက်ဘက်မှာ ကုန်ကားတွေ ရပ်နေတာ။ စစ်တပ်က ထပ်ပြီး ပစ္စည်း ၃၅ မျိုး တင်သွင်း ခွင့်ကန့်သတ်လိုက်တော့ သွင်းလာမယ့်ကုန်တွေမှာ အဲ့လို ကန့်သတ်ကု‌န်တွေ ရောနေတာဆိုတော့ လိုင်စင်၊ ပါမစ်တွေ ပြန်လုပ်ရမယ်ထင်ပါတယ်၊ အရင်လို မရတော့ဘူး” ဟု ၎င်းက ပြောသည်။

ယနေ့ ဩဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းအထိ ထိုင်းကုန်စည်များ မြန်မာဘက်သို့ တင်သွင်းခွင့် ရပ်နားထားဆဲ ဖြစ်သည်။ သို့သော် မြန်မာ ဘက်မှ ထိုင်းနိုင်ငံသို့ ကြက်သွန်၊ ငရုပ်သီး၊ ပဲ၊ ဆန်နှင့် ဟင်းသီးဟင်းရွက်၊ သား၊ ငါး စသည့် အိတ်စပိုစ့် မြန်မာစားသောက်ကုန်များ ထိုင်းဘက်သို့ တင်ပို့နေသည်ဟု သိရသည်။

“ထိုင်းကုန်က အောက်ဂိတ်ရော၊ အပေါ် တံတား၂ ရော ကုန်မကူး တော့ဘူး၊ မြန်မာ ကုန်တွေတော့ အိတ်စပိုစ့် တင်တာ၊ လိုင်စင်ပစ္စည်းတွေ ပို့လို့ရတယ်၊ ဒါတောင် ကုမ္ပဏီ နာမည်ရှိပေမယ့် BGF/DKBA / Pc အဖွဲ့တွေရဲ့ ခေါင်း စဉ်နဲ့ မှအဆင်ပြေတယ်။ ထိုင်းကုန်က ဖားအံ၊ မော်လမြိုင်မှာ ဖမ်းနေတာဆိုတော့ ကုန်တွေ မဆင်းဘူး” ဟု မြဝတီ မြို့ခံစီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုလို ထိုင်းကုန်စည်များ မြန်မာဘက်သို့ တင်ပို့ခွင့် မရသေးသည့် အခွန်ဆောင်းထားသည့် ပစ္စည်းများကို ဂိုထောင်များ အတွင်း ရက်ရှည်ထား စောင့်ဆိုင်း၍ ရသော်လည်း၊ ကုန်သေတ္တာ(ကွန်တိန်နာ) များ ဖြင့် တင်ဆောင်ထားသည့် ကုန်များသည် ကွန်တိန်နာ ငှားခ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ရပ်နားခများ ကုန်ကျစရိတ် နေ့စဉ် ရှိ၍ အခက်အခဲဖြစ်နေသည်ဟု သိရသည်။

ထို့အပြင် မြန်မာဘက်အခြမ်း မြဝတီမြို့သို့ ရောက်ရှိနေပြီး ဖြစ်သည့် ထိုင်းကုန်စည်များကိုလည်း စစ်တပ်က တင်သွင်းခွင့် ကန့်သတ်လိုက်သည့် ကုန်ပစ္စည်း ၃၅ မျိုးပါ တင်သွင်းခွင့် မရတော့သည့် ကုန်စည်များပါဝင် နေသည့် အတွက် မြဝတီမြို့ကုန်တင်၊ ကုန်ချ ဂိုထောင်များ၌ လတ်တလော သိုလောင်ထား နေရာသည်ဟု ကုန်သည်များ ထံမှ သိရသည်။