Home သတင်း မြဝတီမြို့ ကရင်ရိုးရာလက်ချည်ပွဲ လူထုထောင်ချီ ပါဝင်ဆင်နွှဲ

မြဝတီမြို့ ကရင်ရိုးရာလက်ချည်ပွဲ လူထုထောင်ချီ ပါဝင်ဆင်နွှဲ

749

ဩဂုတ် ၈ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ရှိ ကရင်အမျိုးသားထာဝရ နှစ်သစ်ကူးကွင်း၌ ယနေ့ (ဩဂုတ် ၇ ရက်) ကရင်လက်နက်ကိုင်အဖွဲ့များ စုပေါင်းကျင်းပသည့် (၂၄) ကြိမ်မြောက် ရိုးရာလက်ချည်ပွဲကို လူထုပရိသတ်ထောင်နှင့်ချီ ပါဝင်တက်ရောက် ဆင်နွှဲခဲ့ကြသည်။

မြဝတီမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးကော်မတီက ဦးဆောင်ပြီး ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ စုပေါင်းပါဝင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ခံတစ်ဦးက “ဒီနှစ်သစ်ကူးကွင်းမှာပဲ လုပ်ဖြစ်တယ်။ အရင်နှစ်တွေကတော့ လူကြီးတွေက သဘောထားလောက်နဲ့ပဲ လုပ်ကြတာဖြစ်လို့ သိပ်မစည်ဘူး။ အခုနှစ်က လူပိုများတယ်။ လူ ၄,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒါတောင် နယ်မြေ မအေးချမ်းလို့ ရွာကလူတွေ မလာနိုင်ကြတာ။ မြို့ခံလူထုတွေကပဲ လာနိုင်ကြတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့များ စုပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်းဆိုသော်လည်း၊ အခမ်းအနားတွင် KNU မှလွဲ၍ ကျန်ရှိသည့် ကရင်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များ၊ ကရင့်လက်နက်ကိုင်အဖွဲ့ နာယက ဆရာတော်နှင့် သံဃာတော်များ၊ စစ်အုပ်စုအရာရှိများ၊ လက်အောက်ခံ ဝန်ထမ်းများနှင့် မြို့ခံလူထု ၄,၀၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သက်ဆိုင်ရာ ခေါင်းဆောင်များက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး ချည်ဖြူ ထုံးဖွဲ့သည့်အစီအစဉ်များ၊ ရိုးရာအကအလှဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ထူးချွန်သော ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုဆုများလည်း ပေးအပ်ခဲ့သည်။

နှစ်စဉ် ဝါခေါင်လတွင် ကရင်လူမျိုးများသည် ချည်ဖြူထုံးဖွဲ့သည့် ရိုးရာကို အစဉ်အလာမပျက် ကျင်းပပြုလုပ်လေ့ရှိသည်။ ကရင်ရိုးရာ လက်ချည်ဖြူဖွဲ့ မင်္ဂလာပွဲတွင် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ကြံပိုင်း၊ ရေ နှင့် ချည်ဖြူ စသည့် ပစ္စည်း (၇) မျိုး ပါဝင်ပြီး တစ်ခုချင်းစီတွင် အနက်အဓိပ္ပာယ်များရှိသည်။

မြဝတီမြို့၌ ကရင်ရိုးရာလက်ချည်ပွဲ ပြုလုပ်လာသည်မှာ (၂၄) ကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်တွင် ယခင်နှစ်များထက် ပို၍ခမ်းနားကြောင်း ဦးဆောင်ကျင်းပသူများက ပြောသည်။