ဇူလိုင် ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မိုးလေဝသနှင့်ဇလဗေဒက ယနေ့နံနက်ပိုင်းအထိ သံလွင်မြစ်ရေတက်နှုန်းကို တိုင်းထွာချက်အရ ၁ ရက် အတွင်း မြစ်ရေဆက်လက်မြင့်တက်လာနိုင်၍ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုကြရန် ဇူလိုင်လ ၁၂ ရက် ယနေ့တွင် ထုတ်ပြန်ကြေညာသည်။
သံလွင်မြစ်ရေမှာ ဖားအံမြို့၏စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ အောက် ၁ ပေခန့်တွင် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်ကို ကျော်လွန်ရောက်ရှိလာနိုင်သဖြင့် မြစ်ရေမြင့် တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလက သတိပေးထားသည်။
လက်ရှိ သတင်းရေးသားချိန်အထိ ဖားအံတွင်မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး စိုးရိမ်ရေမှတ် အထက်ကိုမကျော်လွန်သေးပေ။ သို့သော်လည်း မိုးဇလ၏သတိပေးကြေညာချက်များအရ အရေးပေါ်အခြေအနေရှိလာပါက လုပ်ဆောင်ရန် ကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင်ထားသည်ဟု သံလွင်အနောက်-မာဃလူမှုကူညီရေးအသင်း၏တာဝန်ရှိသူက ပြောသည်။
“လောလောဆယ်တော့ ရေမရောက်သေးဘူး။ နောက်ရက်ဆိုရင်တော့ တက်နိုင်စရာရှိတယ်။ လောလော ဆယ်အထိ အနိမ့်ပိုင်းကလူတွေမရွှေ့ကြသေးဘူး။ ကျနော်တို့ကတော့ သက်ကယ်ဘောတို့ ဘာညာတို့ပြင်ဆင်ထားရတာပေါ့။” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ထို့အတူ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကလည်း ဖားအံမြို့၏စိုးရိမ်ရေမှတ်အထက် ၂၀၀ စင်တီမီတာကျော်အထိ မြစ်ရေမြင့်တက်ပြီး ဖားအံမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သောကြောင့် ထပ်မံရေကြီးမည့်အရေး စိုးရိမ်နေရသည်ဟု မြို့ခံများကဆိုသည်။
ဖားအံမြို့ခံတစ်ဦးက “မနှစ်ကလည်း ကမ်းနားနဲ့နီးတဲ့ရပ်ကွက်တွေအကုန်မြှုပ်တယ်။ အခုနေ့ တိုင်းမိုးကဆက်တိုက်ရွာ၊ မြစ်ရေတက်ပြန်ပြီ။ ရေကြီးဦးမယ်ထင်တယ် နေမှမထွက်တာ။ ရေကတကယ်တက်ရင် ရက်ပိုင်းပဲကြာတာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
မိုးလေဝသနှင့်ဇလဗေဒဘက်ကလည်း ယနေ့ညနေအထိ မြန်မာနိုင်ငံ တိုင်းဒေသကြီးအနှံ့အပြားတွင် မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပြီး အထူးသဖြင့် ကရင်ပြည်နယ်အပါအဝင် မွန်နှင့် တနင်္ဿာရီ တိုင်းဒေသကြီးဘက်တွင် နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်း ထုတ်ပြန်အသိပေးထားသည်။
ယမန်နှစ်က ဖားအံတွင် သံလွင်မြစ်ရေ ၉၆၈ စင်တီမီတာအထိရှိခဲ့ပြီး မြို့ပေါ်နေရာအများစုသာမက ရွာချင်းဆက်လမ်းများအပေါ်အထိ လမ်းရေကျော်ရောက်ရှိကာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုအခြေအနေဖြစ်ပေါ်ခဲ့သည်။



















