Home သတင်း အဖွဲ့ဝင်များကို ခေါ်ဆောင်သွားသည့်ကိစ္စ ဆက်သွယ်ညှိနှိုင်းသင့်ဟု KTLA ဦးစီးချုပ်ပြော

အဖွဲ့ဝင်များကို ခေါ်ဆောင်သွားသည့်ကိစ္စ ဆက်သွယ်ညှိနှိုင်းသင့်ဟု KTLA ဦးစီးချုပ်ပြော

432
Photo: KTLA

ဇူလိုင် ၁၆ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်အနီး အခြေချထားသည့် ကော်သူးလေအာမီ-KTLA၊ ဗိုလ်စောကော်ကညောနှင့် တပ်ဖွဲ့ဝင်များကို ခေါ်ဆောင်သွားသည့်ကိစ္စ တပ်ဖွဲ့အချင်းချင်း ဆက်သွယ်ညှိနှိုင်းလာသင့်သည်ဟု KTLA ဦးစီးချုပ်စောနယ်ဒါးမြက ကေအိုင်စီသို့ ပြောသည်။

ယခု ဇူလိုင် ဒုတိယအပတ်အတွင်း နယ်မြေကို အပြည့်အဝစီမံအုပ်ချုပ်နိုင်ရေးအတွက် စစ်ကောင်စီစခန်းများကို ဦးဆောင်တိုက်ထုတ်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က အဆိုပါနယ်မြေအတွင်းရှိ KTLA အဖွဲ့ဝင်တစ်ချို့ကို ခေါ်ဆောင်သွားသည့် ဖြစ်စဉ် ၂ ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များမှာ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဝင် ရဲဘော်များအတွက် ဇူလိုင် ၁၂ ရက်နေ့တွင် ထောက်ပို့ အဖွဲ့ဝင်များက ထမင်းချက်နေစဉ် KTLA အဖွဲ့ဝင် တချို့အရက်မူးပြီး ရောက်ရှိလာကာ စားစရာတချို့ကို ခွင့်ပြု ချက်မရဘဲ ရမ်းကားယူဆောင်သွားသည့်အတွက် KNLA က ယခုလို ထိန်းသိမ်းထားခြင်း ဖြစ်သည်။

“အဲဒီလူ ၄ ယောက် အရက်မူးပြီးတော့ သူများ ကြက်ဥကို သွားယူစားတယ်။ သေနတ်ပစ်ဖောက်တယ်လို့ ပြော တယ်။ ဒါကိုတော့ အမှန်တကယ်ဖြစ်ရင် သင့်တော်တဲ့ အပြစ်ကို ကျနော်တို့ ပေးလို့ရတယ်။ ကျနော်တို့ကို အသိပေးလာမယ်ဆိုရင် ကောင်းတယ်ပေါ့။ ကျနော်တို့လည်း အဖွဲ့အစည်းတစ်ခု ရှိနေတဲ့အတွက်ပေါ့။ ဒါကိုတော့ ကျနော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပိုမို နားလည်ဖို့ပေါ့နော်” ဟု KTLA စစ်ဦးစီးချုပ် နယ်ဒါးမြက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကေအဲန်ယူ၊ ကော့ကရိတ်မြို့နယ် (မြဝတီမြို့တောင်ဘက် ဝေါလေဒေသ)၊ ထိုင်း-မြန်မာ နယ်စပ်အနီးရှိ KTLA ဗိုလ်စောကော်ကညောနှင့် အဖွဲ့ဝင်များကို စခန်းထဲသို့ ဝင်ရောက်လာခေါ်သွားသည့် ကိစ္စနှင့် ပတ်သက်၍ လည်း ဆက်သွယ်ညှိနှိုင်း ပြောဆိုသင့်သည်ဟု ၎င်းက ယခုလို ပြောသည်။

Photo: KTLA

“အခုက အဖွဲ့လိုက် လာဖမ်းသွားတယ်။ ကျနော်တို့ နေရာကိုလာဖမ်းသွားတာဖြစ်တယ်လို့ ကျနော်တို့ သိရတယ်။ လက်နက်မချရင် ပစ်သတ်မယ်ဆိုတဲ့ အခါကျတော့ ဒါက ရှေ့ဆက်အနာဂတ် ပူးပေါင်းလုပ်ဆောင်မှုအတွက် မကောင်းဘူးပေါ့။ ဘယ်လိုပဲဖြစ်စေ ကျနော်တို့ကို အကြောင်းကြားသင့်တယ်။ အခုက ဘာမှအကြောင်းမကြား ဘူး” ဟု KTLA ဦးစီးချုပ် စောနယ်ဒါးမြက ပြောသည်။

ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဝင်ရှေ့တန်းရောက် ရဲဘော်များအတွက် ထမင်းချက်နေရာသို့ လာရောက်နှောင့် ယှက်သည့်အတွက် KTLA အဖွဲ့ဝင် ၂၀ ဦးကျောက်ကို ခေါ်ယူထိန်းထားခြင်း ရှိသည်ဟု နယ်မြေ KNLA တပ်မှူး တစ်ဦးကလည်း ကေအိုင်စီသို့ အတည်ပြု ပြောဆိုထားသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းထားသော ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးပါက ကော်သူးလေတပ်တော် တပ်ဖွဲ့ဝင်များအား လွဲပြောင်းပေးအပ်ရန်နှင့် ပြစ်မှုကျူးလွန်ခဲ့သည့် မိမိတို့ တပ်ဖွဲ့ ဝင်များကို ကော်သူးလေတပ်တော် ဥပဒေအတိုင်း အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း KTLA ဗဟိုစစ်ဌာနချုပ်ရုံးက ယနေ့ ရက်စွဲဖြင့် စာထုတ်ပြန်ထားသည်။

အဆိုပါ ဒေသတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO နှင့် KTLA အဖွဲ့ဝင်များ အခြေချလှုပ်ရှားနေသည်ဟု သိရသည်။

ထို့အပြင် စစ်ရေးအရ ထိရောက်မှုရှိစေရေး ကရင်လက်နက်ကိုင်များ တစ်ဖွဲ့နှင့် တစ်ဖွဲ့ နှောင့်ယှက်ခြင်းမပြုရန် အခြေချ နေရာအတွင်းသာ လှုပ်ရှားရန် ကန့်သတ်ထားမှုများ ရှိသည်ဟု မြေပြင် အခြေအနေသိသူက ပြောသည်။