ဩဂုတ် ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းစစ်အုပ်စု၏ ဖိနှိပ်မှုကြောင့် နိုင်ငံတွင်းမှပြင်ပသို့ တိမ်းရှောင်ကာ ရေရှည်နေထိုင်ကြရမည့် သတင်းသမား၊ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများ လုံခြုံရေးနှင့် အကာအကွယ်ပေးအရေးပေါ် အကူအညီအား လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ထံတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
နိုင်ငံပြင်ပတွင် တရားမဝင်နေထိုင်ကြရမည့် မီဒီယာသမားတစ်ဦးချင်းအနေဖြင့် ပြည်တွင်းပြည်ပ ရွှေ့ပြောင်းနေထိုင်မှုအတွက် ကုန်ကျစရိတ်အပါအဝင် တရားဝင်နေထိုင်ခွင့်အထောက်အထား ရရှိရန်အတွက်ပါ ကူညီထောက်ပံ့သွားမည်ဖြစ်သည်ဟု ယနေ့ (ဩဂုတ်လ ၁၅ ရက်) ဖြင့် ထွက်ရှိလာသည့် IPCM ထုတ်ပြန်ချက်က ဖော်ပြထားသည်။
“သတင်းအလုပ်လုပ်ရင်းနဲ့ ကိုယ့်ရဲ့လုံခြုံရေးကို ထိပါးလာလို့ အရေးပေါ်ရှောင်တိမ်းရတဲ့သူတွေကိုကူညီပေးတဲ့အစီအစဉ်ပါ။ ပြည်တွင်းကရော၊ ပြည်ပရောက်နေတဲ့သူတွေရောပါပါတယ်။ အဓိက သတင်းလုပ်ငန်းကြောင့် ဒုက္ခရောက်ရတဲ့သူတွေပါပဲ။ ပြည်ပနိုင်ငံကို ထွက်လာရသူတွေအတွက် အရေးပေါ်ယာယီနေစရာလိုတဲ့အခါ အကူအညီပေးမှာကို ပြောတာ။” ဟု IPCM ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ကေအိုင်စီကို ပြောသည်။
လျှောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးရာဇဝင်အပါအဝင် မိမိ၏နောက်ခံအချက်အလက်များကို IPCM ထံ အီးမေးလ်ပို့လျှောက်ထားနိုင်မည်ဖြစ်ပြီး မိမိလုပ်ကိုင်ခဲ့သော သတင်းနှင့် သက်ဆိုင်သည့် သတင်းလင့်ခ်ကဲ့သို့ အထောက်အထားများကိုလည်း တပါတည်းရေးသားတင်ပို့ရန်ဖြစ်ကြောင်း သိရသည်။

ပေးပို့လာသည့် လျှောက်လွှာများအား IPCM တွင် တာဝန်ယူထားသည့် ကော်မတီအဖွဲ့ဝင် တာဝန်ရှိသူများမှ စိစစ်ရွေးချယ်မည်ဖြစ်ပြီး ရှိထားသည့် ရန်ပုံငွေသတ်မှတ်ချက်အထိ ရယူနိုင်မည်ဟု IPCM က ဆိုသည်။
ဦးတိုးဇော်လတ်က “လူဦးရေတော့ ကန့်သတ်ထားတာ မရှိဘူး။ ရန်ပုံငွေရှိသလောက်ပဲ။ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူမျိုးတွေကို ထောက်ပံ့နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ ဘတ်ဂျက်ရှိသလောက်ဆိုပေမယ့် ဒီအစီအစဉ်က ရေရှည်သွားဖို့များတယ်။ မဖြစ်မနေကူဖို့လိုလာပြီဆိုရင် ကျနော်တို့ ထပ်ရှာသွားရမှာပါ။” ဟု ဖြည့်စွက်ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း သတင်းကျင့်ဝတ်၊ လုပ်ငန်းစဥ်အတိုင်း ရေးသားဖြန့်ချိနေသည့် သတင်းသမား၊ မီဒီယာအလုပ်လုပ်ကိုင်သူများမှာ စစ်အုပ်စုက ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချ၊ သတ်ဖြတ်နှိပ်စက်ခြင်းနှင့် သတင်းလွတ်လပ်ခွင့်မရှိခြင်းတို့ကြောင့် နယ်စပ်နှင့် ပြည်ပနိုင်ငံများသို့ ရှောင်တိမ်းရပ်တည်ရန် ဖိအားပေးခံနေရသည်။
၂၀၂၃ နှစ်ကုန်တွင် သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများအခွင့်အရေးအတွက် ဖွဲ့စည်းခဲ့သည့် IPCM အနေဖြင့် ဖမ်းဆီးခံသတင်းသမားများ ပြန်လည်လွတ်မြောက်ရေးနှင့် မြန်မာ့မီဒီယာလွတ်လပ်ခွင့်အတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သလို စားဝတ်နေရေး ကြပ်တည်းသည့် မီဒီယာအလုပ်လုပ်ကိုင်သူများကို ငွေကြေးအားဖြင့် ထောက်ပံ့ကူညီမှုများလည်း ပြုလုပ်ခဲ့သေးသည်။



















