Home သတင်း မယ်လစခန်းတွင် ဆေးကြောင်ပြီး ဓားခုတ်မှုဖြစ်ပွား ကျူးလွန်သူ ထွက်ပြေးနေ

မယ်လစခန်းတွင် ဆေးကြောင်ပြီး ဓားခုတ်မှုဖြစ်ပွား ကျူးလွန်သူ ထွက်ပြေးနေ

802
Photo: (ထိုင်းတာဝန်ရှိသူများ စခန်းတွင်းမူးယစ်ဆေး စစ်ဆေးဖမ်းဆီးနေမှု ပြုလုပ်နေသည်ကို တွေ့ရစဉ်)

ဩဂုတ် ၁၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်းတွင် ဩဂုတ် ၁၄ ရက် နေ့တွင် မူးယစ်ဆေးကြောင်နေသူ လူငယ်တစ်ဦးက ဓားခုတ်မှုတစ်ခုကျူးလွန်ပြီးနောက် ထွက်ပြေးသွားသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

ယခုလို ဓားခုတ်မှု ကျူးလွန်သူသည် ဇုံ C-5 တွင် နေထိုင်သူ အသက် ၃၀ နှစ်အရွယ် စောဖာ့ပီးလီး ဖြစ်ကာ အိမ်နီးချင်း သားအမိနှစ်ဦးကို ရန်ငြိုးတစ်စုံတစ်ရာမရှိဘဲ ဆေးကြောင်ပြီး ဓားဖြင့်ခုတ်ခြင်းဖြစ်သည်ဟု စခန်း ဥက္ကဌ စောဆန်းဒေးက ပြောသည်။

“သိရသလောက်တော့ အချင်းချင်း စကားများတာလဲ မရှိဘူး ။ အဲဒီလူက မူးယစ်ဆေး သုံးတာများတယ်။ အမျိုးအစား လဲများတော့ ကြောင်သွားတယ်။ ဦးနှောက်သိပ့် အလုပ်မလုပ်ဘူး ။ ထွက်ပြေးသွားတော့ ကျနော်တို့ တွေ လိုက်ဖမ်းမမိသေးဘူး။ မယ်လမှာ ဒီလအတွင်းဆိုရင် မြင်းဆေး အမှု ၃ မှုတောင် ဖမ်းထားတယ်။ ကြည့်ရတာ သူတို့သုံးစွဲသူနဲ့ရောင်းချသူ လမ်းကြောင်း ချိတ်ဆက်မှု လမ်းကြောင်းများများ ရှိမယ်ထင်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို ဓားဖြင့် အခုတ်ခံရသူ သားအမိ ၂ ဦးသည် အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း လက်တို့တွင် ဒဏ်ရာ ပြင်းထန်သည်ဟု သိရသည်။

ထို့အပြင် ယနေ့ ဩဂုတ် ၁၅ ရက်နေ့တွင်လည်း ထိုရပ်ကွက် ဇုံ C-5 ရှိ နေအိမ်တစ်အိမ်၌ WY စိတ်ကြွ ရူးသွပ်ဆေး (မြင်းဆေး) အလုံး ၇၀၀ ကျော် ဖမ်းဆီးရမိကာ ရောင်းချသူ အမျိုးသမီးကိုလည်း ထိုင်းအာဏာဘက်မှ ဖမ်းဆီးသွား ကြောင်း စခန်းတွင်းနေထိုင်သူများက ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါး ရောင်းချခြင်းနှင့် သုံးစွဲသူ များလာနေသည်ဟု စခန်းတွင်းနေထိုင်သူ များထံမှ သိရသည်။ ထို့အပြင် စခန်အတွင်း ပစ္စည်း ခိုးမှုများလည်း ဆက်တိုက်ဖြစ်ပွား လာသည့်အတွက် ရပ်ကွက် အတွင်း နေထိုင်သူများ သတိနှင့် နေထိုင်နေရကြောင်း သိရသည်။