ဩဂုတ် ၁၆ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ
ထိုင်း–မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အိမ်နီးချင်း သားအမိကို မူးယစ်ဆေးကြောင်ပြီး ဓားဖြင့် ခုတ်ခဲ့သူ အသက် (၃၀) နှစ်ဝန်းကျင်အရွယ် အမျိုးသား စောဖာ့ပီးလီးအား ဒေသခံ၏ သတင်းပေးမှုဖြင့် ဩဂုတ်လ ၁၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မယ်လ ဒုက္ခသည်စခန်း ဇုန် C-5 တွင် နေထိုင်သည့် အဆိုပါ ပြစ်မှုကျူးလွန်သူ အမျိုးသားသည် အိမ်နီးချင်းနေထိုင်သူ သားအမိ နှစ်ဦးအား ဩဂုတ်လ ၁၄ ရက်နေ့တွင် အကြောင်းပြချက်မရှိ ဓားဖြင့် ခုတ်ခဲ့ပြီး၊ ကျူးလွန်ခံရသူ၏ လက်တို့တွင် ဓားဖြတ်ရှ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။
အမှုကျူးလွန်ပြီးနောက် ဒုက္ခသည်စခန်းမှ ထွက်ပြေးသွားသူ အဆိုပါပြစ်မှုကျူးလွန်သူအား နယ်မြေခံ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းအရင်းအမြစ်မှ သိရှိရသည်။ ထိုအချက်ကို မယ်လစခန်း ဥက္ကဋ္ဌ စောဆန်းဒေးကလည်း အတည်ပြု ပြောသည်။
မယ်လ ဒုက္ခသည်စခန်းတွင် မူးယစ်ဆေး သုံးစွဲမှု၊ ရောင်းချမှုအဖြစ်များလာပြီး ယခု ဩဂုတ်လအတွင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား (ရာဘ) အမှု (၃) မျိုးကို ဖမ်းဆီးဖော်ထုတ်မိခဲ့ကြောင်း စခန်းတာဝန်ရှိသူ၏ ပြောပြသည်။
ထိုင်းအာဏာပိုင်များဘက်ကလည်း စခန်းတွင်း မူးယစ်ဆေးအသုံးများလာခြင်းကြောင့် မူးယစ်ဆေး တိုက်ဖျက်ရေးအတွက် စီမံချက် ချမှတ်ထားပြီး ညအချိန်မတော် ထွက်သည့် မသင်္ကာသူများကို ဆီးစစ်ခိုင်းသော လုပ်ငန်းများကို ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မူးယစ်ဆေးသုံးစွဲမှု အတည်ပြုနိုင်ပါက ဒဏ်ငွေ ဒဏ်ရာခံအရေးယူလေ့ရှိကြောင်းလည်း စခန်းတာဝန်ရှိသူထံမှ သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလပိုင်းတွင်လည်း မယ်လစခန်း၌ နေထိုင်သည့် အသက်မပြည့်သေးသူ လူငယ်တစ်ဦးက မူးယစ်ဆေးကြောင်ပြီး မိခင်ဖြစ်သူအား ဓားဖြင့် ခုတ်သောအမှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သေးသည်။



















